အမေရိကန်ကားတိုင်း ဆီစားနှုန်းမများပါဘူးဆိုတာ သက်သေခံမယ့် Ford Escape 2015

large-_1.jpg

ကားလောကမှာ အဓိက ကားထုတ်လုပ်ရောင်းချတဲ့ ရပ်ဝန်းကြီး သုံးခုရှိတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီ ရပ်ဝန်းကြီးတွေက အမေရိကရယ်၊ ဥရောပရယ် နောက်ပြီး အာရှရယ် ဖြစ်ပါတယ်။ ဒီနေရာမှာ အမေရိကလို အလွယ်ဆိုပေမယ့် တကယ်တမ်း ကားကုမ္ပဏီ အများစုက အမေရိကန်နိုင်ငံ တစ်ခုတည်းမှာပဲ အခြေစိုက်ပြီး ထုတ်လုပ်ရောင်းချတာ ဖြစ်သလို နောက်ထပ် ဥရောပရပ်ဝန်းဆိုတဲ့ နေရာမှာလည်း ဂျာမနီ၊ အီတလီ၊ ပြင်သစ် တို့လို နိုင်ငံတွေက ကုမ္ပဏီတွေကို ကိုယ်စားပြု ပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ အဲဒီလိုပဲ အာရှရပ်ဝန်းဆိုတဲ့ အပိုင်းမှာလည်း ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်တို့လိုနိုင်ငံတွေ ပါဝင်ပါတယ်။ ဒီနေရာမှာ အလွယ်ဆုံး မှတ်လွယ် ဖတ်လွယ်တဲ့နည်းနဲ့ ပြောရမယ်ဆိုရင် အမေရိကန်ထုတ်ကားတွေက ခိုင်တယ်၊ မာတယ်၊ ဆီစားနှုန်းများတယ်၊ ဥရောပထုတ်ကားတွေက ဈေးကြီးတယ်၊ စွမ်းဆောင်ရည် မြင့်
တယ်၊ နောက်ဆုံး အာရှထုတ်ကားတွေက တန်ကြေးနည်းတယ်၊ ဆီစားနှုန်းသက်သာတယ်။ ဒီလိုမျိုး အလွယ်ပြောနိုင်တာပေါ့။

အထက်မှာ ပြောခဲ့သလို အမေရိကန်ထုတ်ကားတွေက ခိုင်တယ်၊မာတယ်၊ ဆီစားနှုန်း များတယ်ဆိုပေမယ့် ကားတိုင်းတော့လည်း ဆီစားနှုန်းများတာ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ အမေရိကန် ကားတွေလည်း ဆီစားနှုန်းလျော့နည်းအောင် ထုတ်လုပ်ရောင်း ချလာပြီဖြစ်သလို အခုလည်း ကျွန်တော်ပြောမယ့် Escape က အမေရိကန်ထုတ် SUV  ရယ်သာဆိုပေမယ့် ဆီစားနှုန်းကို အာရှထုတ် ကားတွေလား အောက်မေ့ရအောင် ဖန်တီးထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ဒီတော့ ဆီစားများတယ်ဆိုတဲ့ မကောင်းသတင်းနဲ့ နာမည်ကြီးတဲ့ အမေရိကန် ကားတစ်စီးက ဆီစားနှုန်း အထူးသက်သာ တယ်ဆိုတော့ လူတိုင်း စိတ်ဝင်စားမိမှာ အမှန်ပါပဲ။ ဆိုတော့… ကျွန်တော်တို့ Escape ဆိုတာ ဘယ်လိုကားလဲဆိုတာ ဆက်ပြီးကြည့်ရအောင်။

အားသာချက်

အရင်ဆုံး ပြောရမယ့် အားသာချက်က SUV ဖြစ်ပေမယ့် စွမ်းဆောင်ရည် မြင့်မားကောင်းမွန်တာဖြစ်သလို နောက်ပြီး အထက်မှာ ပြောခဲ့သလိုမျိုး ဆီစားနှုန်းအထူး သက်သာကောင်းမွန်တာ လည်း ဖြစ်ပါတယ်။ နောက်ပြီး အဆင့်မြင့်တဲ့ စံချိန်မီတဲ့ Feature တွေ အများကြီး သုံးနိုင်မှာကိုလည်း တွေ့ရပါသေးတယ်။ ပြီးတော့ လက်ကိုင်ပိုင်းမှာလည်း ထိန်းချုပ်မောင်းနှင်ရတာ အထူးကောင်းမွန်အောင် ဖန်တီးထားတာ တွေ့နိုင်ပါတယ်။ ဒါကလည်း Ford ရဲ့ ပင်မထုတ်လုပ်မှုတွေကိုက လမ်းကြမ်းမောင်း ကားတွေဆိုတော့ လမ်းကြမ်းမှာတောင် သုံးနိုင်မယ့် လက်ကိုင်စနစ်တွေ ဖန်တီးထားနိုင်တဲ့ Ford အတွက်ကတော့ Escape အတွက် အကောင်းဆုံးဖြစ်မယ့် လက်ကိုင်စနစ်ကို ဖန်တီးတပ်ဆင်ထားတာ မဆန်းပါဘူး။ ပြီးတော့ ကိုယ်ထည်ပိုင်း တည်ဆောက်ထားတဲ့ သတ္တုပိုင်းတွေရဲ့အရည်အသွေး အထူးကောင်းမွန်တာကြောင့် လုံခြုံစိတ်ချရမှုလည်း မြင့်မားတာ တွေ့နိုင်ပါတယ်။

အားနည်းချက်

အားနည်းချက်အပိုင်းမှာ ပြောစရာ အချက်အလက် များများစားစား မရှိဘူးလို့ဆိုရင် ကျွန်တော် ရွှီးတယ်လို့ ထင်မယ်။ ဟုတ်ပါတယ်၊ ပြောစရာ ပြစ်ချက်ကို မတွေ့တာပါ။ ဟုတ်ပါ့မလားကွာ၊ Escape က အဲဒီလောက်ကောင်းနေရင် Audi တွေ BMW တွေ ဘာတွေ၊ ညာတွေ၊ ဘယ်ချောင်မှာ သွားအိပ်နေရမလဲလို့ ပြောချင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ဆိုလိုတာက သူ့ဈေးနဲ့ သူ့အမျိုးအစားနဲ့ ဆက်စပ်ပြီးတော့ အားနည်းချက်ပြောစရာမရှိဘူးလို့ ဆိုလိုက်တာပါ။ ဒါပေမဲ့ သေချာတာတစ်ခုက Escape မှာ သုံးထားတဲ့ MyFord Touch စနစ်က တခြား Touch စနစ်တွေနဲ့စာရင် ညံ့တယ်လို့ ဆိုချင်ပါတယ်။

ကိုယ်ထည်

ဒီအပိုင်းမှာတော့ Escape က အလယ်အလတ်တန်းစား SUV တစ်စီးရယ်လို့ ပြောရအောင် အလျား က ၁၄ ပေနဲ့ ၁၀ လက်မကို သီသီလေးစွန်းမှာဖြစ်သလို မျက်နှာစာ အကျယ်ကလည်း ၆ ပေ
ကို ကျော်တယ်ဆိုရုံလေးရယ်ပါ။ နောက်ပြီး အမြင့်က ၅ ပေနဲ့  ၆ လက်မ သာတယ်ဆိုရုံဖြစ်ပြီးတော့ မြေပြင်နဲ့ ကိုယ်ထည်ရဲ့ ကင်းလွတ်နိုင်မှုကို ၈ လက်မ နီးပါးထိအောင် ဖန်တီးထားတာကြောင့် Off-Road အတွက်ပါ အဆင်ပြေ ကောင်းမွန်မှာ ဖြစ်ပါတယ်။ နောက်ပြီး အတွင်းဘက်ခန်း ကျယ်ဝန်းမှုက ရှေ့ဘက်ခန်း ၅၆ လက်မနဲ့ နောက်ဘက် ၅၅ လက်မကျော် ဖြစ်တာကြောင့် အနေတော်ပါပဲ။ ဒါပေမဲ့ ဒီအကျယ်အဝန်းက အရမ်းဝတဲ့ သူတွေအတွက်တော့ နည်းနည်း စမ်းကြည့်ဖို့ လိုပါလိမ့်မယ်။

အင်ဂျင်

တပ်ဆင်ထားတဲ့ အင်ဂျင်က ၂.၅ လီတာသုံး လေးလုံးထိုး အင်ဂျင်ဆိုတော့ Escape က လေးလုံးထိုး အင်ဂျင်အတန်းအစားထဲမှာ အကြီးဆုံးလောက်ဖြစ်မယ့် အင်ဂျင်ကို တပ်ဆင်ထားတာ  တွေ့ရပါတယ်။ ဒါပေမဲ့ အင်ဂျင်က ကြီးတယ်ဆိုပေမယ့် ကားတစ်စီးလုံးရဲ့ အလေးချိန်က ပေါင် ၃၆၀၀ ဝန်းကျင်ထိအောင် ရှိမှာဖြစ်သလို အများဆုံး ဝန်တင်ဆောင်နိုင်မှုက ပေါင် ၁၅၀၀ ဆိုတော့ ၂.၅ လီတာသုံးက ကြီးတယ်လို့ မပြော သာတော့ပါဘူး။ အင်ဂျင်က ရုန်းအား ၁၇၀ ပေ-ပေါင်မှာ ထွက်ရှိမယ့် စွမ်းအင်ပမာဏက မြင်းကောင်ရေ ၁၆၈ ကောင်အား ဖြစ်သလို အမြန်ဆုံး လည်ပတ်မယ့် နှုန်းက တစ်မိနစ်ကို အပတ်ရေ ၆၀၀၀ ထိအောင်ပဲ ဖြစ်ပါတယ်။

ဆီအပိုင်း

၂.၅ လီတာသုံးဆိုတာ လေးလုံးထိုး အင်ဂျင်အတန်းအစားထဲမှာသာ ကြီးတယ်လို့ ဆိုနိုင်ပေမယ့် V Series လို အင်ဂျင်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ တကယ့်ကို ကလေးပါပဲ။ နောက်ပြီး အင်ဂျင်က ရုန်းအားလည်း နည်းသလို လည်ပတ်အားကလည်း ပုံမှန်လောက်ပဲဆိုတော့ ဆီစားနှုန်းက သက်သာကောင်းမွန်မယ်ဆိုတာ သေချာနေပါတယ်။ ပျမ်းမျှဆီစားနှုန်း ဆီတစ်ဂါလံကို ၂၇ မိုင်အတွက် တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုက  ၁၅.၁ ဂါလံ ဖြစ်ပါတယ်။ ဆီစားနှုန်း အသေးစိတ်ကို ပြောပါဆိုရင်တော့ Escape က မြို့တွင်း လမ်းကြောတွေမှာဆိုရင် ဆီတစ်ဂါလံကို ၂၂ မိုင်နှုန်းနဲ့ အဝေးပြေး လမ်းကြောတွေမှာဆိုရင်တော့ ၃၂ မိုင် လောက်ထိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

မောင်းနှင်နိုင်မှု

Auto စနစ်နဲ့လာတဲ့ ကားတော်တော်များများက မိန်းကလေးတွေ မောင်းမယ်ဆိုရင်တောင် အဆင်ပြေ ကောင်းမွန်တဲ့ ကားတွေ ဖြစ်သလို Ford ကလည်း Escape ကို Auto စနစ်နဲ့ ထုတ်လုပ်ထား တာ တွေ့ရပါတယ်။ ဂီယာချက် အပိုင်းမှာလည်း စုစုပေါင်း ၆ ချက် ထိအောင် သုံးနိုင်မှာဖြစ်သလို ရှေ့ဘီးယက်စနစ်လည်း ဖြစ်တာကြောင့် City အတွက်ရော Highway အတွက်ပါ ကောင်းမွန်ပါလိမ့်မယ်။ အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှုက တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၈ စက္ကန့်ဝန်းကျင်နဲ့တင် ရောက်ရှိအောင် မောင်းနှင်နိုင်မှာ ဖြစ်သလို ဘရိတ်ပိုင်ကလည်း ထိန်းချုပ်မှု ကောင်းမွန်တာ တွေ့ရပါတယ်။ အသက် ကယ်စနစ် စုံလင်အောင် ထည့်သွင်းဖန်တီးထားပြီးတော့ အမေရိကန်ရဲ့ မော်တော်ကားစိစစ် သုံးသပ်ရေးအဖွဲ့ရဲ့ လုံခြုံစိတ်ချရမှုအပိုင်းမှာ ကြယ်ငါးပွင့်အဆင့်ထိအောင် ရရှိထားတာ တွေ့နိုင်ပါတယ်။

Ref: www.edmunds.com