OLED display နည်းပညာအတွက် ကန်ဒေါ်လာ ၃.၆ ဘီလီယံ Samsung ရင်းနှီးမြှုပ်နှံမည်

10968557_10152717387902825_100727001698970207_n.jpg

Samsung သည် organic light-emitting diode (OLED) panel များ ထုတ်လုပ်မှုအတွက် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိကြောင်း Reuters မှ ဖော်ပြခဲ့သည်။

တောင်ကိုရီးယား အီလက်ထရွန်နစ် ကုမ္ပဏီကြီးသည် အလတ်စားနှင့် အသေးစား OLED display များကို အဓိကထား ထုတ်လုပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း Samsung မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Reuters ထံ ပြောကြားခဲ့သည်။

အဆိုပါ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန် ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ထွက်ရှိမည့် ထုတ်ကုန်သစ်များ ပြုလုပ်ရန်အတွက် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Samsung သည် လာမည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန် ချစ်ပ်စက်ရုံတစ်ခုကို တောင်ကိုရီးယားတွင် တည်ဆောက်ဖွယ်ရှိသည်။

လေ့လာဆန်းစစ်သူများ၏ အဆိုအရ OLED display များကို Samsung ၏ ၅.၆ လက်မ Galaxy Note Edge စမတ်ဖုန်းတွင် အသုံးပြုထားသော curved screen များအတွက် ရည်ရွယ်ထုတ်လုပ်ဖွယ်ရှိကြောင်း သိရသည်။ ထို့အပြင် Samsung ၏ အသစ်ထွက်ရှိမည့် နာမည်ကျော် Galaxy စမတ်ဖုန်းကို ပုံစံနှစ်မျိုးဖြင့် တွေ့မြင်ရဖွယ်ရှိကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။

Samsung သည် လတ်တလောတွင် စမတ်ဖုန်းရောင်းအား ကျဆင်းမှုနှင့် တွေ့ကြုံနေရပြီး ကုမ္ပဏီ၏ ဝင်ငွေ ပိုမိုရရှိရန်အတွက် ၎င်း၏ လုပ်ငန်းကို ပြောင်းလဲရန် စီစဉ်လျက်ရှိသည်။

စမတ်ဖုန်း တင်ပို့မှုနှင့် ရောင်းချမှုတွင် Samsung သည် ပြိုင်ဘက် Apple ကို ရှုံးနိမ့်ခဲ့ကြောင်း IDC ၏ နောက်ဆုံးထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Ref: CNET