Speed Kyat ဝန်ဆောင်မှုကို ယခုလအတွင်း မိတ်ဆက်ဖွယ်ရှိ

Update-News_5.jpg

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းလိုင်းများကို အသုံးပြု၍ ငွေကြေးပေးချေခြင်းနှင့် ငွေကြေးလွှဲပြောင်းခြင်းကို ပြုလုပ်နိုင်မည့် Speed Kyat အမည်ရှိသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုကို ယခုလအတွင်း အသုံးပြုသူများထံ မိတ်ဆက်ပေးသွားနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

ကစ္ဆပနဒီလီမိတက်နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်း ဆောင်ရွက်ထားခြင်း ဖြစ်ပြီး ဘဏ်မလိုအပ်သော ငွေကြေး ဝန်ဆောင်မှုဖြစ်သည်ဟု သိရသည်။

”ဘဏ်မလိုအပ်ဘဲ အားလုံးပူးပေါင်းပါဝင် အသုံးပြုနိုင်မှာပါ။ ဒီလအတွင်းမှာ မိတ်ဆက်ပေးနိုင်အောင် ကြိုးစားနေပါတယ်” ဟု ကစ္ဆပနဒီလီမိတက်မှ ကိုသော်ဇင်က ဆိုသည်။

အဆိုပါဝန်ဆောင်မှုကို ဝက်ဘ်ဆိုက် အနေဖြင့်သော်လည်းကောင်း၊ SMS စနစ် (USSD) အနေဖြင့်သော်လည်းကောင်း၊ Mobile Application အနေဖြင့်သော်လည်းကောင်း အသုံးပြုနိုင်မည်ဟု သိရသည်။ ”အင်တာနက်သုံးတဲ့ လူတွေကော အင်တာနက်မသုံးတဲ့ လူတွေပါ အသုံးပြုနိုင်မှာပါ။ အင်တာနက်မလိုဘဲ သုံးလို့ရအောင် စီစဉ်ထားတယ်” ဟု ၎င်းက ဆိုသည်။

Speed Kyat ဝန်ဆောင်မှုကို မိတ်ဆက်သည့်အခါ အသုံးပြုသူများ အနေဖြင့် ကြိုက်နှစ်သက်စွာ အသုံးပြုနိုင်မည်ဟု ကစ္ဆပနဒီလီမိတက်မှ ယုံကြည်ထားပြီး ဝန်ဆောင်မှု အသုံးပြု သူများကို ငွေကြေး ပြန်လည် ထုတ်ယူနိုင်ရန် တစ်နိုင်ငံလုံးအနှံ့၌ အေးဂျင့်ပေါင်း ၃၀၀ ခန့် စီစဉ်ထားသည်ဟု သိရသည်။

စမ်းသပ် အသုံးပြုနေသော Speed Kyat ဝန်ဆောင်မှု အသုံးပြုလိုပါက ကစ္ဆပနဒီလီမိတက်တွင် ကြိုတင်ငွေများ လာရောက်ထည့်သွင်းနိုင်ကြောင်း၊ Speed Kyat ကို လွန်ခဲ့သော နှစ်လအကြာ ကတည်းက စမ်းသပ်အသုံးပြုနေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အခက်အခဲမရှိ အသုံးပြုနိုင်ခဲ့ကြောင်း ကစ္ဆပနဒီလီမိတက်က ကြေညာထားသည်။

Speed Kyat ကို ယာဉ်စီးခ ပေးချေခြင်းများ၊ ဈေးဝယ်ယူခြင်းများနှင့် အခြားအခြားသော ငွေပေးချေမှု ပုံစံမျိုးစုံတို့၌ အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး မည်သည့် Android မိုဘိုင်းများမဆို Speed Kyat Application ကို ထည့်သွင်းအသုံးပြုနိုင်သည်ဟု သိရသည်။ ဝန်ဆောင်မှုကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး အများဆုံးငွေကြေး ပြန်လည်ထုတ်ယူခြင်းကိုမူ နေ့စဉ်အနေဖြင့် ကန့်သတ်ထားကြောင်း သိရသည်။

“ကိုယ့်ရဲ့မိုဘိုင်းနံပါတ်က ကိုယ့်အကောင့်တစ်ခုပဲ။ ဒီတော့ လုံခြုံစိတ်ချရမှုလည်း ရှိတယ်။ ငွေပေးချေတဲ့ နေရာမှာ ကိုယ်ပိုင်မိုဘိုင်းဖုန်းနံပါတ်ကို တခြားဘက်မှာ မပေါ်စေချင်ရင်လည်း ရတယ်” ဟု ကစ္ဆပနဒီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Speed Kyat ၏ အစီအစဉ်အရ ငွေသားများကို အေးဂျင့်များထံ၌ ကြိုတင်ထည့်သွင်းထားရမည် ဖြစ်သော်လည်း ငွေကြေးလွှဲပြောင်းသည့်အခါ ငွေသား အဖြစ် လက်ခံသူများ သည် အေးဂျင့်ထံ မှ ပြန်လည် ထုတ်ယူနိုင်မည်ဟု သိရသည်။