Samsung Galaxy S6 Edge

Samsung-Galaxy-A5-launch-1.jpg

အားသာချက်

ဖုန်းမှာ အသုံးပြုထားတဲ့ Hardware စနစ်ပိုင်းတွေမှာ ပြည့်စုံကောင်းမွန်မှု ရှိပါတယ်။ ကင်မရာပိုင်းမှာ ကောင်းမွန်တဲ့အပြင် ဖုန်းရဲ့ Screen မြင်ကွင်း ပိုင်းမှာလည်း ကောင်းမွန်ပြီး ကြည်လင်တောက်ပမှု ရှိတဲ့မြင်ကွင်းကို ခံစားနိုင်မှာပါ။ ဂရပ်ဖစ် စနစ်ပိုင်းနဲ့ ဖုန်းတွင်း အသုံးပြု စနစ်တွေမှာလည်း ကောင်းမွန်ပါတယ်။ Samsung အသုံးပြုနေကျ လူတွေအတွက်လည်း Samsung ရဲ့မြင်ကွင်းသစ် တစ်ခုကို ခံစားနိုင်မှာပါ။ မြန်မာစာ ဖောင့်စနစ်ပိုင်းမှာလည်း ဇော်ဂျီဖောင့် စနစ်အပြင် မြန်မာ Unicode စနစ်တွေကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းရဲ့လုံခြုံရေးအတွက်လည်း Finger Print စနစ် ပါဝင်ပါတယ်။

အားနည်းချက်

မှတ်ဉာဏ်ကတ် ထပ်စိုက်ဖို့အတွက် SD Card Slot မပါဝင်ပါဘူး။ ဒါကြောင့် မှတ်ဉာဏ်များများ အသုံးပြုလို သူတွေအနေနဲ့တော့ ဖုန်းနဲ့ USB စနစ်ချိတ်ဆက် အသုံးပြုတဲ့ Memory Stick လေးတွေကို အသုံးပြုရ ပါလိမ့်မယ်။

ဒီဇီုင်း

ပုံစံဒီဇိုင်း ပိုင်းမှာတော့ S6 Edge ဟာ ဆွဲဆောင်မှုရှိတဲ့ ပုံစံဒီဇိုင်းမျိုးလို့ ဆိုရမှာပါ။ ဖုန်းရဲ့ဖွဲ့စည်း တည်ဆောက်မှု ပုံစံဟာ လှပသေသပ်တဲ့အပြင် ကိုင်တွယ်အသုံးပြု ချိန်မှာလည်း လက်ထဲမှာ ကောင်းမွန်တဲ့ ထိတွေ့မှုကို ခံစားရစေပါတယ်။ Edge တွေရဲ့ ထုံးစံအတိုင်းပဲ ဖုန်းရဲ့ရှေ့မျက်နှာပြင်ဘယ်၊ ညာအနားနှစ်ဖက်ဟာ ဖုန်းကိုယ်ထည်ရဲ့ အလယ် ဘေးဘောင်ပတ်လမ်း နားထိခုံးထားတဲ့  ပုံစံမျိုး ပြုလုပ်ထားတာ ဖြစ်ပါတယ်။  ဖုန်းကိုယ်ထည်ရဲ့ ဘေးဘောင်ကတော့ သတ္တုကိုယ်ထည် ဘေးဘောင်ဖြစ်ပြီး နောက်ဘက် ကာဗာကတော့ Corning Gorilla Glass 4 ကိုအသုံးပြု ထားတာကြောင့် ချောမွေ့တောက်ပြောင်တဲ့ မြင်ကွင်းမျိုး ရှိနေပါတယ်။ အရွယ်အစား ပိုင်းမှာတော့ အထက်အောက် အမြင့် ၁၄.၂၁ စင်တီမီတာရှိပြီး ဘေးတိုက် အကျယ်ကတော့ ၇.၀၁ စင်တီမီတာ ရှိပါတယ်။ အထူကတော့ ၀.၇ စင်တီမီတာပဲ ရှိတဲ့အတွက် အတော်လေးကို ပါးလွှာတဲ့ ဖုန်းအမျိုးအစား တစ်ခုပါ။ အလေးချိန်ကလည်း တော်တော်လေး ပေါ့ပါးပါတယ်။

ကွန်ရက်

GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။ Nano Sim စနစ်အသုံးပြု ရမှာဖြစ်ပြီး Sim Card တစ်ကတ်ပဲ အသုံးပြုနိုင်မှာပါ။

မြင်ကွင်း

Screen မြင်ကွင်းအကျယ် ၅.၁ လက်မရှိပြီး Super AMOLED Display အမျိုးအစားပါ။ Screen Resolution အနေနဲ့ 1440 x 2560 Pixel (577 ppi pixel density) ရှိပါတယ်။

နည်းပညာ

နည်းပညာ ပိုင်းမှာတော့ ဖုန်းမှာ အသုံးပြုထားတဲ့ OS ဟာ 5.0 ဖြစ် တဲ့အတွက် မြန်မာစာစနစ်မှာ Unicode ကိုပဲ ထောက်ပံ့ပေး နိုင်ပါတယ်။ ဒါပေမဲ့ Samsung က ပြည်တွင်းက အသုံးပြုသူတွေ အဆင်ပြေစေ နိုင်ဖို့အတွက် ဇော်ဂျီမြန်မာစာ စနစ်ကိုလည်း ထည့်သွင်းပေးထားပြီး Unicode နဲ့ ဇော်ဂျီကို စိတ်ကြိုက် လိုအပ်သလို ပြောင်းလဲအသုံးပြု နိုင်ဖို့အတွက် ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။ ကင်မရာပိုင်းမှာလည်း ရှေ့ကင်မရာစနစ်မှာ Wide စနစ်နဲ့ လူအများကြီး ဓာတ်ပုံရိုက်နိုင်တဲ့အပြင် ဓာတ်ပုံကို ဗီဒီယိုပုံစံမျိုး တစ်ပတ်လှည့်ပြီး ရိုက်နိုင်မယ့် Virtual Shot, လှုပ်ရှားမှုတွေကို ရိုက်နိုင်မယ့် Fast Motion, Focus တွေကို စိတ်ကြိုက် ပြုလုပ် ရွေးချယ်နိုင်မယ့် Selective Focus, ဓာတ်ပုံကင်မရာ တွေမှာလိုမျိုး ISO, Aperture, White Balance အစရှိတဲ့ စနစ်တွေကို ကိုယ်တိုင် ချိန်ညှိပြီး ရိုက်နိုင်မယ့် Pro အစရှိတဲ့ စနစ်တွေဟာ S6 Edge ကိုအသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတွေ ဖြစ်ပါတယ်။ Finger Print စနစ်မှာလည်း လက်ချောင်း လေးချောင်းထိ မှတ်သားနိုင်မှာဖြစ်ပြီး ဖုန်းရဲ့ Setting ကိုအသုံးပြုတဲ့ နေရာမှာလည်း ကိုယ်အသုံးပြုချင်တဲ့ Layout ပုံစံတွေကို ပြင်ဆင်ပြီး အသုံးပြုနိုင်တာ တွေ့ရမှာပါ။ ဖုန်းတွင်း အသုံးပြု App ပိုင်းမှာလည်း Samsung ရဲ့ဝန်ဆောင်မှု App တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Power Saving စနစ်မှာလည်း ကောင်းမွန်တဲ့ ပါဝါနည်းပညာတွေ ပါဝင်နေသလို အွန်လိုင်း အသုံးပြုခြင်းအတွက်လည်း WiFi နှုန်းတွေကို မြှင့်တင်ပေးနိုင်မယ့် နည်းပညာတွေ ပါဝင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

CPU ကတော့ Quad-core 1.5 GHz  & Quad-core 2.1 GHz CPU ကို အသုံးပြု ထားတဲ့အတွက် ဖုန်းရဲ့ လုပ်ဆောင်ချက် ပိုင်းတွေမှာ မြန်ဆန်ချောမွေ့မှု ရှိနေပြီး ဂရပ်ဖစ် စနစ်အတွက်လည်း Mali-T760 GPU ကို အသုံးပြု ထားပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 32GB ပါဝင်ပြီး RAM ကတော့ 3GB RAM ပါ။ နောက်ထပ် မှတ်ဉာဏ် ထပ်တိုးအသုံးပြု ဖို့အတွက်တော့ Micro SD အသုံးမပြုနိုင်ပါဘူး။ OS ကတော့ Android OS Version 5.0.2 ကို အသုံးပြု ထားတာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက် ကင်မရာဟာ 16 Mega Pixel ရှိပြီး ရှေ့ကင်မရာကတော့ 5 Mega Pixel ရှိပါတယ်။ Bluetooth 4.1, A2DP, LE, apt-X စနစ်နဲ့ USB 2.0 စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ Li-Ion 2600 mAh ဘက်ထရီကို အသုံးပြုထားတာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာ ဖုန်းတွင်းအသုံးပြု Hardware ပိုင်းတွေမှာ မြင့်မားကောင်းမွန် ပါတယ်။ ဖုန်းရဲ့လုံခြုံရေး စနစ်ပိုင်းမှာလည်း အခြား Lock စနစ်တွေအပြင် Finger Print စနစ်ကိုပါ အသုံးပြုနိုင်တဲ့အတွက် စိတ်ကျေနပ်စရာပါပဲ။ ဖုန်းကို ကိုင်တွယ် အသုံးပြုချိန်မှာလည်း ဖုန်းရဲ့ပါးလွှာမှုနဲ့ အလေးချိန် ပေါ့ပါးခြင်းတွေအပြင် ဖုန်းရဲ့ဖွဲ့စည်း တည်ဆောက်ပုံနဲ့ ဒီဇိုင်းအရ ကိုင်တွယ် အသုံးပြုရတာ သက်သောင့်သက်သာ ရှိစေပြီး ကောင်းမွန်ပါတယ်။ ကင်မရာ ပိုင်းမှာလည်း အသုံးပြုနိုင်တဲ့ စနစ်တွေဟာ ကောင်းမွန်တဲ့အပြင် Mega Pixel မြင့်မားတဲ့ ကင်မရာနဲ့ ကြည်လင် တောက်ပတဲ့ မြင်ကွင်းမျက်နှာပြင် တွေကြောင့် ကောင်းမွန်တဲ့ ရုပ်ပုံတွေနဲ့ ကောင်းမွန်တဲ့ ရုပ်ထွက် အရည်အသွေးတွေကို ခံစားကြည့်ရှု နိုင်ပါလိမ့်မယ်။ Setting စနစ်တွေကို စိတ်ကြိုက် Layout မြင်ကွင်းပုံစံတွေ ပြောင်းလဲ အသုံးပြု နိုင်ခြင်းဟာလည်း အသုံးပြုသူအတွက် မရိုးနိုင်တဲ့ အမြင်တွေကို ပေးနိုင်မှာပါ။ ကျန်းမာရေး ထောက်ကူပြု App တွေနဲ့ Samsung ရဲ့ဝန်ဆောင်မှု App တွေကိုလည်း ကောင်းကောင်း အသုံးပြုနိုင်တာ တွေ့ရပါတယ်။