MPU နှင့် 2C2P ပူးပေါင်းပြီး အာရှဒေသတွင်း အွန်လိုင်းပေါ်မှ ငွေပေးချေနိုင်သည့် ဝန်ဆောင်မှုကို စတင်

Update-News_5.jpg

မြန်မာငွေပေးချေမှု အဖွဲ့အစည်း MPU (Myanmar Payment Union) သည် ပြည်တွင်းရှိ MPU ကတ် သုံးစွဲသူများအတွက် အွန်လိုင်းပေါ်မှ ငွေပေးချေမှုပြုလုပ်ပြီး ဈေးဝယ်နိုင်မည့် ဝန်ဆောင်မှု အတွက် စင်ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် 2C2P နှင့် လက်တွဲလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်တွင်း၌ ပထမဆုံး အကောင်အထည်ဖော်လိုက်သည့် အဆိုပါ ဝန်ဆောင်မှုသည် အာရှဒေသ နိုင်ငံများအတွင်း MPU ကတ်များဖြင့် အွန်လိုင်းပေါ်မှတစ်ဆင့် ငွေပေးချေသည့် စနစ်ကို အသုံးပြု လာနိုင်မည်ဖြစ်သည်။

ယခုလ ၁၃ ရက်က MPU နှင့် 2C2P တို့သည် အွန်လိုင်းပေါ်မှ ငွေပေးချေနိုင်သည့် ဝန်ဆောင်မှုအတွက် သဘောတူလက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုကို ယခုလအတွင်း စတင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အွန်လိုင်းကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှု (E-Commerce) တစ်ခုဖြစ်သည့် အဆိုပါ စနစ်ကို ပြည်တွင်းရှိ MPU ကတ် အသုံးပြုသူများအတွက် ရည်ရွယ်ပြီး ယခုလတ်တလောတွင် စီးပွားရေး လုပ်ငန်းအချို့နှင့် စတင်၍ အင်တာနက်ပေါ်မှတစ်ဆင့် ငွေပေးချေမှုများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း MPU ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။

MPU နှင့် 2C2P ကုမ္ပဏီတို့ ပူးပေါင်းထားသော E-Commerce စနစ်ဖြင့် Thai Airway, MAI, Air Bagan အစရှိသည့် လေကြောင်းလိုင်းများတွင် လေယာဉ်လက်မှတ်များကို အွန်လိုင်းပေါ်မှ တစ်ဆင့် စတင်ဝယ်ယူနိုင်တော့မည် ဖြစ်သည်။

အဆိုပါ ဝန်ဆောင်မှုကို လေကြောင်းလိုင်း အချို့တွင်သာ စတင်ထားသေးသော်လည်း မကြာမီ အချိန်အနည်းငယ်အတွင်း ပြည်တွင်းအခြေစိုက် အခြားစီးပွားရေး လုပ်ငန်းအမျိုးအစားများတွင်ပါ အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

အွန်လိုင်းငွေပေးချေသည့် အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုလိုသူများသည် မိမိတို့ လက်ရှိအသုံးပြုနေသည့် MPU ကတ်များကို သက်ဆိုင်ရာ ဘဏ်များ၌ မှတ်ပုံတင်ခြင်းကို ပြုလုပ်ရန် လိုအပ် မည်ဖြစ်သည်။ သို့သော် နောက်ပိုင်းထုတ်လုပ်မည့် MPU ကတ်များတွင်မူ အဆိုပါ စနစ်ကို အသုံးပြုမည်ဆိုပါက တစ်ပါတည်း ထည့်သွင်းပေးလာမည်ဖြစ်ကြောင်း သိရသည်။