2.5D Curved Edge Display နည်းပညာ

2.5D Curved Edge Display ဆိုတာကတော့ ဖန်သားမျက်နှာပြင်ရဲ့ အနားသတ်ထောင့်တွေကို အနည်းငယ်ကွေးထားတဲ့ မျက်နှာပြင်ကို ဆိုလိုတာဖြစ်ပါတယ်။ တကယ်တော့ ဒီမျက်နှာပြင် အခေါ်အဝေါ်က နည်းပညာအားဖြင့် တရားဝင် သတ်မှတ်ခေါ်ဝေါ်တဲ့ အမည်တော့မဟုတ်ပေမယ့် အခုအခါမှာတော့ ဒီအခေါ်အဝေါ်ကိုပဲ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပါတယ်။

တချို့ဟန်းဆက်တွေမှာတော့ ဒီလိုမျိုး ဖန်သားပြင်နည်းပညာကို အသုံးပြုထားတာ မသိသာပေမယ့် ဖုန်းမျက်နှာပြင် အပေါ်ဘက်မှာ ပါးလွှာတဲ့အလွှာတစ်ထပ် ပုံစံရှိတဲ့ ဖန်သားမျက်နှာပြင် ထောင့်အနားလုံးပုံစံ ဒီဇိုင်းက တကယ်ပဲသဘောကျစရာ ကောင်းလှပါတယ်။ စမတ်ဖုန်းတော်တော်များများမှာ ဖန်သားပြင်ထောင့်ကို အနားလုံးထားသလိုမျိုး ကွေးထားတဲ့ပုံစံနဲ့ ထုတ်လုပ်လာကြပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ကိုယ်ပိုင် စတိုင်အနေနဲ့ စမတ်ဖုန်း ထုတ်လုပ်သူတွေက ဖန်သားမျက်နှာပြင်တွေ တီထွင်ထုတ်လုပ်လာခဲ့ပါတယ်။

ပုံမှန် အပြားအချပ်လိုက်ဖြစ်တဲ့ 2D ဖန်သားမျက်နှာပြင်တွေရဲ့ အနားသတ်ထောင့်တွေကို အနားသတ်ထားသလိုမျိုး ကွေးထားတာထက်ပိုတဲ့ ဖန်သားမျက်နှာပြင်ကို ကွေးညွှတ်တဲ့ပုံစံမျိုးနဲ့ အသုံးပြုလာ ကြပါတယ်။ ဘာလို့လဲဆိုတော့ သာမန် ဖန်သားမျက်နှာပြင်ထောင့်တွေကို အနားကွပ်ထားသလိုမျိုး ကွေးညွှတ်တာက ဖန်သားပြင်ကို ထိတွေ့အသုံးပြုမှုမှာ ချောမွေ့ကောင်းမွန်မှု ရှိတယ်လို့ ခံစားရစေပြီး သာမန်ထက် ပိုမိုကွေးညွှတ်လိုက်တဲ့ပုံစံက ဖုန်းရဲ့ကိုယ်ထည်ဒီဇိုင်းကို ပိုမို စတိုင်ကျစေလို့ ဖြစ်ပါတယ်။

2.5D ကတော့ ပုံမှန် အစွန်းနှစ်ဖက်မျက်နှာပြင်ကို သုံးခုပုံစံ (3rd dimension) ဖြစ်အောင် ဖန်တီးထားခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ G Flex 2, Galaxy Note Edge, S6 Edge စတဲ့ စမတ်ဖုန်းတွေလို ဖန်သားမျက်နှာပြင်ကို ကွေးညွှတ်ထားတာတွေကတော့ 3D effect ကို ခံစားရရှိနိုင်ဖို့အတွက် ဖြစ်ပြီး 2.5D ဖန်သားပြင်နည်းပညာနဲ့ ကွဲပြားမှုရှိမှာ ဖြစ်ပါတယ်။

2.5D ဖန်သားမျက်နှာပြင်တွေက ပုံမှန် 2D မျက်နှာပြင်ထက် ပိုမိုခိုင်ခံ့မာကျောအောင် ဖန်တီးထားတာဖြစ်ပြီး ဒီဖန်သားမျက်နှာပြင်နည်းပညာ ပါဝင်တဲ့ ဟန်းဆက်တွေက တန်ဖိုးအားဖြင့်လည်း အနည်းငယ်ပိုများမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း