Honda CB500 က အိပ်မက်ထဲက မော်ဒယ်တစ်ခု…

2013-Honda-CB500-.jpg

လက်ရှိ ပြည်တွင်းမှာ အစီးများနေတဲ့ မော်တော်ဆိုင်ကယ်တွေရဲ့  ပုံမှန်အင်ဂျင်က ၁၁၀ စီစီသုံးနဲ့ ၁၂၅ စီစီသုံး အင်ဂျင်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ၁၅၀ စီစီသုံး အင်ဂျင်တပ် မော်ဒယ်လောက်ဆိုရင်ပဲ နယ်ဘက်မှာ Fighter တစ်စီးအနေနဲ့ ဆရာကျနေပြီ ဖြစ်ပေမယ့် အဲဒီလောက်နဲ့ သင့်စိတ်ကူးထဲက Fighter တစ်စီးကို သင် မောင်းနှင်နိုင်ခွင့်ရနေတာ ဟုတ်ပါရဲ့ လား။ ကျွန်တော်ကတော့ မထင်ပါဘူး။ ကျွန်တော် ကိုယ်တိုင်ကလည်း မော်တော်ဆိုင်ကယ်ကို ရူးသွပ်သူ တစ်ယောက်ဖြစ်တာကြောင့် ကျွန်တော့်မှာလည်း အိပ်မက်ရှိတာပေါ့။

အင်ဂျင်ပါဝါ ၅၀၀ စီစီလောက်သာရှိတဲ့ အင်ဂျင်တပ် မော်ဒယ်လောက်ကိုများ စီးလိုက်ရရင်တော့ဆိုတဲ့ အတွေးလေးက စိတ်ထဲမှာ အမြဲ ရှိနေတာပါ။ ဟုတ်လည်း ဟုတ်တယ်၊ တည်ဆောက်မှု အပိုင်းသာ အားကောင်းမယ်ဆိုရင် ၅၀၀ စီစီ အင်ဂျင်တပ် မော်ဒယ်က မောင်းလို့ ကောင်းပါတယ်။ လက်ကိုင်ပိုင်းတွေ၊ အမြန်နှုန်းတွေ ဟန်ချက်မိပါတယ်။ ဘာကြောင့် ဟန်ချက်မိတယ် ပြောရတာလဲဆိုတော့ တလောလေးကပဲ ကျွန်တော် ကိုယ်တိုင် စမ်းသပ် မောင်းနှင်ထားတာကြောင့်ပါ။

Brand က Honda ဆိုတော့ ပြည်တွင်းမှာ လက်ခံထားပြီးသား မော်ဒယ် တစ်ခုပါ။ ဒါပေမဲ့ ခေတ်လူငယ် တော်တော်များများက တရုတ်နိုင်ငံထုတ် Fighter တွေက ဈေးသက်သာတာကြောင့် အကြိုက်များနေတာ တွေ့ ရပေမယ့် တစ်ခုပြောချင်တာက Clutch စနစ်နဲ့ မော်ဒယ်ဆိုရင် ဂျပန်ဘီးတွေကပဲ စိတ်ချရတယ် ဆိုတာပဲ ဖြစ်ပါတယ်။ တခြား Auto စနစ်နဲ့ သွားတဲ့ မော်ဒယ်တွေကို ဘယ်လောက်ကောင်းတယ်၊ မကောင်းတယ်၊ မပြောလိုပေမယ့် Clutch စနစ်နဲ့ မော်ဒယ်ဆိုရင်တော့ ဂျပန်ဘီးတွေကပဲ စိတ်ချရတာကြောင့် Fighter လို မော်ဒယ်မျိုးကိုမှ ဝယ်မယ်ဆိုရင်တော့ ဂျပန်ဘီးပဲ ဝယ်ပါလို့ ဆိုချင်တာပါ။

၂၀၁၃ ခုနှစ်က ထုတ်ထားတဲ့ Honda CB500 မော်ဒယ်မျိုး ပြည်တွင်းမှာ ရနေနိုင်တာရယ်၊ နောက်ပြီး အခုလို ၂၀၁၅ ထဲကို ချင်းနှင်း ဝင်ရောက်လိုက်လို့ အဆိုပါ ၂၀၁၃ ခုနှစ် မော်ဒယ်ကို တစ်နှစ်နိမ့် မော်ဒယ်အဖြစ်နဲ့ ရနိုင်တာက သင့်အတွက် အခွင့်အလမ်းကောင်းပါ။ မော်ဒယ်က Brand New အနေအထား ဖြစ်ပေမယ့် မော်ဒယ်နှစ်တစ်နှစ် နိမ့်သွားတာကြောင့် ဈေးနည်းနည်း ကျသွားနိုင်တာကြောင့် အခုချိန် သင့်အိပ်မက်ထဲက Fighter တစ်စီးကို ဝယ်ဖို့ တာစူနေပြီဆိုရင်တော့ CB 500 က အကောင်းဆုံး မော်ဒယ်ဖြစ်လာမှာပါ။ ဈေးနှုန်းအပိုင်းမှာက မော်ဒယ်ကို ကျပ်သိန်း ၁၂၀ ဝန်းကျင် ဈေးရှိတယ်လို့ သိထားပြီး သင့်အိပ်မက်ကို လက်တွေ့ လို ဖြစ်လာစေမှာပါလို့ ပြောပါရစေ။