မျက်နှာပြင် ၃ ခုပါဝင်သော စမတ်ဖုန်းကို Samsung ဖြန့်ချိ ရောင်းချဖွယ်ရှိ

Samsung-Galaxy-Note-Edge-5.jpg

Samsung သည် အရွယ်အစား ၅.၁ လက်မရှိသည့် မျက်နှာပြင် အပါအဝင် ဖုန်း၏ဘေးဘယ်ညာ နှစ်ဖက်တွင် ဆင်ခြေလျှော မျက်နှာပြင်နှစ်ခု ပါဝင်သည့် စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း Bloomberg သတင်းဌာနမှဖော်ပြသွားခဲ့သည်။

အဆိုပါ စမတ်ဖုန်းသည် Samsung ၏ မျက်နှာပြင်ကွေး တစ်ခုပါဝင်သည့် Galaxy Note Edge နှင့်ဆင်တူမှု ရှိသည်။ Samsung သည် မတ်လတွင် သတ္တုကိုယ်ထည် စမတ်ဖုန်းနှစ်ခုကို မိတ်ဆက်ဖွယ်ရှိပြီး အခြားစမတ်ဖုန်း တစ်ခုမှာ မျက်နှာပြင် အရွယ်အစား ၅.၁လက်မရှိသည့် ပုံမှန်စမတ်ဖုန်း တစ်ခုသာ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အများပြည်သူသို့ ထွက်ရှိလာသော ဓာတ်ပုံများအရ Samsung သည် စမတ်ဖုန်း ငါးမျိုးကို ထုတ်လုပ်သွားဖွယ် ရှိကြောင်းသိရသည်။ ၎င်းဓာတ်ပုံတွင် စမတ်ဖုန်းအချို့မှာ ပုံမှန်မျက်နှာပြင်ကို အသုံးပြုထားပြီး တချို့မှာမူ မျက်နှာပြင် ကွေးများကို အသုံးပြုထားသည်။

Samsung သည်မတ်လတွင် ဘာစီလိုနာမြို့တွင် ကျင်းပမည့် Mobile World Congress တွင် ထုတ်ကုန်သစ်များ မိတ်ဆက်ရန် စီစဉ်ထားသည်။ ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Samsung ၏တရားဝင် ဘလော့တွင် ၎င်းတို့၏ စမတ်ဖုန်းသစ်တွင် ပါဝင်လာမည့် ကင်မရာမှာ သုံးစွဲသူများအတွက် အထူးပြု လုပ်ထားပြီး မည်သည့် အခြေအနေ မျိုးတွင်မဆို အလွန်ကောင်းမွန်သည့် ဓာတ်ပုံများ ရိုက်ကူးနိုင်ကြောင်း ဖော်ပြထားသည်။

Ref: Mashable