A4AI အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံဝင်ရောက်

A4AI-logo-whitespace.jpg

မြန်မာနိုင်ငံအနေဖြင့် Alliance for Affordable Internet (A4AI) အဖွဲ့ဝင်အဖြစ် ဝင်ရောက်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ဈေးနှုန်းသက်သာသော အင်တာနက်အသုံးပြုနိုင်ရန် A4AI က ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ A4AI အနေဖြင့် လစဉ်ဝင်ငွေ၏ ငါးရာခိုင်နှုန်း (သို့မဟုတ်) ငါးရာခိုင်နှုန်းအောက် ဈေးနှုန်းဖြင့် Broadband Internet ဈေးနှုန်း အသုံးပြုနိုင်ရန် အဓိကဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ကြောင်းသိရသည်။

Broadband အင်တာနက် ဈေးနှုန်းများ ကျဆင်းရေး၊ လူအများစု အင်တာနက် အသုံးပြုနိုင်ရေး၊ နိုင်ငံတကာရှိ အကောင်းဆုံးသော လုပ်ထုံးလုပ်နည်းများအပေါ် အခြေခံသော မူဝါဒများနှင့် စည်းမျဉ်းဥပဒေများ ပေါ်ပေါက်လာစေရေးအတွက် လက်တွဲလုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှာ Alliance for Affordable Internet အဖွဲ့ဝင်အဖြစ်ပါဝင်ရန် လက်မှတ်ရေး ထိုးသော ပထမဦးဆုံး အာရှပစိဖိတ်နိုင်ငံ ဖြစ်လာကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် လူဦးရေ ၅၁.၄ သန်းအနက် အင်တာနက်သုံးစွဲသူ ဦးရေမှာ ၁.၂ ရာခိုင်နှုန်းသာရှိပြီး ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုမှုနှုန်း အနည်းဆုံးနိုင်ငံထဲတွင် ပါဝင်သည်ဟု ITU က ၂၀၁၃ ခုနှစ် စစ်တမ်းအရ ထုတ်ပြန်ထားကြောင်း၊ အင်တာနက်သုံးစွဲမှု မြင့်တက်လာပြီး တစ်နိုင်ငံလုံး၏ ၁၅ ရာခိုင်နှုန်း အသုံးပြုလာကြသည်ဟု ခန့်မှန်းထားသော်လည်း ကျယ်ပြန့်စွာ အသုံးပြုနိုင်ရန် စိန်ခေါ်မှုများ ရှိနေသေးကြောင်း ဆိုသည်။

A4AI မှာ လက်ရှိ ဂါနာ၊ နိုင်ဂျီးရီးယား၊ မိုဇင်ဘတ်၊ ဒိုမီနီကန် အစရှိသည့် နိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး ယခု မြန်မာနိုင်ငံတွင်လည်း သက်ဆိုင်ရာ အဖွဲ့အသီးသီးနှင့် ပူးပေါင်းကာ ဈေးနှုန်း သက်သာသော အင်တာနက်အသုံးပြုနိုင်ရန်၊ လက်ရှိ ရှိနေသော အခြေခံအဆောက်အအုံများကို မြှင့်တင်နိုင်စေရန် မူဝါဒများ အကောင်အထည်ဖော်ရေး ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

A4AI မှာ Google, UK DFID, USAID အစရှိသည့် အဖွဲ့ဝင်ပေါင်း ၇၀ ကျော်ပါဝင်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။