ကမ္ဘာ့အပါးဆုံး ၅.၃ လက်မအရွယ် display ကို LG မိတ်ဆက်

LG-narrowest-0-7mm-bezel-fhd-lcd-panel-650x420.jpg

လာမည့်နှစ်တွင် ထွက်ရှိမည့် LG ၏ နာမည်ကျော် စမတ်ဖုန်းတွင် ကုမ္ပဏီ၏ နောက်ဆုံးပေါ် ဖန်တီးမှုဖြစ်သော ဘေးအနားကွပ် ၀.၇ မီလီမီတာ (၀.၀၂၇ လက်မ) သာရှိသည့် 1080p HD ၅.၃ လက်မ  display   ပါဝင်လာဖွယ်ရှိကြောင်းသိရသည်။

Neo Edge နည်းပညာ အသုံးပြုထားသော LG ၏ display panel သစ်တွင် adhesive layer ကိုအသုံးပြု ထားသည့်အတွက် အနားပတ်လည်တွင် ပလတ်စတစ်ဘောင် တစ်ခုရှိရန် မလိုအပ်ပေ။ ထို့အပြင် ၎င်း display သည် ရေစိုဒဏ်ခံနိုင်သလို ဖုန်ဒဏ်များကိုလည်း ခံနိုင်ရည်ရှိသည်။ ၎င်းကို မည်သည့် LG ထုတ်ကုန်သစ်တွင် တွေ့မြင်ရမည် ဆိုခြင်းကို အသေအချာ မသိရသေးသော်လည်း G3 နေရာတွင် ဆက်ခံမည့် ထုတ်ကုန်၌ တွေ့မြင်ရဖွယ်ရှိကြောင်း ဆိုသည်။

သို့ရာတွင် စမတ်ဖုန်း screen များအတွက် အလွန်ပါးလွှာသည့် ဘေးအနားကွပ်ကို LG က ပထမဦးဆုံး ဖန်တီးထားခြင်း မဟုတ်ပေ။ Sharp Aquos Crystal သည် ၅ လက်မအရွယ် 720p display ကို လွန်ပါးလွှာသည့် screen ဒီဇိုင်းနှင့်အတူ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း LG ၏ display သစ်သည် Sharp ထက် အရွယ်ပိုကြီးသလို resolution ကလည်း မြင့်မားသည်။ ထို့အပြင် ၎င်း display သည် ကမ္ဘာ့အပါးလွှာဆုံး display ဖြစ်ကြောင်း LG မှပြောကြားခဲ့သည်။

-နောင်နောင်

Ref : CNET