Spectrum နည်းဥပဒေကို ပြဋ္ဌာန်းနိုင်တော့မည်

Update-News_5.jpg

Spectrum နှင့်ပတ်သက်၍ ငှားရမ်းအသုံးပြုခများနှင့် အသုံးပြုရန် အသေးစိတ် အချက်အလက်များကို နည်းဥပဒေဖြင့် ပြဋ္ဌာန်းသွားမည်ဖြစ်ပြီး အဆိုပါ နည်းဥပဒေသည် လက်ရှိအချိန်၌ မူကြမ်းအဖြစ် ရေးဆွဲပြီးစီးခဲ့ပြီ ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မူကြမ်းပြီးစီးခဲ့ပြီဖြစ်သည့် Spectrum နည်းဥပဒေကို ရှေ့နေချုပ်ရုံးသို့ ပေးပို့ထားကြောင်း၊ လက်ရှိအချိန်၌ နည်းဥပဒေနှင့်ပတ်သက်၍ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ ကိုသာ ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း သိရသည်။

ဆက်သွယ်ရေးဥပဒေ ထွက်ရှိလာသည့်နောက်ပိုင်း နည်းဥပဒေ ၅ ခု ထွက်ရှိလာမည်ဖြစ်ပြီး အဆိုပါ နည်းဥပဒေများမှာ ၁။ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ ၂။ Spectrum နည်းဥပေဒ ၃။ Access and Interconnection နည်းဥပဒေ ၄။ Numbering နည်း ဥပဒေနှင့် ၅။ Competition နည်း ဥပဒေတို့ ဖြစ်သည်ဟု သိရသည်။

Spectrum နည်းဥပဒေ ထွက်ရှိမလာခင် ကာလ၌ Spectrum ငှားရမ်းအသုံးပြုခအနေဖြင့် တယ်လီကွန်း အော်ပရေတာများဖြစ်ကြသည့် Ooredoo နှင့် Telenor နှစ်ခုတည်းကိုသာ အစိုးရ အနေဖြင့် ငွေကြေးကောက်ခံထားပြီး အခြားသော ဆက်သွယ်ရေး အော်ပရေတာများနှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများကို Spectrum အသုံးပြုခ ကောက်ခံထားခြင်း မရှိသေးကြောင်း ဦးသန်းထွန်းအောင်က ပြောသည်။

Spectrum နည်းဥပဒေကို ပြဋ္ဌာန်းနိုင်ရန်အတွက် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ရှေ့နေချုပ်ရုံးနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်နေသည်ဟုသိရပြီး အဆိုပါ နည်းဥပဒေကို ITU အဖွဲ့အစည်းအပြင် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိအောင် ရေးဆွဲထားသည်ဟု သိရသည်။

ပြဋ္ဌာန်းပြီးဖြစ်သည့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥဒေအရ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုကို လိုင်စင်ထုတ်ပေးပြီးဖြစ်ပြီး လိုင်စင်တစ်ခုနှင့်တစ်ခု လုပ်ပိုင်ခွင့်များ မတူညီကြကြောင်း၊ လျှောက်ထားသည့် လိုင်စင်အမျိုးအစားပေါ် မူတည်၍ လိုင်စင်များ ထုတ်ပေးခြင်းဖြစ်ပြီး အော်ပရေတာလိုင်စင်မှအပ အခြားသော လိုင်စင်များကို အရေအတွက် ကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။