Sunway University မှ ပေးအပ်သော ရာနှုန်းပြည့် ပညာသင်ဆုကို မြန်မာမှ နှစ်ဦးရရှိ

Schlorship--(2).jpg

မလေးရှားနိုင်ငံ Sunway University မှပေးအပ်သည့် ရာနှုန်းပြည့်ပညာသင်ဆုကို မြန်မာနိုင်ငံမှ မောင်သီရိန်စိုးနှင့် မမေရည်မွန်အေးတို့မှ ရရှိကြောင်းသိရသည်။ ၎င်းတို့နှစ်ဦး အနေဖြင့် ပညာ သင်ဆုရရှိသည့် အတွက် ဇူလိုင်လကျောင်းဖွင့်ချိန်တွင် စတင်တက်ရောက်ရမည်ဖြစ်ပြီး လေးနှစ်ကြာ ပညာသင်ကြားရမည်ဖြစ်သည်။ ဘာသာရပ်များအနေဖြင့် မောင်သီရိန်စိုးမှ International Hospitality Management (B.Sc(Hons)) ကို တက်ရောက်ရမည်ဖြစ်ပြီး မမေရည်မွန်အေးမှာ Accounting & Finance ဘာသာရပ်ကို တက်ရောက်ရမည်ဖြစ် သည်။

“အဓိကကတော့ အင်္ဂလိပ်စာ နားထောင်နိုင်စွမ်းနဲ့ ပြောနိုင်စွမ်းကို အဓိကလုပ်ရတယ်။ ပညာသင်ဆု လျှောက်တော့ Skype နဲ့အင်တာဗျူးဖြေရတယ်။ ကိုယ့်ဖခင်ရဲ့ဝင်ငွေက တစ်လလျှင် ပျှမ်း မျှအားဖြင့် ငါးသိန်းထက် မပိုရဘူးဆိုတဲ့ မြို့နယ်ရုံးက ထောက်ခံချက် ပေးရတယ်။ ကိုယ့်ရဲ့ ပညာရေးအနေနဲ့ တက္ကသိုလ် ဝင်တန်းစာမေးပွဲမှာ တစ်ဘာသာမှာ ရမှတ် ၆၀ ကျော်ရှိရမယ်။ အခြား လှုပ်ရှားမှုတွေအနေနဲ့ လူမှုရေးလုပ်ငန်းတွေမှာ ဘာတွေကူညီထားလဲဆိုတာတွေကို ပြသရပါတယ်” ဟု မောင်သီရိန်စိုးက ပြောသည်။

ပညာသင်ဆုလျှောက်ထား ရန်အတွက် ပညာသင်ဆုသည် ဘာကြောင့်မိမိနှင့်ထိုက်တန်သည် ဆိုသော ခေါင်းစဉ်ကို စာလုံးရေ ၄၀၀ နီးပါး Essay တစ်ပုဒ်ကို ရေးသားတင်ပြရပြီး ပညာသင် ဆုရရှိသည့်အတွက် ၎င်းတို့နှစ်ဦးသည် ကျောင်းတက်နေစဉ်ကာလအတွင်းရမှတ် ၆၀ ရာခိုင်နှုန်းနှင့် အထက်တွင် အမြဲတမ်း တည်ရှိနေရမည်ဖြစ်သည်။