Android Lollipop Tips and Tricks အချက် (၂၀)

android-lollipop-620x349.jpg

Android 5.0 Lollipop သည် Google မှ ဖန်တီးထားသည့် Android mobile operating system ၏ နောက်ဆုံးဗားရှင်းဖြစ်သည်။ ၎င်းကို ၂၀၁၄ ခုနှစ် ဇွန်လ ၅ ရက်တွင် Google I/O ၌ မိတ်ဆက်ပေးခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်တွင် over-the-air (OTA) update များအဖြစ် တရားဝင် ဖြန့်ချိခဲ့သည်။ လက်ရှိတွင် Android Lollipop ကို ထုတ်ကုန်အချို့တွင်သာ အသုံးပြုနိုင်သေးသော်လည်း များမကြာမီတွင် အသစ်ထွက်ရှိမည့် စမတ်ဖုန်းများ၌ တွေ့မြင်ရမည် ဖြစ်သလို ထုတ်ကုန်အဟောင်း အချို့တွင်လည်း update များအဖြစ် ဖြန့်ချိပေးဖွယ်ရှိသည်။ ထို့ကြောင့် Android Lollipop ကို အသုံးပြုနေသူများနှင့် အသုံးပြုရန် ပြင်ဆင်နေသူများ သိထားသင့်သည့် Tips and Tricks အချက် (၂၀) ကို ဖော်ပြလိုက်ပါသည်။

Guest login ကို အသုံးပြုခြင်း

သုံးစွဲသူ အနေဖြင့် မိမိ၏ Android ထုတ်ကုန်ကို မိသားစုအတွင်း ဝေမျှသုံးစွဲမည် ဆိုပါက Guest user ကို အသုံးပြုနိုင်သည်။ Guest user ဖြင့် သုံးစွဲသူတိုင်းသည် မိမိ၏ email များအပြင် Facebook နှင့် အခြားသော ကိစ္စရပ်များကို မြင်တွေ့ရမည် မဟုတ်ပေ။ Guest user mode ဖြင့် အသုံးပြုလိုပါက notification bar ကို အောက်သို့ဆွဲပြီး ညာဘက်အပေါ်ထောင့်ရှိ user icon ကို နှိပ်ကာ Guest user ကို ရွေးခြင်းဖြင့် အသုံးပြုနိုင်သည်။ Guest user မှ ယခင် device user အဖြစ် ပြောင်းလဲလိုပါက အလားတူ လုပ်ဆောင်ချက်အတိုင်း ပြုလုပ်နိုင်သည်။ နောက်ထပ် user အသစ် ထပ်မံထည့်သွင်းလိုပါက Add user ကိုနှိပ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။

Profile များကို အသုံးပြုခြင်း

အချို့သော အခြေအနေများတွင် Guest login ဖြင့် လုပ်ဆောင်ရသော်လည်း အချို့သော ကိစ္စရပ်များတွင် profile တစ်ခု ဖန်တီးခြင်းဖြင့် ပြုလုပ်နိုင်သည်။ Settings > Users သို့သွားရောက်ပြီး Add user or profile ကို ရွေးပါ။ ပြီးလျှင် Restricted profile ကိုရွေးပြီး ၎င်း profile တွင် အသုံးပြုနိုင်မည့် app များနှင့် ဝန်ဆောင်မှုများကို ရွေးပါ။ ထပ်ဆောင်း setting များအတွက် tool icon ကိုနှိပ်ပါ။ Profile အမည်ထည့်သွင်းရန်အတွက် စာမျက်နှာထိပ်ဆုံးရှိ New profile ကိုနှိပ်ပြီး ပြုလုပ်ပါ။

Tap နှစ်ချက်နှိပ်ကာ ဖုန်းဖွင့်ခြင်း

Standby အနေအထားကနေ ဖုန်းကို ဖွင့်ဖို့အတွက် power ခလုတ်ကိုနှိပ်ပြီး ဖွင့်စရာမလိုတော့ပါဘူး။ အဲ့ဒီအစား screen ပေါ်မှာ tap နှစ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်ပါပြီ။

Notification များကို လျှော့ချခြင်း

Install လုပ်ထားသည့် application တိုင်းမှ မလိုအပ်သည့် notification များကို လျှော့ချရန်အတွက် စိတ်ကြိုက်ပြင်ဆင်မှု ပြုလုပ်နိုင်သည်။ Settings > Sound and notification တွင် App notification ကို နှိပ်ပြီး သက်ဆိုင်ရာ app မှာ notification များအတွက် သတ်မှတ်ထားနိုင်သည်။

Lock screen notification များကို စီမံခန့်ခွဲခြင်း

Lock screen ပေါ်တွင် မတွေ့မြင်စေလိုသည့် notification များကိုလည်း စိတ်ကြိုက် စီမံခန့်ခွဲထားနိုင်သည်။ Settings > Sound and notification > App notification တွင် သတ်မှတ်လိုသည့် app ကို ရွေးချယ်ပြီး Sensitive setting ကိုဖွင့်ပါ။ ပြီးလျှင် Settings > Sound & notification တွင် When device is locked ကို နှိပ်ပြီး နှစ်သက်ရာ ရွေးပါ။ Hide sensitive notification content option ကို မတွေ့ပါက lock screen swipe, pattern, pin သို့မဟုတ် password မသတ်မှတ်ထားခြင်းကြောင့် ဖြစ်သည်။

Act on notifications

Locked screen ပေါ်မှ notification များကို ဘယ်/ညာ swipe လုပ်ကာ ဖယ်ရှားခြင်း သို့မဟုတ် tap နှစ်ချက်နှိပ်ကာ သက်ဆိုင်ရာ app သို့ သွားရောက်ခြင်းတို့အတွက် Settings > Sound and notification > App notification တွင် သတ်မှတ်ထားနိုင်သည်။

Lock screen မှတစ်ဆင့် ကင်မရာကို အသုံးပြုခြင်း

Nexus 9 တွင် lock screen အောက်ခြေညာဘက်၌ ကင်မရာ icon ကိုထည့်သွင်းထားပြီး ဘယ်ဘက်တွင် ဖုန်း icon ကို ထည့်သွင်းထားသည်။ ၎င်းတို့ကို အသုံးပြုရန်အတွက် ရေပြင်ညီအတိုင်း အတွင်းဘက်သို့ swipe လုပ်ပြီး သုံးနိုင်သည်။

Lollipop setting များ ရှာဖွေခြင်း

Android ကို အမြဲတမ်း သုံးစွဲသူ တစ်ဦးပင်လျှင် setting အတွင်းရှိ လိုအပ်သည့် အရာများကို မေ့လျော့နိုင်သည်။ သို့သော် Lollipop တွင် settings app မှ ရှာဖွေမှုများ ပြုလုပ်နိုင်သည် Settings သို့သွားပြီး screen ညာဘက်အပေါ်ထောင့်ရှိ search icon ကိုနှိပ်ကာ ရှာဖွေမှု ပြုလုပ်နိုင်သည်။

အရည်အသွေးမြင့် အသံ output ဖြင့် အသုံးပြုခြင်း

Play Movies မှတစ်ဆင့် ရုပ်ရှင်ကြည့်ရှုရာတွင် အရည်အသွေးမြင့်သည့် အသံနှင့် နားဆင်လိုသူများ အနေဖြင့် 5.1 surround sound ကိုဖွင့်ပြီး အသုံးပြုနိုင်သည်။ အသုံးပြုလိုပါက Play Movies & TV ကိုဖွင့်ပြီး ဘယ်ဘယ်အပေါ်ထောင့်ရှိ menu ကိုနှိပ်ပါ။ ပြီးလျှင် Settings ကိုနှိပ်ပါ။ Enable surround sound ကို အမှန်ခြစ်ရွေးပါ။

စွမ်းအင်ချွေတာခြင်း

Lollipop တွင် ပါဝင်သည့် battery saver feature များသည် ဘက်ထရီ သက်တမ်းကို ၉၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ကြောင်း Google က ဆိုထားသည်။ ဘက်ထရီ အခြေအနေကို သိရှိရန်အတွက် notification tray ကို အောက်ဘက်သို့ ဆွဲပြီး percentage charge indicator ဘေးရှိ icon ကိုနှိပ်ပါ။ ဘက်ထရီ သုံးစွဲမှု ဂရပ်ပေါ်လာပါမည်။ Screen ညာဘက်ထိပ်ရှိ အစက်သုံးစက်နှင့် menu icon ကိုနှိပ်ပြီး Battery saver ကိုနှိပ်ပါ။ ၎င်း Battery saver mode ကို ဖွင့်လိုက်သည့်အခါတွင် screen အပေါ်ဘက်နှင့် အောက်ဘက်အပြင် ဘယ်ဘက်ထိပ်ရှိ ဘက်ထရီ icon တွင် လိမ္မော်ရောင် bar များ တွေ့ရမည် ဖြစ်သည်။ ၎င်းကို ဘက်ထရီ ၅ ရာခိုင်နှုန်း သို့မဟုတ် ၁၅ ရာခိုင်နှုန်းတွင် အလိုလျောက် ဖွင့်ပေးရန် သတ်မှတ်ထားနိုင်သည်။ ဘက်ထရီပြည့်သွားသည့်အခါ ၎င်းကို ပိတ်ပေးရန် မလိုအပ်ပေ။ အားပြည့်သည့်အခါ ၎င်း mode က အလိုအလျောက် ပိတ်သွားမည် ဖြစ်သည်။

Overview ခလုတ်ကို အသုံးပြုခြင်း

ယခင် Recent Apps ခလုတ်သည် Lollipop တွင် Overview ခလုတ် ဖြစ်လာသည်။ Screen အောက်ခြေရှိ စတုရန်း ခလုတ်ကို နှိပ်လိုက်သည့်အခါတွင် ဖွင့်ထားသည့် app များ အစီအရီ ပေါ်လာမည် ဖြစ်သည်။ Gmail တွင် email တစ်စောင်ရေးသားသည့်အခါ mail နှင့် Gmail app ကို သီးခြားစီ မြင်တွေ့ရမည် ဖြစ်သည်။

Bluetooth ဖြင့် unlock ပြုလုပ်ခြင်း

ဖုန်းကို အခြားသော ထုတ်ကုန်များဖြင့် unlock ပြုလုပ်နိုင်သည်။ ပထမဦးစွာ Bluetooth နှင့် pair လုပ်ရမည် ဖြစ်သည်။ ပြီးလျှင် Settings > Security > Smart Lock ထံသွားပါ။ Security code ကို ထည့်ပါ။ ထို့နောက် Trusted devices ကို နှိပ်ပြီး plus icon ကိုနှိပ်ပါ။ ပြီးလျှင် Bluetooth ကိုရွေးပြီး device ကိုရွေးပါ။ အဲ့ဒီနောက် pair လုပ်ထားသည့် ထုတ်ကုန်ဖြင့် ဖုန်းကို unlock လုပ်နိုင်ပါပြီ။

Face unlocking

Face unlock က Lollipop မှသာ အသစ်ပါဝင်လာသည့် feature မဟုတ်ပေ။ သို့သော်လည်း ယခင်ထက် ၎င်းမှာ လုပ်ဆောင်ချက် ပိုမိုကောင်းမွန်လာသည်။ မျက်နှာဖြင့် ဖုန်းကို unlock လုပ်ရာတွင် Bluetooth နှင့် unlock ပြုလုပ်သည့် နည်းအတိုင်း ပြုလုပ်နိုင်သည်။ Settings > Security > Smart Lock ထံသွားပြီး security code ကိုထည့်ပါ။ ပြီးလျှင် Trusted face ကိုရွေးပြီး SETUP ကိုနှိပ်ပါ။ အလင်းရောင်ကောင်းသည့် နေရာတွင် ဖုန်း၏ အရှေ့ဘက်ကင်မရာကို မျက်နှာအရှေ့တည့်တည့်၌ ချိန်ထားပါ။ ပြီးလျှင် NEXT ကိုနှိပ်ပြီး မျက်နှာကို screen ၏ frame အတွင်း အံဝင်ခွင်ကျဖြစ်အောင် ထားပါ။ အဲ့ဒီနောက် screen ကို ကြည့်ရုံဖြင့် unlock လုပ်နိုင်ပါပြီ။

Do not disturb

Android ထုတ်ကုန်များတွင် volume ခလုတ်ကိုနှိပ်သည့်အခါ silent နှင့် vibrate mode ဖြစ်သွားသည်ကို အားလုံး သိရှိပြီးသား ဖြစ်သည်။ Lollipop တွင် volume ခလုတ်ကိုနှိပ်သည့်အခါ priority mode အဖြစ် ပြောင်းလဲနိုင်သည့် လုပ်ဆောင်ချက်အသစ် ပါဝင်လာသည် ၎င်းသည် ဖုန်းခေါ်ဆိုမှုများနှင့် message များ လက်ခံမည့်အချိန်ကို ထိန်းချုပ်နိုင်သည်။ အချိန်ဖြင့် အလိုအလျောက် သတ်မှတ်ထားလိုပါက Settings > Sound & notification > Inerruptions တွင် ပြုလုပ်နိုင်သည်။

Flashlight

Third party Flashlight app များသည် အလွန်နာမည်ကျော်ကြားသလို မဖြစ်မနေ download ပြုလုပ်ကြသည့် app များဖြစ်သည်။ ယခုအခါတွင် Lollipop ၌ notification ကို အောက်သို့ ဆွဲပြီး Flashlight icon ကို ဖွင့်ခြင်းဖြင့် ကင်မရာ LED ကို flashlight အနေဖြင့် အသုံးပြုနိုင်ပြီဖြစ်သည်။

Screen တစ်ခုကို Pin တွဲခြင်း

Android ၏ screen pinning သည် screen locking နှင့် ပိုမိုဆင်တူသည်။ Lollipop တွင် app တစ်ခုကို lock ပြုလုပ်ပြီး button press combo သို့မဟုတ် PIN code မထည့်အချင်းအထိ အသုံးပြုနိုင်သည်။ ၎င်းသည် ကလေးများ ဂိမ်းကစားစဉ် သို့မဟုတ် ဗီဒီယို ကြည့်ရှုစဉ်တွင် အခြားသော အရာများကို အသုံးမပြုနိုင်စေရန်အတွက် အသုံးတည့်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။

အသုံးပြုရန်အတွက် ပထမဦးဆုံး Settings > Security > Screen pinning သို့သွားပါ။ Toggle လုပ်ပြီး feature ကိုဖွင့်ပါ။ ပြီးလျှင် pin တွဲလိုသည့် screen ကိုဖွင့်ပါ။ Overview ခလုတ်ကိုနှိပ်ပြီး thumbnail တစ်ခုလုံးကို မြင်ရရန်အတွက် app ကို အပေါ်သို့ဆွဲပါ။ ပြီးလျှင် ညာဘက်အောက်ထောင့်ရှိ pin icon ကိုနှိပ်ပါ။ Unpin ပြုလုပ်လိုပါက Back နှင့် Overview ခလုတ်များကို တစ်ပြိုင်နက်နှိပ်ပါ။ Unpin အတွက် PIN တစ်ခုထည့်သွင်းကာ သတ်မှတ်ထားနိုင်သည်။

အရောင်မခွဲခြားနိုင်သူများအတွက် သင့်တော်မည့် screen အရောင်များ ပြောင်းလဲခြင်း

Colour Blindness ဟုခေါ်သည့် အရောင်မခွဲခြားနိုင်သူများသည် အမျိုးသား ၁၂ ဦးလျှင် ၁ ဦးနှင့် အမျိုးသမီး ၂၀၀ တွင် ၁ ဦး ရှိသောကြောင့် Lollipop တွင်ပါဝင်သည့် feature တစ်ခုက အလွန်ကို အသုံးတည့်စေမည် ဖြစ်သည်။ အရောင်မခွဲခြားနိုင်သူများတွင် deuteranopia, protanopia နှင့် tritanopia ဟူ၍ အမျိုးအစား သုံးမျိုးရှိသည်။ ၎င်းတို့အတွက် Settings > Accessibility > Colour correction တွင် screen အရောင်ကို ပြောင်းလဲနိုင်သည်။

Calendar event များကို အလိုအလျောက် ထည့်သွင်းခြင်း

Calendar app တွင် event များကို အလိုအလျောက် ထည့်သွင်းလိုပါက Gmail မှ event များကို ထည့်သွင်းနိုင်သည်။ Calendar app တွင် menu ခလုတ်ကိုနှိပ်ပြီး Settings ထံသွားပါ။ ဘယ်ဘက်ခြမ်းတွင် “Events from Gmail” ကိုနှိပ်ပြီး slider ကိုအသုံးပြုကာ On သို့ပြောင်းပါ။

Chromecast ကိုအသုံးပြုခြင်း

ဒီနည်းလမ်းကို ပြုလုပ်ရန်အတွက် Chromecast တစ်ခုရှိရန်လိုအပ်သည်။ Chromecast ရှိသူများ အနေဖြင့် notification ကို အောက်သို့ဆွဲပြီး Cast screen ကိုနှိပ်ကာ Chromecast ကို ရွေးချယ်ခြင်းဖြင့် အသုံးပြုနိုင်သည်။

ဂိမ်းကစားခြင်း

Lollipop တွင် ဂိမ်းတစ်ခုကို ဖုံးကွယ်ထားသည်။ ၎င်းဂိမ်းမှာ Easter eggs ဟုခေါ်သည့် ၈ိမ်းဖြစ်သည်။ Settings > About ထံသွားပြီး Android version ကို screen မပြောင်းမီအထိ အမြန် tap လုပ်ပါ။ Lollipop တစ်ခုပေါ်လာသည့်အခါ ၎င်းပေါ်တွင် လက်ဖြင့် ကြာကြာဖိထားပါ။ ဂိမ်းတစ်ခု ပေါ်လာပါမည်။ ၎င်းဂိမ်းမှာ Flappy Bird အသွင် ကစားရမည့် ဂိမ်းဖြစ်သည်။

Ref: LifeHacker