University of Newcastle, Australia မှ Bachelor of Commerce ဖြင့် ဘွဲ့ရခဲ့သည့် ကိုထက်အာကာစိုး၏ Student life

Htet-Arkar-Soe.jpg

ဒီတစ်ပတ်မှာတော့ ပြည်တွင်း ပြည်ပပညာရေး အတိုင်ပင်ခံအဖြစ် ပြည်တွင်းမှာ ပညာရေးအတိုင်ပင်ခံ EPIC Education ကို ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ ကိုထက်အာကာစိုးရဲ့ ကျောင်းသား ဘဝနဲ့ ကျောင်းပြီးတဲ့ အခါ ကိုယ်တိုင် ကြိုးစား အားထုတ်ခဲ့ပုံများကို ဖော်ပြလိုက်ပါတယ်။

တက်ရောက်ခဲ့တဲ့ ကျောင်းအမည်နဲ့ ဘာသာရပ်ကိုသိပါရစေ။

ကျွန်တော့်အနေနဲ့ University of Newcastle (Australia) ရဲ့ Singapore Campus ဖြစ်တဲ့ PSB Academy မှာ တက်ရောက်ခဲ့ပါတယ်။ တက်ရောက်ခဲ့တဲ့ ဘာသာရပ်ကတော့ Bachelor of Commerce ဖြစ်ပါတယ်။

စင်ကာပူမှာ တက်ရောက်ဖြစ်ခဲ့တဲ့ အကြောင်းနဲ့ Bachelor of Commerce ရွေးချယ်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါဦး။

ကျွန်တော် ၁၀ တန်းပြီးတဲ့အခါမှာ နိုင်ငံခြားမှာပညာသင်ယူမယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန် ကစပြီး University တွေနဲ့ နိုင်ငံတွေအကြောင်းကို အင်တာနက်နဲ့ တတ်ကျွမ်းသူတွေဆီ ကနေ လေ့လာ ခဲ့ပါတယ်။ နောက်ဆုံးတော့ စင်ကာပူမှာ Crime rate နည်းပြီးသွားရေးလာရေး လွယ်ကူတာကြောင့် ပိုမို စိတ်ဝင်စားလာခဲ့ပါတယ်။ ပြီးတော့ UoN Degree ကိုလည်း သြစတြေးလျမှာ သွားတက် တာထက် အချိန်ရောငွေပါ သက်သာတဲ့အတွက် ရွေးချယ်ခဲ့ပါတယ်။ ပြီးတော့ UoN ရဲ့ Bachelor of Commerce မှာ သင်ယူရမယ့် ဘာသာရပ်တွေ ကြည့်တဲ့အခါ ကျွန်တော့် ရည်မှန်းချက်ဖြစ်တဲ့ ကိုယ်ပိုင်စီးပွားရေးထောင်နိုင်ဖို့ အထောက်အကူဖြစ်မယ့် ဘာသာရပ်တွေ သင်ယူရမှာဖြစ်တဲ့ အတွက်ရွေးချယ်ခဲ့တာပါ။

ကျောင်းပြီးသွားတဲ့အခါ လုပ်ကိုင်ခဲ့တဲ့ အလုပ်အတွေ့အကြုံနဲ့ လက်ရှိမှာကိုယ်ပိုင် EPIC ပညာရေး အကြံပေးအဖွဲ့ ထူထောင်ခဲ့ပုံလေးကို ပြောပြပေးပါ။

ကျွန်တော် ကျောင်းပြီးသွားတဲ့အခါ မိသားစုကလည်း ပညာရေးနယ်ပယ်ကို အားပေးတာဖြစ်တဲ့အပြင် ကျွန်တော် ကိုယ်တိုင်ကလည်း ပညာရေးနယ်ပယ်မှာ မိမိတတ်နိုင်တဲ့အပိုင်းက ဝင်ရောက် လုပ်ကိုင်လိုတာကြောင့် ကျွန်တော် တက်ရောက်ခဲ့တဲ့ PSBAcademy မှာပဲ ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ ဝင်ရောက်လုပ်ကိုင်စမှာ Curriculum Planning Executive အဖြစ် ဝင်ရောက်လုပ် ကိုင်ခဲ့ပြီး UK Universities ဘွဲ့ဒီဂရီများ PSB Academy တွင် သင်ကြားနိုင်ဖို့ ဆွေးနွေးတဲ့အပိုင်းမှာ ကူညီခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Programme Executive၊ Country Manager (Myanmar,Laos & Cambodia) ဆိုပြီး အဆင့်ဆင့် ရာထူးတက်ခဲ့ပါတယ်။ Country Manager အဖြစ် မြန်မာကျောင်းသားတွေ စင်ကာပူမှာ လာရောက်ပညာသင်ကြားနိုင်ဖို့ ကူညီပေးနေရင်းနဲ့ ကျောင်းသား၊ကျောင်းသူတွေ မိမိရည်မှန်းတဲ့နိုင်ငံ၊ မိမိရည်မှန်းတဲ့ဘွဲ့ကို ဘက်မလိုက်ဘဲ ကူညီလိုတဲ့အတွက် ကျွန်တော်နဲ့ စိတ်တူကိုယ်တူ ကူညီလိုတဲ့ လူငယ်တွေပူးပေါင်းပြီး EPIC Education ကို ပြန်လည် ထူထောင်ဖြစ်ခဲ့ပါတယ်။

EPIC Education မှာ ကျောင်းသား၊ ကျောင်းသူတွေအတွက် လုပ်ဆောင်ပေးနေပုံလေး ကိုလည်း ရှင်းပြပေးပါ။

ကျွန်တော်တို့ EPIC Education မှာတော့ အများနဲ့မတူဘဲ ပြည်တွင်းရော ပြည်ပပါ စိတ်ချယုံကြည်ရတဲ့ ကျောင်းတွေနဲ့သာ ချိတ်ဆက်ထားပြီး ကျောင်းသား၊ ကျောင်းသူတွေအတွက် အသင့်လျော် ဆုံးဖြစ်စေမယ့် ပညာရေးလမ်းကျောင်းများကို နိုင်ငံတကာမှဘွဲ့ရ Consultants တွေက မိမိတို့အတွေ့အကြုံနဲ့ယှဉ်ပြီး ဆွေးနွေးပေးလျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာကျောင်းသား၊ ကျောင်းသူတွေ အတွက် ပြည်ပပညာရေးလှမ်းလိုရင် အရေးအကြီးဆုံးဖြစ်တဲ့ အင်္ဂလိပ်စာလိုအပ်ချက်အတွက်လည်း Cambrdige မှ စာမေးပွဲများကိုဖြေဆိုရမယ့် Cambridge English Courses များကို နိုင်ငံတကာ အတွေ့အကြုံရှိ ဆရာ၊ ဆရာမတွေက ပို့ချပေးလျက်ရှိပြီး အဆုံးထိပြီးမြောက် အောင်မြင်ပြီးပါက နိုင်ငံတကာမှာ IELTS ထပ်မံဖြေဆိုရန်မလိုဘဲ ကျောင်းလျှောက်ရင်ဖြစ်ဖြစ်၊ ဗီဇာလျှောက်ရင်ဖြစ်ဖြစ် အသုံးပြုနိုင်မယ့်လက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။

နိုင်ငံခြားမှာသွားရောက် သင်ကြားလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မှန်မှန်ကန်ကန် ကြိုတင်ပြင်ဆင်နိုင်ဖို့ အကြံပြုပေးပါဦး။

နိုင်ငံရပ်ခြားမှာ သွားရောက်သင်ကြားမယ်ဆိုရင် နိုင်ငံအလိုက် အားသာချက်၊ အားနည်းချက်တွေရှိတဲ့အတွက် ကိုယ်ပိုင်အတွေ့အကြုံရှိသူများနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှသာ ရွေးချယ်သင့်ပါ တယ်။ ပြင်ဆင်ရာမှာလည်း နိုင်ငံအလိုက် လိုအပ်ချက်များရှိတဲ့အတွက် မိမိတက်ရောက်ရမယ့် သင်တန်းတွေနဲ့ ဘာသာစကား များကိုလည်း သေချာရွေးချယ် တက်ရောက်စေလိုပါတယ်။