ဆီစားနည်းနည်း ဈေးနည်းနည်း Honda CR-Z 2015

CRZ-white-2014-.jpg

အခုပြောမယ့် မော်ဒယ်က ပြည်တွင်းဈေးကွက်မှာတော့ သိပ်မတွေ့ရတဲ့ မော်ဒယ်၊ ဒါကလည်း Honda က သူ့ရဲ့ CR-Z ကို ဥရောပ ဈေးကွက်အတွက် အဓိက အားပြုထုတ်လုပ်နေတာကြောင့်၊ ဈေးလည်း နည်းနည်းနဲ့ ရနိုင်မယ့် မော်ဒယ်တစ်ခု၊ အဲဒီထက် ကောင်းသေးတာ တစ်ချက်က ဆီစားနှုန်း၊ ဒါဆို အခုဝယ်မယ်ဆိုရင်လည်း ပိုက်ဆံကုန် သက်သာမယ်၊ နောက်လည်း ဆီစားနှုန်းက သက်သာဦးမယ်ဆိုတော့ ဘာမှတောင် ပြောစရာ၊ မေးစရာ မလိုတော့ဘူး။ ဟုတ်နေပြီ၊ ကြာလာလို့ မကြိုက်ရင်လည်း ပြန်ရောင်းထုတ်ပစ်လိုက်၊ ဈေးနည်းနည်းနဲ့ ဝယ်ထားတာဆိုတော့ ထူးပြီးလည်း အရှုံးပေါ်စရာမလိုတဲ့ မော်ဒယ်
မျိုးပေါ့။ ဒါကြောင့်လည်း လက်ရှိ ဥရောပ ဈေးကွက်မှာတော့ Honda ရဲ့ Hatch တွေထဲကဆိုရင် CR-Z က တော်တော်လေး နေရာရနေတာ တွေ့ရတာ ဖြစ်ပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ သူ့ အကြောင်းကို နည်းနည်းလောက် ဆက်ကြည့်လိုက်ရအောင်ပါ။

ကျွန်တော် ကြိုက်နေတာ …

မော်ဒယ်က Hatch တန်းဝင်ဆိုပေမယ့် ကိုယ်ထည်က Sport ဆန်တယ်ဗျ၊ Fastback နဲ့လည်း ဆင်နေသေးတယ်၊ ပြောရရင် Sport တစ်စီးနဲ့တောင် ဆင်နေတာတွေ့နိုင်တယ်။ ဒါက ကျွန်တော်ကြိုက်နေတဲ့ တစ်ချက်၊ ဆွဲဆောင်မှု ကောင်းလွန်းနေတယ်၊ Insight ကနေ ဆင်းသက်လာတဲ့ မော်ဒယ်လို့ပဲ ယူဆရမလား၊ ဒါပေမဲ့ Insight က Fastback လေ အခု CR-Z က Hatch ဆိုတော့ မတူတော့ မတူပါဘူး။ ဒါပေမဲ့ ဒီလောက်ကြီး မလှသင့်ဘူးဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် အိပ်မက်တောင်မက်လို့၊ သူ့ရဲ့ အလှမှာလေ။ နောက်တစ်ချက် Honda က သူ့ရဲ့ မော်ဒယ်ကို Sport ဆန်ရုံတင်မဟုတ်သေးဘဲ လက်ကိုင်ကိုလည်း အကောင်းဆုံး ပြင်ဆင်ထားတယ်၊ လက်ကိုင်က အရမ်းသွက်တယ်၊ လမ်းကျပ်တယ်ဆိုတဲ့ ရန်ကုန်လမ်းမှာ CR-Z က ရေထဲက ငါးတစ်ကောင် ဖြစ်လိမ့်မယ်၊ နောက်ဆုံးတစ်ချက်ကတော့ ပြောပြီးသားကို ထပ်ပြောမှာ၊ ဘာလဲဆိုတော့ ဆီစားနှုန်း၊ ကြားကြားနေရတဲ့ သီချင်းလိုပဲ “အပ်ကြောင်းထပ် … အပ်ကြောင်း ထပ် …” ဖြစ်နေရင်လည်း Sorry ပါဗျာ။

သိပ်မဟုတ်ပြန်တာတွေက ….

မော်ဒယ်က အသားအရေ နူးညံ့တဲ့ ကောင်မလေးတွေလိုပဲ နေပူထဲ သိပ်အထွက်မခံနိုင်ဘူးဗျ။ ချက်ချင်းကို မျက်နှာကြီး နီရဲလာရောလေ။ တွေ့ဖူးကြတယ် မဟုတ်လား၊ အခုလည်း CR-Z က ရေရှည်မှာ သိပ်ပြီး ရုပ်ထွက် မလှချင်ဘူး၊ ဆိုလိုတာကတော့ ဆေးသားလို အပိုင်းမျိုးပေါ့၊ အကျ မြန်ချင်တယ်၊ ဒီတော့ အလှအပ ကြိုက်တဲ့သူတွေအတွက် အဖော်ကောင်း ဖြစ်လာပါ့မလား၊ ထည်လဲစီးလိုက်မယ်ဆိုရင်တော့ အဆင်ပြေ မှာပါ။ နောက်ထပ် မကြိုက်တာပြောဖို့ ကျန်သေးတယ်၊ အဲဒါက လမ်းကြောင်းပေါ်မှာ ဆူညံသံပေး လွန်းတာ၊ အင်ဂျင်က မဟုတ်ဘူးနော်၊ တာယာတွေ၊ ဘီးတွေလို နေရာတွေက လမ်းနဲ့ပွတ်လို့ ထွက်လာတဲ့ အသံမျိုး၊ ကျယ်လွန်းတယ်၊ နောက်ဆုံး တစ်ချက်ကတော့ နောက်ဘက် ထိုင်ခုံတန်း မပါတာဘဲ၊ တခြား ပြိုင်ဘက်မော်ဒယ်တွေက Hatch  မှန်ရင် ငါးယောက် စီးနိုင်အောင်လုပ်ထားချိန်မှာ သူကောင့်သားက နှစ်ယောက် စီး မော်ဒယ်တဲ့လေ၊ ဆန်းတော့ ဆန်းတာပေါ့၊ ဒါပေမဲ့ မလန်းချင်ဘူး ဖြစ်နေတယ်။

Hybrid ဆိုတော့ Sport မဖြစ်တော့ဘူး ….

ကျွန်တော်က ခေါင်းစဉ်လေး လှအောင် ပေးလိုက်တာပါ၊ တကယ်က Sport မဖြစ်တော့ဘူးဆိုတာထက် စွမ်းဆောင်ရည် မကောင်းတော့ဘူးလို့ ပြောရမှာပါ။ မော်ဒယ်က အင်ဂျင်စနစ်ကို Hybrid စနစ်နဲ့ တွဲထားတာ ဆိုတော့ စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ်မဟုတ်တော့ဘူး။ အင်ဂျင်စနစ်က ၁.၅ လီတာသုံး လေးလုံးထိုး အင်ဂျင်တပ်ဆင်ထားတာက ပုံမှန်ဆို အပျော်တမ်းမောင်း Sport တစ်စီးလို ရနိုင်ပေမယ့် Hybrid ကား အဖြစ်နဲ့ဆိုတော့ အင်ဂျင်က ထွက်သမျှ စွမ်းအင်က အရွေ့တစ်ခုတည်းအတွက် မသုံးတော့ဘူးလေ။ Battery အတွက်လည်း ဖဲ့ပေးရတော့တာပေါ့။ ဒါကြောင့် မြန်နှုန်းမြင့်မြင့် မောင်းနှင်နိုင်ဖို့အတွက်တော့ CR-Z ကို မျှော်လင့်မထားပါနဲ့၊ အလှစီးနဲ့ အပျော်စီးလောက်ပဲ အဆင်ပြေပါလိမ့်မယ်၊ နောက်ပြီး ပြည်တွင်းအနေအထားနဲ့ဆိုရင် Suzuki Swift ကို ယှဉ်နိုင်မယ့် မော်ဒယ်မျိုးပါ၊ အမျိုးသမီးကြိုက် ဖြစ်နိုင်ပါတယ်။

သူစွမ်းနိုင်တာက ….

တပ်ဆင်ထားတဲ့ အင်ဂျင်က ၁.၅ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်လေ၊ အင်ဂျင်အသေးတပ် မော်ဒယ်တွေထဲမှာတော့ အလတ်စားလို့ ပြန်ခွဲနိုင်တာပေါ့၊ အကြောင်းက အင်ဂျင် အသေးတပ် မော်ဒယ် စစ်စစ်တွေက ၁.၃ လီတာသုံး မော်ဒယ်တွေကိုး။ Hybrid စနစ်လည်းပါတော့ လျှပ်စစ်အင်ဂျင်စနစ်လည်း CR-Z မှာ တစ်ခါတည်း ပါပြီးသားပေါ့။ အင်ဂျင်က စွမ်းအင်ထုတ်လုပ်နိုင်မှု အပိုင်းမှာ မြင်းကောင်ရေ ၁၃၀ အားထိအောင်ဆိုတော့ အားတော့ မနည်းလှပါဘူး။ Transmission အပိုင်းမှာက ၆ ချက်သုံး Manual စနစ်နဲ့လည်း ရနိုင်သလို CVT နဲ့လည်း လာတယ်လေ၊ ဒါပေမဲ့ CVT က အမျိုးသမီးတွေအတွက် ပိုအဆင်ပြေမယ် ထင်ပါတယ်။

ဘယ်လောက် မောင်းနိုင်မလဲ ….

ကျွန်တော်တို့ အပျင်းပြေ ကားမောင်းကြမလား၊ ဆီတစ်ဂါလံလောက်ပေါ့၊ စမ်းလည်း စမ်းရင်း၊ အပျင်းလည်း ပြေပေါ့။ CR-Z ထဲကို ဆီတစ်ဂါလံ ထည့်ထားလိုက်မယ်လေ။ ဟုတ်လား၊ မဆိုးဘူးဗျ၊ ကျွန်တော် မှတ်ထားမိသလောက် ကျွန်တော်တို့ ဆီတစ်ဂါလံ ထည့်ပြီး ပတ်မောင်းကြည့်တာ ပျမ်းမျှ ၃၄ မိုင်လောက် ရောက်ခဲ့တယ်ဗျ။ ဒါက အာရှထုတ်  Hybrid တစ်စီးအတွက် ရှယ်ဆိုတဲ့ အနေအထားပါ။ မြို့
တွင်းမှာတောင် ၃၁ မိုင်လောက်ရသလို Highway ဆိုရင် ၃၉ မိုင် လောက်ထိအောင် ရနိုင်မယ်ဗျ။ Battery ကလည်း တော်တော် အလုပ်လုပ်တယ်၊ တကယ်ဆို အခုလို တန်ကြေးနည်း မော်ဒယ် က Battery က ဒီလောက် မစွမ်းလောက်ပေမယ့် အခု CR-Z ရဲ့ Battery ကတော့ အားသာ ၅၀ ရာခိုင်နှုန်းနဲ့အထက် သွင်းထားမယ်ဆိုရင် ၁၉ မိုင်လောက်ထိအောင် ခရီးပေါက်မယ်လေ။

CR-Z ရဲ့ တစေ့တစောင်း …

အခု တစ်ပတ်တော့ ကျွန်တော်ရေးတာလေး နည်းနည်း ဆန်းထားတယ်၊ ပုံမှန်မဟုတ်တော့ ကျန်တဲ့ သိထားသင့်တဲ့ အချက်တွေကို အခု တစ်ပိုဒ်မှာ ရောသမမွှေလိုက်မယ်ဗျာ။ CR-Z က အသက်ကယ် လေအိတ် စနစ်လည်း ပါရှိတယ်၊ ဒါပေမဲ့တော့ မဟုတ်ဘူး။ သုံးဖြစ်ပါတယ်၊ နောက်ပြီး ဘရိတ်စနစ်က Antilock စနစ်ပဲ၊ သူ့ရဲ့ စွမ်းဆောင်နိုင်မှုက တစ်နာရီ မိုင် ၆၀ နှုန်းကနေ ရပ်ချင်တယ်ဆိုရင် ၁၂၂ ပေပဲ ယူတယ်၊ ဒါက အကောင်းဆုံး အနေအထားလို့တောင် ပြောလို့ရတယ်၊ အရောင်ရွေးချယ်နိုင်မှုကတော့ အားနည်းတယ်၊ စုစုပေါင်း ၆ ရောင်ပဲ လာတာတွေ့ရပြီး အတွင်းခန်းကလည်း အနက်တစ်မျိုးပဲ ရမယ်။ အသေးစား Hatch ဖြစ်ပြီးတော့ အလျားက ၁၃ ပေနဲ့ ၄ လက်မခွဲပဲ ရှိမှာ ဖြစ်သလို မျက်နှာစာက ၅ ပေနဲ့ ၈ လက်မခွဲ၊ အမြင့်က ၄ ပေနဲ့ ၇ လက်မပဲ ရှိပါတယ်။ ဒါက ကိုယ်ထည် တော်တော်နိမ့်တဲ့ အနေအထားဖြစ်ပြီး Hatch Sport လို့တောင် ကျွန်တော်က ဆိုလိုက်ချင်ပါသေးတယ်။ ကဲ .. ဘယ်လိုလဲ ကျွန်တော်ပြောတဲ့ Hatch Sport ကို စီးချင်ကြဘူးလားဗျာ။

Ref: www.edmunds.com