YangonHeartz မှ CEO ဦးဇော်ဇော်မျိုးလွင်နှင့် အင်တာဗျူး

zaw-zaw-myo-lwin.jpg

မေး- AppExpo 2015 ကိုအခုနှစ်အတွက် စတင် ကျင်းပဖြစ်ပုံကို သိချင်ပါတယ်။

ဖြေ- ယခင်အတိုင်းဘဲ ကျွန်တော့်အနေနဲ့ ဒီ industry ရဲ့လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းကနေပြီး ပံ့ပိုးချင်တယ်။ ကျွန်တော် တတ်နိုင်တဲ့ အနေအထားနဲ့ risk တွေအများကြီးရှိတဲ့ ပွဲတစ်ခုကို ဆက်လက် ဖန်တီးခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်တိုင်း အောင်မြင်လာတဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ဒါကြောင့် စဉ်ဆက်မပျက် ကျင်းပသွားနိုင်ဖို့စီစဉ်ဖြစ်ခဲ့တာပါ။

မေး- သုံးကြိမ်မြောက်ကျင်းပတာဆိုတော့ အရင်နှစ်ကြိမ်ထက် ဘယ်လို ထူးထူးခြားခြား အစီအစဉ်တွေ ပါဝင်မလဲ။

ဖြေ- ထူးခြားချက်တွေက နှစ်တိုင်းရှိပါတယ်။ ဒီနှစ်အတွက် mobile hardware သမားတွေနဲ့ apps developers တွေကို အတွေ့အကြုံတွေဖလှယ်နိုင်မယ့် workshop တစ်ခု ထည့်သွင်း ထားပါတယ် ရည်ရွယ်ချက်ကတော့ ဒီ ၂ ဦးပေါင်းပြီး ဘာတွေ ထုတ်လုပ်နိုင်မလဲဆိုတာဖြစ်ပါတယ်။ မြန်မာ apps developer တွေတိုးတက်စေဖို့ ကြိုးစားထောက်ပံ့နေတဲ့ Samsung Tech Institute ကနေပြီး ပြုလုပ်ထားတဲ့ ပြိုင်ပွဲမှာ ဆုရရှိထားတဲ့ ကျောင်းသားတွေရဲ့ Apps တွေကိုလည်း ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

မေး-အရင်နှစ်တွေက ကျင်းပပြီးတဲ့နောက် ဘယ်လို အကျိုးကျေးဇူးတွေ ဖြစ်ထွန်းခဲ့တာကို တွေ့ရပါသလဲ။

ဖြေ- ကျွန်တော်တို့ အနေနဲ့ လုပ်ငန်းကြီးတွေနဲ့ လုပ်ငန်းငယ်တွေ မျှတအောင် ပါဝင်စေခဲ့ပါတယ်။ လုပ်ငန်းငယ်တွေ မျက်နှာသစ် developer တွေနဲ့ သူတို့ထုတ်ကုန်တွေကို ပွဲထုတ်ချင်ပါတယ်။ ဒါကြောင့် အချိန် ယူပြီးပြင်ဆင်ပါတယ်။ ညှိနှိုင်းတယ်။ အခက်အခဲရှိရင် အခမဲ့ပြသနိုင်ဖို့ စီစဉ်ပေးတယ်။ ၂ နှစ်အတွင်း ပါဝင်ပြသတဲ့ လုပ်ငန်းသစ်တွေ အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အလုပ် အပ်နှံသူတွေ လက်တွဲ ဆောင်ရွက်မယ့်သူတွေ ရလာတယ်။ သူတို့တွေကြီးထွားလာကြတာ ရှိပါတယ်။ ဒါ့အပြင် Industry ထဲမှာ စောင့်ကြည့်လာကြတဲ့ ပွဲအဖြစ် ရှိလာပါတယ်။ အတိုက်အခံတွေ အယူအဆ မတူသူတွေ ရှိပေမယ့် ဒါက အကျိုးကျေးဇူးတစ်ခု ဖြစ်လာနိုင်အောင် စွဲဆောင်ထားနိုင်ပြီလို့ ထင်ပါတယ်။

မေး- တက်ရောက်လာတဲ့သူတွေ အတွက် ရရှိမည့် အကျိုးရလာဒ်ကိုလည်း သိချင်ပါတယ်။

ဖြေ- Public ထက် media & industry awareness ပိုရအောင် အားထုတ်ထားတာဖြစ်လို့ target audience ကို ကျွန်တော်တို့စွဲဆောင်ထားနိုင်မယ်လို့မျှော်လင့်ပါတယ်။ လာရောက် လေ့လာသူတွေ အတွက် ထူးခြားတဲ့ ခံစားမှုနဲ့ motivations ပေးစွမ်းနိုင်အောင် ခင်းကျင်းပေးထားပါတယ်။ ပါဝင်ပြသတဲ့ apps တွေကို download လုပ်စရာမလိုဘဲ ထည့်သွင်း စမ်းသပ်ပေးနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီနှစ်မှာတော့ မိန်းစပွန်ဆာ အဖြစ်ပြန်လည် ပါဝင်လာတဲ့ Ooredoo Myanmar အနေနဲ့ လက်ဆောင်တွေ ပေးသွားဖို့ရှိသလို တခြားသော event partner တွေ အနေနဲ့ရော ပြပွဲဝင်ပြသူတွေကပါ လက်ဆောင်တွေပေးသွားမှာပါ။

မေး-လုပ်ငန်း စုစုပေါင်း ဘယ်နှစ်ခုလောက်ပါဝင်မလဲ သိချင်ပါတယ်။

ဖြေ-စုစုပေါင်း လုပ်ငန်း ၂၀ ကျော်လောက် ဝင်ရောက်ပြသသွားမှာပါ။

မေး- အရင်နှစ်တွေက တက်ရောက်သူဦးရေ ဘယ်လောက်ရှိခဲ့ပြီး အခုနှစ် ဘယ်လောက်လာနိုင်တယ်လို့ ခန့်မှန်းထားပါသလဲ။

ဖြေ- တစ်နှစ်ကို ပွင့်ပွင့်လင်းလင်းပြောရရင် ၂၅၀၀ ထက်မပိုပါဘူး၊ ဒီနှစ်လဲ ဒီလောက်ဘဲထင်ပါတယ်။

မေး- လက်ရှိ ပြည်တွင်းဆော့ဖ်ဝဲ ဈေးကွက်မှာ လိုအပ်နေတဲ့ လိုအပ်ချက်တွေကိုလည်း သိချင်ပါတယ်။

ဖြေ- ကျွန်တော်တို့ဈေးကွက်ကိုပိုဖွင့်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ တခြားသော ဥပဒေပိုင်းဆိုင်ရာ နည်းပညာ ဆိုင်ရာ လိုအပ်ချက် အားနည်းချက်တွေ ရှိနေသော်ငြားလည်း အခုထက် တိုးတက်နိုင် တဲ့ ဈေးကွက် တစ်ခုက စောင့်ကြိုနေပါတယ်။ ဆော့ဝဲလ် ဈေးကွက်အနေနဲ့ ယှဉ်ပြိုင်မှုက ပြင်းထန်လာပါတယ်။ mobile apps လည်းဒီလိုပါဘဲ။ ဒါပေမယ့် ကျွန်တော်တို့ ပြည်ပဈေးကွက်ထဲကို ဝင်နိုင် ဖို့နည်းလမ်း တွေရှိပါတယ်။ အဓိကကျတဲ့အချက်က ဒီမှာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ကိုမြှင့်တင်ဖို့လိုအပ်ပါ သေးတယ်။ လုပ်ငန်းလုပ်ရာမှာ သိသင့် သိထိုက်တဲ့ စီမံခန့်ခွဲမှုတွေ နိုင်ငံတကာ နဲ့ချိတ်ဆက် လုပ်ကိုင်မှုတွေကိုပါ တိုးမြင့်နိုင်ဖို့အတွက် အများကြီးကြိုးစားဖို့ လိုပါသေးတယ်။

မေး- ဒီလိုအခမ်းအနားမျိုးကျင်းပတဲ့အတွက် ပြည်တွင်း ဆော့ဖ်ဝဲဈေးကွက်မှာ ဘယ်လိုအကျိုးရလာဒ် တွေရရှိနိုင်မလဲ။

ဖြေ- ဈေးကွက်မှာလိုအပ်တဲ့ ပြပွဲအဖြစ်ဒါကိုလက်ခံထားပါတယ်။ အကျိုးရလဒ်အနေနဲ့ လုပ်ငန်းရှင် တွေ အဖွဲ့အစည်းတွေ နဲ့အစိုးရပိုင်းမှာပါ ဆော့ဝဲလ်တွေတိုးတက် သုံးစွဲလာဖို့ မြင်လာစေ ချင်တယ်။ လူငယ်တွေ လုပ်ငန်းကြီးတွေ အကုန်အထိုက် အလျောက် အခွင့်အလမ်းတွေ မျှမျှတတရလာစေဖို့ မျှော်လင့်ပါတယ်။

မေး- ဖြည့်စွက်ပြောလိုတာရှိရင် သိချင်ပါတယ်။

ဖြေ- ယခုပွဲကို အချိန်ရရင်လာရောက်လေ့လာစေချင်ပါတယ်။ ဒါက ဆော့ဝဲလ်နဲ့မိုဘိုင်းအပ်(ပ်)တွေ သီးသန့်ပြတဲ့ပြပွဲပါ။ လူတိုင်းက မိုဘိုင်းဖုံးနဲ့ နေ့စဉ် ထိတွေ့နေကြပါပြီ။ ကိုယ့်ရဲ့ တနေ့တာ ရှင်သန်မှု မှာ mobile apps တွေက အစားထိုး ဝင်ရောက်နေရာယူပြီး ကိုယ့်အတွက် စွမ်းဆောင်ပေးနေပါပြီ။ လုပ်ငန်းတွေ အတွက် အချိန်ကုန် ငွေကုန်သက်သာမယ့် ထိရောက်တဲ့ ထိန်းကျောင်း မှုဟာလည်း software တွေဖြစ်လာပါတယ်။ ဒါကမ္ဘာ့ တလွှားဖြစ်ပေါ်ပြောင်းလဲလာမှုပါ။ ကျွန်တော်တို့မြန်မာလူငယ် တွေအနေနဲ့ infra နည်း ပေမယ့် software ပိုင်းမှာ အခုထက်ပိုပြီး တိုးတက်ပြောင်းလဲနိုင်ဖို့ ယုံကြည်ထားပြီး ဒါက အနာဂါတ် မြန်မာ လူငယ်တွေအတွက် မီလီယံဒေါ်လာစိတ်ကူးတွေကို ပုံဖော်ပေးနိုင်မှာပါလို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။