MPT က ဆင်းမ်ကတ် တစ်သန်းကျော်ကို ဈေးကွက်အတွင်း ဆက်လက်ဖြန့်ချိသွားမည်

IMG_6822.jpg

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ၁,၅၀၀ ကျပ်တန် ဆင်းမ်ကတ် တစ်သန်းကျော်ကို ဆက်လက်ဖြန့်ချိ ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

MPT သည် ပြီးခဲ့သည့်လ တတိယပတ်တွင် ဆင်းမ်ကတ် တစ်သန်းဝန်းကျင်ကို ပြည်တွင်းဈေးကွက်အတွင်း၌ ဖြန့်ချိရောင်းချပြီးဖြစ်ပြီး နောက်ထပ် ဆင်းမ်ကတ် တစ်သန်းခန့်ကို ယခုလပိုင်းအတွင်း ဆက်လက် ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းမှ စုံစမ်းသိရသည်။

ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု၏ ရင်းနှီးမြှုပ်နှံမှုများဖြင့် အကျိုးတူပူးပေါင်း လုပ်ကိုင်နေသည့် MPT သည် ၎င်းတို့၏ ဝန်ဆောင်မှုအသစ်များ စတင်ခဲ့သော ယခုနှစ် ဇန်နဝါရီလ ၁၂ ရက် နောက်ပိုင်းမှစတင်၍ လစဉ် ဆင်းမ်ကတ် တစ်သန်းကို ပုံမှန်ဖြန့်ချိပေးသွားရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်း၏ KDDI ကုမ္ပဏီဘက်မှ တာဝန်ရှိသူတစ်ဦးဖြစ်သော မစ္စတာ တာကာရှိနာကာရှီးမားက ပြောကြားခဲ့သည်။

ယခုလက်ရှိ MPT ဆင်းမ်ကတ်အမျိုးအစား အားလုံးအား အသုံးပြုနေသူ အရေအတွက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၆ သန်းကျော်ရှိလာပြီဖြစ်သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ပထမပတ်မှ စတင်ရောင်းချခဲ့သည့် ၁,၅၀၀ ကျပ်တန် ဆင်းမ်ကတ်များသည် ယခုလက်ရှိတွင် ဈေးကွက်အတွင်း၌ အရေအတွက် ၆ သန်းကျော် ရောင်းချထားပြီးဖြစ်သည်။