Spoke နဲ့ Alloy ဘယ်ဘီး အမျိုးအစားကို ရွေးချယ်မလဲ အပိုင်း (၁)

speedjetrs_front.jpg

အရင် ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ဆိုင်ကယ်ဆိုရင် Spoke တွေနဲ့ပဲလာပြီး Alloy နဲ့ လာတယ်ဆိုတဲ့ ဘီးတွေကတော့ ရှားပါတယ်။ အထူးသဖြင့် ပုံမှန်ညှပ်ဘရိတ်စနစ်သုံး မော်ဒယ်တွေက Spoke ဘီးတွေနဲ့ပဲ ထုတ်လုပ်ကြတာလည်း ဖြစ်ပါတယ်။ ဒါကလည်း တခြားကြောင့်တော့ မဟုတ်ပါဘူး။ Spoke တွေမှာ ထိုင်ထားတဲ့ ညှပ်ဘရိတ်စနစ်က ဘရိတ်စနစ်ထဲမှာဆိုရင် မော်ဒယ်နိမ့်တာကြောင့် အခုလို မော်ဒယ် နိမ့် ဘရိတ်စနစ်တပ် ဆိုင်ကယ်မှာ မော်ဒယ်နိမ့်တဲ့ ဘီးစနစ်ဖြစ်တဲ့ Spoke စနစ်ကို သုံးကြတာပါ။ ဒီလိုနဲ့ နောက်ပိုင်းမှာ ဆီဘရိတ် (လေဘရိတ်) လို့လည်း ခေါ်တဲ့ ဘရိတ်စနစ် အသုံးများလာတော့ ဘီးတွေကိုလည်း Alloy သားနဲ့ ထုတ်လုပ်အသုံးပြုလာကြပြီး ဒီဇိုင်းလည်း အမျိုးမျိုးနဲ့ထုတ်လုပ်လာတာ တွေ့ရပါတယ်။ ကောင်းပါပြီ၊ ဒီတော့ အခုလက်ရှိ ဆိုင်ကယ်လောကမှာ အသုံးများလာတဲ့ Alloy နဲ့ Spoke စနစ် ဘယ်ဘီးအမျိုးအစားက ကောင်းတယ်ဆိုတာ သိထားရင် အရွေးမမှားနိုင်တော့ဘူးပေါ့၊ ကဲ.. ကျွန်တော်တို့ ဆက်ကြည့်ရအောင်ပါ။

ပထမဆုံး ဈေးနှုန်းအပိုင်းကို နှိုင်းယှဉ်ပြချင်ပါတယ်။  ဒါကတော့ လက်ဟောင်း Spoke စနစ်နဲ့ လက်သစ် Alloy စနစ်မှာ ဘယ်ဘီးအမျိုးအစားက ဈေးပိုတယ်ဆိုတာကို ပြောချင်တာပါ။ လက်ရှိ ဈေးကွက်မှာ အစီးများတဲ့ တရုတ်ဆိုင်ကယ်တွေထဲမှာတောင်မှ Alloy က Spoke ထက်စာရင် ဈေးများပါတယ်။ ဒါဟာ ဘီးတွေကို  တရုတ်နိုင်ငံထုတ်တာချင်း အတူတူကိုပဲ ပြောတာပါ။ တကယ်လို့ အဲဒီထက် အရည်အသွေးကောင်းတဲ့ ထိုင်း၊ ဂျပန်တွေက ထုတ်တဲ့ ဒလက်မျိုးဆိုရင်တော့ ဈေးက ပိုလို့တောင် ကွာဟသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒလက်ဆိုတာက Alloy ဘီးတွေကိုပြောတာ ဖြစ်ပြီး တကယ်ပြောနေ၊ သုံးနေတဲ့ စကားအရတော့ Alloy ဘီးတွေကို Alloy လို့ မသုံးကြပါဘူး၊ များသောအားဖြင့်တော့ ဒလက်လို့သုံးပြီး တချို့ကတော့ သတ္တုဘီးတွေလို့ သုံးပါတယ်။ ထားပါတော့၊ ဒါက အခေါ်အဝေါ်။ ဒီတော့ ကျွန်တော် တို့ ဈေးနှုန်းပိုင်းမှာတော့ သေချာတာတစ်ခုက ဒလက်က Spoke ထက်စာရင် ဈေးများနေပြီ ဆိုတာပါပဲ။

နောက်တစ်ချက်၊ အရည်အသွေးပိုင်းကို ကြည့်ရအောင်ပါ။ Spoke ကတော့ သံမဏိဦးစားပေး ဘီးအသားနဲ့ ဖန်တီးထားတာဖြစ်ပြီး သူက Steel ရည်ပါ Coded လုပ်ထားတာကြောင့် အရောင်ထွက်မှု၊ တောက်ပမှု အပိုင်းမှာတော့ ဒလက်ထက် သာပါတယ်။ နောက်ပြီး ထုတ်လုပ်တဲ့ နိုင်ငံအပေါ်ကို မူတည်ပြီးတော့ ဘီးရဲ့ အရည်အသွေးကလည်း ကောင်းမွန်သလို အကြမ်းခံနိုင်ရည်ကလည်း ကွာဟပါတယ်။ ကျွန်တော် ဆိုလိုရင်းက တရုတ်နိုင်ငံထုတ်ဆိုရင် ဘီးသား အနည်းငယ်ပါးတာတွေ့ရပြီး ဂျပန်ထုတ်လို ဘီးတွေကတော့ နှစ်ရှည်လများ ကြာသည်ထိအောင် ကောင်းမွန်တာ တွေ့ရပါတယ်။ ဒီနေရာမှာ ထုတ်လုပ်တဲ့ နိုင်ငံအပေါ် မူတည်ပြီးတော့ ဘီးရဲ့ အကြမ်းခံနိုင်မှုဆိုတဲ့ အရည်အသွေး တစ်ခုတည်းတင် မဟုတ်သေးဘဲ တစ်ဖက်က Steel သားခိုင်ခံ့မှုနဲ့ သံချေးကိုက်မှုဒဏ်၊ ခံနိုင်ရည်တွေလည်း ကွာဟတာ တွေ့ရပါတယ်။

ကောင်းပါပြီ၊ ဒီတော့ Spoke ရဲ့ အရည်အသွေးက ထုတ်လုပ်တဲ့ နိုင်ငံအပေါ် မူတည်ပြီးတော့ အရည်အသွေး စကားပြောနိုင်တယ်ဆိုတာကိုတော့ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဆက်ပြီးတော့ ဒလက်တွေရဲ့ အရည်အသွေးကို ကြည့်ရအောင်ပါ။ သူတို့ကတော့ Spoke တွေလောက် ထုတ်လုပ်တဲ့ နိုင်ငံအပေါ်မူတည်ပြီး အရည်အသွေး ကွာဟချက် များများစားစား မတွေ့ရသလို ပျက်စီးမှု အပိုင်းတွေမှာ
လည်း တရုတ်နိုင်ငံထုတ်တွေ အပျက်များတယ်၊ ထိုင်းနဲ့ ဂျပန်ထုတ်တွေ အကြမ်းခံတယ်လို့ သိပ်မကြားရပါဘူး။ ဒါပေမဲ့ အရောင်ထွက်မှု အပိုင်းမှာတော့ ဒလက်တွေက Spoke တွေလောက် မကောင်းဘဲ အရောင်အပိုင်းမှာတောင် Alloy အရောင်အတိုင်း ခဲပုပ်ဆန်ဆန်အရောင်နဲ့ အနက်ရောင် နှစ်မျိုးတည်း ရနိုင်တာလည်း ဖြစ်ပါတယ်။ ဒီတော့ Spokeက အရောင်ထွက်လှတယ်၊ ထုတ်လုပ်တဲ့ နိုင်ငံသာ ကောင်းမယ်ဆို
ရင် အရည်အသွေးလည်း စိတ်ချနိုင်တယ်။ ဒါကြောင့် အခုထိတော့ Spoke ဘီးတွေက အားသာနေပါတယ် ။

ဆက်လက်ဖော်ပြပါမည်။