GUSTO-Institute of IT တွင် Higher National Diploma in Computing ကို တက်ရောက်နေသော မရွှေရည်မြဝင်း၏ Student Life

2S6A1650.jpg

ဒီအပတ်မှာတော့ GUSTO-Institute of IT မှာ Higher National Diploma in  Computing ကို တက်ရောက်နေတဲ့ မရွှေရည်မြဝင်းရဲ့ Student Life ကို ဖော်ပြ ပေးမှာဖြစ်ပါတယ်။

GUSTO မှာ HND တက်ရောက်ရတဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါ။

GUSTO မှာဖွင့်တဲ့ HND ကိုသိပြီး စုံစမ်းကြည့်တော့ Edexcel လို အဖွဲ့အစည်းမျိုးက ပေးမယ့်ဘွဲ့ကို ကိုယ့်နိုင်ငံမှာ တက်ရမယ်။ သင်မယ့်ဘာသာရပ်တွေကို ကြည့်တော့လည်း ရွှေရည် စိတ်ဝင်စားတဲ့ Web Development သာမက IT Field မှာ ရပ်တည်ဖို့အတွက် လိုအပ်တဲ့ အခြား Course တွေ အများကြီးလည်း ပါတာကိုတွေ့ရပြီး တတ်မြောက်မှုကို အလေးပေး သင်ကြားပေးတဲ့ ကျောင်းဖြစ်တာမို့GUSTO ကို ရွေးချယ် တက်ရောက်ဖြစ်ခဲ့ပါတယ်။

GUSTO မှာ တက်ရောက်နေဆဲ ကာလမှာ ရရှိတဲ့ အကျိုးရလဒ်တွေရှိရင် ပြောပေးပါလား။

စာဖတ်ဖြစ်တာပါပဲ။  အရင်ကဆို စာဆို တကူးတက မဖတ်ဖြစ်ဘူး။ လိုတော့မှပဲ ဖတ်ဖြစ်တာ။ အခုဆို Assignment တွေအောင်ဖို့က စာဖတ်မှရမှာလေ။ Grade ကောင်းချင်ရင် ပိုတောင် ဖတ်ရတယ်။ အဲ့တော့ မသိသေးတာတွေ အများကြီးသိလာတယ်။ အရင်ကသိပြီးသား ကိစ္စတွေကိုလည်း ပိုပြီး Detail သိလာတယ်။ GUSTO မှာရှိတဲ့ ဆရာ၊ ဆရာမတွေကလည်း မသိတာတွေ ရှိရင် သေချာရှင်းပြပေးတယ်။ နောက်တစ်ခုကတော့ Technical Skills တွေတင်မကဘူး၊ Personal Skills တွေပါ ရရှိလာပါတယ်။ အရင်ကဆို လူအများရှေ့မှာ စကားထွက်မပြောရဲဘူး။ အခုဆို Presentation ကောင်းကောင်း လုပ်တတ်လာတယ်။ ကိုယ်နေကိုယ်ဟန်က အစပေါ့။

ဆုတွေ ရရှိခဲ့ဖူးတယ် ပြောတယ်။ ဘယ်လိုဆုတွေရရှိခဲ့တာလဲ။

အိုင်တီနဲ့ပတ်သက်လို့ကတော့ Horizon International Education Center ကလုပ်တဲ့ Pixel Puzzle Contest 2009 မှာ Top 10 ဝင်ခဲ့ပါတယ်။ Diploma in Computer Art မှာ Diploma fulfillment  Group Project လုပ်ခဲ့တုန်းက အဖွဲ့လိုက် တတိယဆုရရှိခဲ့ပြီး အဖွဲ့ခေါင်းဆောင် အနေနဲ့လည်း “Best Performance” Award လည်း ရရှိခဲ့ဖူးပါတယ်။ အခုနောက်ဆုံး အနေနဲ့ကတော့ Code for Change Myanmar က ဦးစီးပြုလုပ်ခဲ့တဲ့ Business Solutions Hackathon မှာ ရွှေရည်တို့အဖွဲ့က ပထမဆုကို ရရှိခဲ့တယ်။

ပြိုင်ပွဲတွေ ၀င်ပြိုင်ရင်း ရရှိခဲ့တဲ့ အတွေ့အကြုံလေးတွေပြောပြပေးပါ။

Hackathon ကို ပထမအကြိမ် ဝင်ပြိုင်ကတည်းက အရမ်းသဘောကျခဲ့တယ်။ ကိုယ်နဲ့ ဝါသနာတူတဲ့သူတွေ သိတဲ့သူတွေရော၊ မသိတဲ့သူတွေရော တစ်နေရာတည်းမှာ အတူတူ မအိပ်မနေ လုပ်ကြတာဆိုတော့ အရမ်းပျော်ဖို့ကောင်းတယ်။ Final Pitch ကျရင် အားလုံးရဲ့ ၄၈ နာရီအတွင်း လုပ်ထားတာတွေကလည်း အရမ်းကို Impress ဖြစ်ဖို့ကောင်းတယ်။ ဗဟုသုတအပြင် အိုင်ဒီယာအသစ်တွေလည်း ရရှိခဲ့တယ်။ ဒီဆု ရရှိလိုက်တဲ့အတွက် IT Network ပိုကျယ်သွားပါတယ်။ အခုဆိုရင် Organization တွေကရော၊ Company တွေကရော ကမ်းလှမ်းမှုတွေ အများကြီးရရှိခဲ့ပါတယ်။ ဒီဆုကတော့ ကိုယ့်အတွက်Biggest Achievement လို့ ပြောလို့ရပါတယ်။

HND Diploma ပြီးရင်ရော ဘာတွေ ဆက်တက်ဖို့ရှိသေးလဲ။

HND ပြီးရင် UK မှာB.Sc(Hons;) ဆက်တက်ဖို့ စီစဉ်ထားပါတယ်။ အကယ်၍များ ပံ့ပိုးပေးမယ့်သူများရှိခဲ့ရင် ဒီထက်ပိုပြီးမြင့်မားတဲ့ Technology များကိုလေ့လာပြီး ကိုယ့်နိုင်ငံကို နည်းပညာမှာ ပိုပြီးတိုးတက်လာအောင် ပံ့ပိုးပေးချင်ပါတယ်။

ကျောင်းပြီးရင် ဘာတွေလုပ်ဖို့ရည်ရွယ်ထားလဲ။ အနာဂတ်ရည်မှန်းချက် လေးရော သိပါရစေ။

IT Field ထဲကို ဝင်လာကတည်းက ကိုယ်ပိုင် IT Company တစ်ခု ရအောင်လုပ်မယ်လို့ ရည်ရွယ်ခဲ့တာဆိုတော့ ကျောင်းပြီးတာနဲ့ ရည်မှန်းချက် အကောင်အထည် ဖော်နိုင်အောင် HND တက်နေရင်းနဲ့ လိုအပ်တဲ့ အရည်အချင်းတွေကို လေ့လာသွားမှာပါ။

ပြည်ပမှာ ကျောင်းဆက်တက်မယ်ဆိုရင် ဘာတွေလိုအပ်သေးလဲ။

HND ပြီးလို့ B.Sc (Hons;) ဆက်တက်ဖို့ဆိုရင် အနည်းဆုံး IELTS Band 6.5 ရှိရမယ်။ အဲဒီအတွက်လည်း GUSTO မှာ IELTS ကိုပါ တွဲဖက်သင်ကြားပေးနေပါတယ်။ ဘယ်နိုင်ငံကိုပဲသွားသွား အနည်းဆုံး English ကိုတော့ ကောင်းကောင်းပြောနိုင်အောင် လေ့ကျင့်ထားသင့်တယ်လို့ ထင်ပါတယ်။ ကိုယ်က Grading ဘယ်လောက်ကောင်းကောင်း Language Barrier က အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် အခက်တွေ့စေနိုင် ပါတယ်။

HND ကို ပြည်တွင်းမှာပဲတက်ချင်တဲ့ ကျောင်းသားတွေကို ဘယ်လိုအကြံဉာဏ်မျိုး ပေးချင်လဲ။

ပြည်ပမှာ သွားတက်တာက Foreign Experience ရတာမှန်ပေမယ့် အဲ့ဒီဘွဲ့ကိုပဲ ပြည်တွင်းမှာတက်ရတော့ ကိုယ့်မိဘအိမ်မှာပဲ စားဖို့သောက်ဖို့၊ နေဖို့ထိုင်ဖို့ မပူမပန်ရဘဲ အေးအေးဆေးဆေး စာလုပ်လို့ရတဲ့ အခွင့် အရေးကလည်း မနည်းပါဘူး။ Expense ကလည်း အရမ်းကွာတာကြောင့် Oversea သွားတက်မှ တကယ် စာတတ်မြောက်တာ မဟုတ်ပါဘူး။ ပြည်တွင်းမှာလည်း တကယ်ကြိုးစားရင် Oversea သွား တက်တာထက် မနည်း တတ်မြောက်နိုင်မှာပါ။ အိုင်တီနဲ့ပတ်သက်လို့ UK မှ ဘွဲ့ကို ရယူလိုသူတွေအတွက် GUSTO မှာ UK မှ တိုက်ရိုက်ချီးမြှင့်တဲ့ B.Sc (Hons) Computing ဘွဲ့ကို ရယူနိုင်တဲ့အတွက် အိုင်တီကို တကယ်စိတ်ဝင်စားတယ် ဆိုရင်တော့ တက်ရောက်သင့်တယ်လို့ အကြံပေးချင်ပါတယ်။