Facebook မှ ဒေးဗစ်ရီကော်ဒွန် အိမ်ဖြူတော်၏ အိုင်တီဒါရိုက်တာ ဖြစ်လာ

11057319_10152792726972825_2054300618151036562_n.jpg

Facebook ၏ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒါရိုက်တာအဖြစ် ကာလကြာရှည် တာဝန်ယူခဲ့သည့် ဒေးဗစ်ရီကော်ဒွန်သည် အမေရိကန်သမ္မတ၏ တာဝန်ပေးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

Facebook တွင် ခြောက်နှစ်ကြာ တာဝန်ယူလုပ်ကိုင်ခဲ့သည့် ရီကော်ဒွန်သည် အိမ်ဖြူတော်၏ သတင်းအချက်အလက် နည်းပညာ ဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရသည်။ အဆိုပါ ရာထူးသည် သမ္မတ အိုဘားမား စီစဉ်ဖန်တီးပေးထားသည့် ရာထူးဖြစ်ပြီး ရီကော်ဒွန်အနေဖြင့် အိမ်ဖြူတော်တွင် အသုံးပြုသည့် နည်းပညာများ ပိုမိုတိုးတက် ကောင်းမွန်လာစေရန် တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။

အိမ်ဖြူတော်၏ ထုတ်ပြန်ကြေညာချက်တွင် ရီကော်ဒွန်အနေဖြင့် အိမ်ဖြူတော်တွင် အသုံးပြုနေသည့် နည်းပညာများ ထိရောက်မှုရှိစေရန်နှင့် လုံခြုံမှုရှိစေရန်အတွက် ဆောင်ရွက်ရမည်ဟု ဖော်ပြခဲ့သည်။

အိုဘားမားသည် လွန်ခဲ့သည့်နှစ်များက ဆီလီကွန်တောင်ကြားမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများကို အိမ်ဖြူတော်သို့ ခေါ်ယူခဲ့သည်။ အိုဘားမားသည် သြဂုတ်လက Google မှ မီဂန်စမစ်ကို နည်းပညာအရာရှိချုပ်အဖြစ် လည်းကောင်း၊ Twitter မှ အထွေထွေအကြံပေးဖြစ်သူ အလက်ဇန္ဒား မက်ဂီလစ်ဗရေးကို လက်ထောက် နည်းပညာအရာရှိချုပ်အဖြစ် လည်းကောင်း ငှားရမ်းခဲ့သည်။

Ref: Re/Code