လျှပ်စစ်ကား ထုတ်လုပ်ရန် Apple စီစဉ်နေဟုဆို

10984568_10152727015122825_1171579722021501981_n.jpg

Apple သည် လျှပ်စစ်ကား ထုတ်လုပ်ရန် လုပ်ဆောင်လျက်ရှိပြီး ၎င်းကို ကုမ္ပဏီအတွင်း Project Titan ဟု သိရှိထားကြကြောင်း၊ မီနီဗင်နှင့် ဆင်တူသည့် Apple ၏ လျှပ်စစ်ကား ဒီဇိုင်းအတွက် လူရာပေါင်းများစွာ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်လျက်ရှိကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။

ထို့အပြင် ကူပါတီနိုအခြေစိုက် ကုမ္ပဏီမှ အမှုဆောင်များသည် သြစတြေးလျသို့ သွားရောက်ကာ စွမ်းဆောင်ရည်မြင့်ကားများကို ထုတ်လုပ်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

Apple သည် လျှပ်စစ်ကားအတွက် အခြားသော ထုတ်ကုန်များနှင့် နည်းပညာများ စမ်းသပ်ရန် platform တစ်ခုကို လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ကုမ္ပဏီအနေဖြင့် iPhone, iPad နှင့် Mac များအတွက် နှစ်အတန်ကြာ သုတေသန ပြုလုပ်ခဲ့သည့် ဘက်ထရီနည်းပညာနှင့် ၂၀၁၂ ခုနှစ်တွင် မိတ်ဆက်ပေးခဲ့သည့် မြေပုံစနစ်တို့ကို လျှပ်စစ်ကားတွင် အသုံးပြုဖွယ်ရှိကြောင်း ဆိုသည်။ Apple သည် iTunes, mapping, messaging နှင့် အခြား application များ ပေါင်းစပ်ပါဝင်ပြီး ကားများတွင် အသုံးပြုနိုင်မည့် software စနစ်တစ်ခု ဖြစ်သော CarPlay ကို ပြီးခဲ့သည့်နှစ်က မိတ်ဆက်ပေးခဲ့သည်။

Apple သည် ကားတစ်စီး ထုတ်လုပ်ရန်အတွက် နှစ်အတန်ကြာ ကတည်းက စိတ်ကူးရှိခဲ့ပြီးဖြစ်ကြောင်း၊ Apple ၏ ဈေးကွက်ရှာဖွေရေးအဖွဲ့မှ စီနီယာ ဒုဥက္ကဋ္ဌ ဖီးလ်ရှီလာ၏ ၂၀၁၂ ခုနှစ်တွင် ပြောကြားချက်အရ ကုမ္ပဏီ၏ အမှုဆောင်များသည် ၂၀၀၇ ခုနှစ်တွင် ဖြန့်ချိခဲ့သည့် iPhone မတိုင်မီ ကားတစ်စီးကို တည်ဆောက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် Apple ဘုတ်အဖွဲ့ဝင်နှင့် J Crew Group Inc အကြီးအကဲဖြစ်သူ မစ်ကီဒရက်ဇလာကလည်း Apple တွဲဖက်တည်ထောင်သူ စတိဗ်ဂျော့ဘ်က ကားတစ်စီး တည်ဆောက်ရန် ဆန္ဒရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ်တွင် ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် Apple သည် သုတေသနသစ်တစ်ခု ပြုလုပ်ရန်အတွက် မော်တော်ကား ကျွမ်းကျင်ပညာရှင်များကို ငှားရမ်းခဲ့ကြောင်း Financial Times မှ ဖော်ပြခဲ့သည်။

အခြားသော နည်းပညာကုမ္ပဏီများသည်လည်း ကားများကို ဖန်တီးလျက်ရှိသည်။ Google သည် အလိုအလျောက် မောင်းနှင်နိုင်သည့် ကားတစ်မျိုးကို ဖန်တီးလျက်ရှိပြီး Tesla Motors ကလည်း လျှပ်စစ်ကားများကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

Ref: SFGate