ဆင်တူတဲ့ ရုပ်ထွက်မျိုးမရှိတဲ့ Cadillac CTS 2015

Auto-Mobile.jpg

မော်ဒယ်ရဲ့ အနေအထားကတော့ တော်တော်လေး ဆွဲဆောင်မှု အားကောင်းပါရဲ့။ အထူးသဖြင့် အပြင်ဘက် ရုပ်ထွက်က သိသာပေါ်လွင်လွန်းနေတာပါ။ ခေါင်းစဉ်မှာ ပြောထားသလိုပါပဲ၊ ဆင်တူတဲ့
ရုပ်ထွက်မျိုးနဲ့ မော်ဒယ်ကိုပဲ ကျွန်တော် မတွေ့ ဖူးသေးတာပါ။ Cadillac ရဲ့ ATS နဲ့ အခု CTS မှာပဲ အခုလို ရုပ်ထွက်မျိုးရှိတာ ဖြစ်ပြီး ဒီတစ်ချက်နဲ့တင် မော်ဒယ်က လူကြိုက်များနေတော့တာပါ။ အတွင်းခန်း အပိုင်းမှာလည်း မဆိုးလှပေမယ့် နည်းနည်းတော့ မျက်စိရှုပ်တယ်လို့ ဆိုနိုင်အောင် Control တွေ များနေပေမယ့် Feature တွေ အများကြီး ထည့်သွင်းထားတဲ့ မော်ဒယ်က Luxury ဆန်ဆန်နဲ့ သင့်အနေနဲ့သာ စမ်းပြီးမောင်းနှင်ကြည့်မယ်၊ သုံးကြည့်မယ်ဆိုရင် အဆင်ပြေလိုက်တာလို့ စကားထွက်လာမှာ အမှန်ပါ။ ထားပါတော့၊ အခုတော့ ကျွန်တော်တို့ သူ့အကြောင်းနဲ့ ဆက်သွားကြည့်လိုက်ရအောင်ပါနော်။

Pros

CTS နဲ့ ပတ်သက်ပြီး သေချာတာ တစ်ချက်ရှိတယ်ဗျ၊ အဲဒါက အာမခံချက်လို့လည်း ပြောလို့ရတယ်၊ ဘာလဲဆိုတော့ CTS က အင်ဂျင်ပိုင်းမှာ အရင် Cadillac က ထွက်ခဲ့သမျှ မော်ဒယ်တွေရဲ့ အင်ဂျင်တွေနဲ့ မတူညီတဲ့ စွမ်းဆောင်ရည်နဲ့ ဆီစားနှုန်းတွေ တွေ့ ရမယ်ဆိုတာပါပဲ။ ဟုတ်ပါတယ်၊ သူက အင်ဂျင်ရဲ့ စွမ်းဆောင်ရည်အပိုင်းမှာလည်း ထူးခြားကောင်းမွန်သလို တစ်ဖက်ကလည်း ဆီစားနှုန်း သက်သာတာတွေ့ ရပါ တယ်။ နောက်တစ်ချက်က အတွင်းပိုင်း ဒီဇိုင်းဖြစ်ပြီး အပြင်ဒီဇိုင်းက စိတ်ကူးယဉ်ဆန်တယ်လို့ ဝေဖန်နိုင်ပေမယ့် သေချာတာတစ်ခုက အတွင်းပိုင်း ဒီဇိုင်းကတော့ ဆွဲဆောင်မှုရှိပြီး Control တွေကအစ နေရာချထား၊ တပ်ဆင်ထားမှုကောင်းမွန် အကွက်ကျတာ တွေ့ ရပါတယ်။ နောက်ဆုံး ပြောရမယ့် Pros ကတော့ အတွင်းပိုင်းမှာ အသုံးပြု တပ်ဆင်ထားတဲ့ Material တွေက အဆင့်မြင့်သလို အရည်အသွေး ကောင်းမွန် တာကြောင့် နှစ်ရှည် စီးနင်းချင်သူတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

Cons

CTS ရဲ့ မွေးဖွားမှုက အစ ကောင်းတယ်လို့ ဆိုရမှာဖြစ်ပြီး မော်ဒယ်ကို ထုတ်လုပ်ကတည်းက ဆွဲဆောင်မှု ကောင်းမွန်ခဲ့တာ မှန်ပေမယ့် အခုချိန်ထိအောင် ထိရောက်၊ သိသာတဲ့ ဒီဇိုင်းပိုင်း (အတွင်း၊ အပြင်) ပြောင်းလဲနိုင်မှု မရှိသေးတာက အားနည်းချက်တစ်ချက် ဖြစ်နေပါတယ်။ နောက်ပြီးတော့ CTS မှာ တပ်ဆင်ထားတဲ့ Information System က တစ်ခါတစ်ခါမှာ နှေးချင်နေသလို၊ ထပ်ချင်နေသလို ဒါမှမဟုတ် အလုပ် မလုပ်ချင်သလိုလို ဖြစ်နေတတ်ပါတယ်။ ဒီတစ်ချက်ကတော့ ကား မှာ Display စနစ် ပြောင်းလဲတာနဲ့ ပြီးသွားမယ့် ပြဿ     နာ မဟုတ်တာကြောင့် အရင်ဆုံး စမ်းသပ်ကြည့်ပြီးမှ စဉ်းစားသင့်မှာ ဖြစ်ပါတယ်။

Powertrains

တပ်ဆင်ထားတဲ့ အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင် ၂.၀ လီတာသုံး ပုံမှန်လေးလုံးထိုး အင်ဂျင် ဖြစ်နေပြီးတော့ ကျွန်တော့် အမြင်အရတော့ ဒီလောက်တောင်မှ ဒီဇိုင်းပိုင်းမှာ ခေတ်ရှေ့ပြေးအောင် ဖန်တီးထားရင် အင်ဂျင်ပိုင်းကလည်း ဒီထက် အရွယ်အစား မကြီးမားရင် တောင်မှ Turbo စနစ် ဒါမှမဟုတ် Hybrid စနစ်နဲ့ လာသင့်တယ်လို့ ထင်ပါတယ်။ အင်ဂျင်ရဲ့ လည်ပတ်အား တစ်မိနစ်ကို အပတ်ရေ ၃၀၀၀ မှာ ရုန်းအားက ၂၉၅ ပေ-ပေါင် ရှိမှာဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုကတော့ အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်အား တစ်မိနစ်ကို အပတ်ရေ ၅၅၀၀ မှာ မြင်းကောင်ရေ ၂၇၂ ကောင်အား ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီနှုန်းက ရုန်းအား၊ စွမ်းအား မနည်းပေမယ့် Turbo နဲ့ တွဲထားရင်တော့ ပိုကောင်းနိုင်ပါတယ်။

Performance

Cadillac က သူ့ရဲ့ မော်ဒယ်ကို ရုန်းအားကောင်းအောင် ရည်ရွယ်ပြီးတော့ နောက်ဘီးယက်စနစ်နဲ့ ဖန်တီးထားတာ တွေ့ ရပေမယ့် Transmission အပိုင်းမှာတော့ Auto စနစ်နဲ့ လာတာတွေ့ ရပါတယ်။ အသုံးပြု မောင်းနှင်နိုင်မယ့် ဂီယာချက်က ၆ ချက် ထိအောင်ဆိုတော့ အကြီးစားတန်းဝင် ဆီဒင်တစ်စီးအတွက် အနေတော်လောက်ပဲလို့ ဆိုရမှာပါ။ အင်ဂျင်ရဲ့  စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် အမြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်မှုက တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၄.၉ စက္ကန့်လောက်ပဲ ယူမှာဖြစ်လို့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို တွေ့ ရသလို အရင် Cadillac ထုတ်ထားတဲ့ V8 တွေ ရဲ့ စွမ်းဆောင်ရည်လောက်ကိုပဲ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

Fuel

ကားတစ်စီးလုံးရဲ့ အလေးချိန်က ပေါင် ၃၆၀၀ ကျော်ရှိမှာ ဖြစ်ပြီးတော့ ဝန်တင်ဆောင်နိုင်မှုကတော့ အများဆုံး အနေနဲ့ ပေါင် ၁၀၀၀ ဝန်းကျင်ထိအောင်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ CTS မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီ က ၁၉ ဂါလံထိအောင် ဆံ့ဝင်နိုင်တာမို့ ဆီအပြည့် ဖြည့်ထားချိန်မှာတော့ ကားရဲ့ အလေးချိန် ပိုပြီး များနိုင်ပေမယ့် လက်ကိုင်ပိုင်းကတော့ ပိုငြိမ်သွားပါလိမ့်မယ်။ CTS ရဲ့ ပျမ်းမျှ ဆီစားနှုန်းကို ကြည့်မယ်ဆိုရင် ဆီတစ်ဂါလံကို ၂၅ မိုင်ထိအောင် စီးနင်းနိုင်မှာ ဖြစ်တာကြောင့် အမေရိကထုတ် မော်ဒယ်တွေထဲမှာ ဆီစားနှုန်း ကောင်းမွန်တာဖြစ်ပြီး City မှာ ဆိုရင်တော့ မိုင် ၂၀ နှုန်းနဲ့ Highway အတွက်ဆိုရင် မိုင် ၃၀ လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်တာကြောင့် ကောင်းမွန်တဲ့ ဆီစားနှုန်းကို တွေ့ ရပါတယ်။

Body

အရင်တုန်းကတော့ အရင်ဆုံး ပြောခဲ့တဲ့အပိုင်း ဖြစ်ပေမယ့် အခု တစ်ပတ်တော့ အင်ဂျင်ပိုင်းကို အားသာမိတာကြောင့် Body ကို အခုမှ ပြောပါ့မယ်။ အကြီးစား ဆီဒင်တန်းဝင် မော်ဒယ်ဖြစ်ပြီးတော့ ကားရဲ့ အလျားက ၁၆ ပေနဲ့ ၃ လက်မခွဲထိအောင်ရှိမှာ ဖြစ်ကာ ကားရဲ့ မျက်နှာစာ အကျယ်ကတော့ ၆ ပေကို နှစ်စိတ်စွန်းပါတယ်။ ကားရဲ့အမြင့်က ၄ ပေနဲ့ ၉.၂ လက်မရှိမှာ ဖြစ်ပြီးတော့ Cadillac က CTS ကို Off-Road အတွက် ရည်ရွယ်ထားတာ မဟုတ်တာကြောင့် Ground  Clearance ကလည်း နည်းပါးတာ တွေ့ ရပါတယ်။ ကားရဲ့ အတွင်းခန်း အကျယ်ကတော့ ရှေ့ဘက်ခန်းက ၅၇ လက်မ နီးပါးထိအောင် ရှိမှာ ဖြစ်ပြီး နောက် ဘက်ခန်းကတော့ ၅၅ လက်မကို နည်းနည်းလျော့တာ တွေ့ ရပေမယ့် ပုံမှန်ထက် အတွင်းခန်း ကျယ်ဝန်းနေတာလည်း ဖြစ်ပါတယ်။

ဘရိတ်စနစ်မှာတော့ ABS စနစ်ကို တပ်ဆင်ထားပြီး အသက်ကယ် လေအိတ်စနစ်မှာက ရှေ့ ဘက်ဦးခေါင်းပိုင်း အသက်ကယ် လေအိတ်စနစ်၊ ရှေ့ဘက်ခုံတန်း ဘေးဘက် အသက်ကယ် လေ အိတ်စနစ်နဲ့ ဘေး ဘက် စုပေါင်းအသက်ကယ် လေအိတ်စနစ်တွေကို တပ်ဆင်ထားတာ တွေ့ ရပါတယ်။ ဘရိတ်ပိုင်းရဲ့ စွမ်းဆောင်ရည်ကတော့ တစ်နာရီ မိုင်  ၆၀ နှုန်းကနေ ရပ်တန့်မယ်ဆိုရင် ၁၀၈ ပေထိအောင်ပဲ ယူမှာဖြစ်ပြီး အကြီးစား မော်ဒယ်အတွက်ကတော့ အထူးကောင်းမွန်တဲ့ အနေအထားတစ်ရပ်လည်း ဖြစ်ပါတယ်။ ကဲ ..ဒါဆို CTS က သင့်အတွက် ရွေးချယ်စရာ စာရင်းမှာ မဖြစ်မနေ ထည့်ထား သင့်တဲ့ မော်ဒယ် တစ်ခု ဖြစ်လာပြီဆိုတာ သေချာနေပါပြီ။

Ref: www.edmunds.com