MEC ကို လိုင်စင်ချပေးရန် စီစဉ်နေသည် ဟုဆို

Update-News_5.jpg

မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်း၍ CDMA 800 မိုဘိုင်းဖုန်းလိုင်းများကို ငွေကျပ် ၅ သိန်းဖြင့် စတင်ရောင်းချပေးခဲ့သည့် Myanmar Economic Corporation (MEC) ကို ဆက်သွယ်ရေး နည်းဥပဒေအရ လိုင်စင်အသစ် ချထားပေးရန် စီစဉ်နေသည်ဟု သိရသည်။

“ဘယ်လိုပုံစံမျိုးနဲ့ လိုင်စင်ပေးရမလဲဆိုတာ စဉ်းစားနေတယ်။ နည်းဥပဒေအရတော့ Mobile Virtual Operator (MVO) လို့ ခေါ်ပါတယ်။ သူကတော့ ကိုယ်ပိုင် Frequency တော့ မရှိဘူးပေါ့။ အော်ပရေတာနဲ့ ညှိနှိုင်းပြီး သဘောတူညီမှု ယူရပါတယ်” ဟု ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။

နိုင်ငံတော်အစိုးရ၏ ပေါ်လစီအရ နိုင်ငံ၏ဆက်သွယ်ရေး အော်ပရေတာကို လေးခုသာ သတ်မှတ်သွားမည်ဟု အတိအလင်း ကြေညာထားသည့်အတွက် MEC ကို လိုင်စင်ပေးအပ်ရန် ဆက်သွယ်ရေး နည်းဥပဒေအရ MOV လိုင်စင်အနေဖြင့် လုပ်ကိုင်ခွင့်ပြုရန် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်း၍ လက်ရှိအချိန်အထိ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်နေသည့် MEC သည် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ ဆက်သွယ်ရေးလိုင်စင် လျှောက်ထားပြီးဖြစ်သော်လည်း မည်သည့်လိုင်စင် အမျိုးအစားဖြင့် ဆက်လက် လုပ်ကိုင်ခွင့် ပြုမည်ကို မဆုံးဖြတ်ရသေးကြောင်း ဦးသန်းထွန်းအောင်က ဆိုသည်။

ဆက်သွယ်ရေး နည်းဥပဒေအရ ခန့်အပ်ထားသည့် အော်ပရေတာများနှင့် အချင်းအချင်း သဘောတူညီမှု ရရှိထားသည့် MVO များကို လိုင်စင်ပေးအပ်ခွင့်ရှိကြောင်း၊ MVO များအနေဖြင့် ကိုယ်ပိုင် Frequency မရှိသော်လည်း အော်ပရေတာများ၏ Frequency ကို အသုံးပြု၍ မိုဘိုင်းဖုန်း ဝန်ဆောင်မှုများကို ပေးအပ်သည်ဟု သိရသည်။

“အော်ပရေတာအနေနဲ့ MVO ဘယ်နှစ်ခု ပေးအပ်နိုင်တယ်ဆိုတာလည်း မကန့်သတ်ထားပါဘူး။ သူတို့ဟာ ကိုယ်ပိုင် Frequency မရှိတာကလွဲရင် တာဝါဆောက်ခွင့်၊ SIM ကတ်ရောင်းခွင့် စတဲ့ အော်ပရေတာ လုပ်ငန်းစဉ်တွေကို လုပ်ကိုင်ခွင့်ရှိပါတယ်။ အော်ပရေတာနဲ့ သဘောတူညီထားဖို့ပဲ လိုတယ်” ဟု ဦး သန်းထွန်းအောင်က ပြောသည်။

လိုင်စင်နည်းဥပဒေအရ လိုင်စင်အမျိုးအစား လေးမျိုးရှိသည့် အနက် MVO များသည် ၎င်းတို့ လုပ်ကိုင် ဆောင်ရွက်လိုသည့် အနေအထားပေါ် မူတည်၍ လိုင်စင်ရယူရမည်ဖြစ်ပြီး အသုံးပြုသည့် Spectrum ဝန်ဆောင်ခများကိုမူ သဘောတူညီထားသည့် အော်ပရေတာမှတစ်ဆင့် ဝန်ကြီးဌာနသို့ ပေးဆောင်ရမည်ဟု သိရသည်။