ပီစီအသေးစားလေးများရဲ့ စွမ်းပကား

037036_5.jpg

ကဏ္ဍအလိုက် နည်းပညာတိုး တက်မှုတွေက ဆယ်စုနှစ်တွေကို ဖြတ်ကျော်ရင်း အရှိန်အကောင်းဆုံး အချိန်ကို ရောက်လာခဲ့တယ်။ နည်းပညာ တစ်ခုချင်းရဲ့ တိုးတက်မြင့်မား လာမှုတွေအပေါ် အံ့သြရတာထက် နည်းပညာတစ်ခုနဲ့ တစ်ခုပေါင်းစပ် အသုံးချနိုင်မှုက ပိုပြီးစိတ်ဝင်စားစရာ ကောင်းလှတယ်။ နည်းပညာ အမျိုးမျိုးကို တစ်နေရာရာမှာ ဆုံတွေ့စေပြီး အသုံးပြုလိုက်တဲ့အခါ လှုပ်လှုပ်ရွရွ ဝမ်းသာအားရ ကြိုဆိုစရာ ဖြစ်သွားတော့တယ်။ စက်မှုတော်လှန်ရေး စတင်ချိန်ကဖြစ်ဖြစ်၊ နည်းပညာ တော်လှန်ရေး အစပိုင်းမှာဖြစ်ဖြစ် ထုထည်ပမာဏ ကြီးကြီးနဲ့လေးလံလှတဲ့ စက်တွေ၊ ကိရိယာတွေကို ပထမဆုံး ဖန်တီးယူကြရတယ်။ ရင်းနှီးကျွမ်းဝင် လာတဲ့အခါ ဆင့်ကဲဖြစ်စဉ်တွေနဲ့ အသုံးချယူတဲ့ စက်တွေ၊ ကိရိယာတွေကို အတတ်နိုင်ဆုံး သေးငယ်ပေါ့ပါးနိုင်ဖို့ တစ်ဆင့်ချင်း လျှော့ချယူကြ ပြန်တယ်။

ဒီနေ့ခေတ်ပိုင်းက mobility လို့ခေါ်တဲ့ သွားလာလှုပ်ရှားရင်း လုပ်ကိုင်ခွင့်ရနိုင်မယ့် အခွင့်အလမ်းကို ပိုပြီးဦးစားပေး တောင့်တကြတယ်။ ဒီအတွက် ကွန်ပျူတာစနစ် ထည့်သွင်း တည်ဆောက်ထားတဲ့ မိုဘိုင်းဖုန်းတွေနဲ့ Tablet တွေ ခေတ်စားနေခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်အထိ မိုဘိုင်းအဆင့်နဲ့ စားပွဲပေါ်တင် သုံးတဲ့စနစ် နှစ်ခုတို့ရဲ့ ကွန်ပျူတာစနစ်ကို အသုံးချနိုင်တဲ့ အင်အားချင်း ကွာခြားနေဆဲ ဖြစ်တယ်။ ဒီအတွက် ပီစီကွန်ပျူတာ ထုတ်လုပ် ရောင်းချနိုင်တဲ့ ဈေးကွက်အနေနဲ့ အရင့်အရင်က နှုန်းထားတွေလောက် တိုးတက်မှု နှုန်းထားအားရစရာ သိပ်မကောင်း လှပေမယ့် နိမ့်ကျသွားတဲ့ အခြေအနေ မရှိခဲ့ပေ။ ထုထည်ကြီးမားမှု၊ လေ့လာမှုဆိုတဲ့ အကြောင်းပြချက်တွေကို အတတ်နိုင်ဆုံး ဖယ်ရှားပြီး ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ဖြစ်စေမယ့် ဒီဇိုင်းတွေနဲ့ ထုတ်လုပ်ရောင်းချ မှုတွေအပေါ် ဝယ်ယူအသုံးပြု သူတွေ စိတ်ဝင်စားမှု ရှိကြတယ်။

တစ်ချိန်တည်းမှာပင် display technology များရဲ့ တိုးတက် ပြောင်းလဲမှုတွေကလည်း ထူးထူးခြားခြား ရှိခဲ့တယ်။ ရုပ်မြင်သံကြား ကြည့်ရှုနိုင်တဲ့ display တွေက ကွန်ပျူတာ မော်နီတာသဖွယ် အသုံးပြုနိုင်ကြတယ်။ နောက်ဆုံး Smart TV များပင် ပေါ်ထွက်နေပြီဖြစ်တယ်။ ဒီအတွက် အလွယ်တကူ သယ်ယူသွားနိုင်တဲ့ ကွန်ပျူတာစနစ်သုံး မိုဘိုင်းကိရိယာ လေးတွေနဲ့ ဆက်သွယ်အသုံးပြုခွင့် အလွယ်တကူ ရနိုင်ကြတယ်။

၂၀၁၅ ခုနှစ် CES  ပြပွဲကြီးမှာ Intel ကုမ္ပဏီက Compute Stick ကို Windows 8.1 စနစ်နဲ့ အသုံးပြုနိုင်ကြောင်း မိတ်ဆက်ပြသခဲ့တယ်။ USB Thumb Drive ပုံစံလေးဖြစ်ပြီး Windows 8.1 နဲ့ ထုတ်လုပ်တဲ့ ပုံစံအတွက် ၁၄၉ ဒေါ်လာနဲ့ ရောင်းချပါလိမ့်မယ်။ မိမိတို့အိမ်မှာ အသုံးပြုတဲ့ LCD- TV ဒါမှမဟုတ် LED-TV နဲ့ တွဲဖက်ပြီး ကွန်ပျူတာ တစ်လုံးလို အသုံးပြုနိုင်တယ်။ Intel quad-core Atom CPU ထည့်သွင်း အသုံးချထားပြီး 2GB RAM နဲ့  32 GB Storage တို့ ထည့်သွင်း တည်ဆောက်ထားတယ်။ USB Port တစ်ခုပါတယ်။ WiFi နဲ့ Bluetooth 4.0 ကိုပံ့ပိုး ဆောင်ရွက်စေတယ်။ ပါဝါအတွက် mini USB နဲ့ ဆက် သွယ် အသုံးပြုနိုင်တယ်။ တကယ် လို့ 1GB RAM နဲ့ 8 GB Storage ပါဝင်ပြီး Linux စနစ်နဲ့လည်ပတ် ဆောင်ရွက်စေတဲ့ ပုံစံကိုအလိုရှိ တယ်ဆိုရင် ၈၉ ဒေါ်လာနဲ့ပင် ရနိုင်မယ်လို့ ကြေညာသွားတယ်။ ဈေးကွက် အသီးသီးကို ၂၀၁၅ ခုနှစ် မတ်လအတွင်း ရောက်စေရမယ် လို့ CES ပြပွဲကြီးမှာ ပြောကြားခဲ့တယ်။ အသုံးပြုတဲ့ လည်ပတ် စနစ်ပေါ်မူတည်ပြီး လိုအပ်တဲ့ apps တွေကို အသုံးချနိုင် စေပါလိမ့်မယ်။ အင်္ကျီအိတ်ထဲ ဆောင်သွားပြီး ရောက်ရာအရပ်မှာ ရှိတဲ့ TV နဲ့ ဆက်သွယ်ပြီး ကွန်ပျူတာ တစ်လုံးလို အသုံးချနိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ အလွယ်တကူ  လိပ်ယူသယ်သွားနိုင်တဲ့ Keyboard နဲ့ Mouse တော့ တွဲဖက်အသုံးချဖို့ လိုပါလိမ့်မယ်။

CES ပြပွဲကြီးပြီးလို့ ရက်သတ္တပတ် နှစ်ပတ်အကြာမှာ အလားတူ အိတ်ဆောင် ပီစီလေးတစ်မျိုးကို Hannspree ကုမ္ပဏီက မိတ်ဆက်လာပြန်ပါတယ်။ “PC on a Stick”လို့ ဆိုညွှန်းပြီး HannsG Hannspree Micro-PC လို့ခေါ်တွင် စေပါတယ်။ Hannspree အမှတ်တံဆိပ်ကို တီဗွီနဲ့ မော်နီတာများမှ တစ်ဆင့် အသုံးပြုသူများ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်ကြပါလိမ့်မယ်။ တရုတ် (တိုင်ပေ) နိုင်ငံ HannStar Display Corporation က ထုတ်လုပ်တဲ့ အမှတ်တံဆိပ် ဖြစ်တယ်။ ယခုအခါ Notebook တို့ Laptop တို့ Tablet ကွန်ပျူတာတို့ကိုပင် ထုတ်လုပ်နေပြီ ဖြစ်တယ်။ Intel ရဲ့ Compute Stick လိုပင် USB Thumb drive ပုံစံအရွယ်သာ ရှိတယ်။ 1.83 GHz Intel  Atom Z3735F quad-core ပရိုဆက်ဆာကို သုံးထားပြီး 2GB RAM နဲ့ 32 GB-Storage တို့ ပါဝင်တယ်။ 802.11  b/g/n WiFi နဲ့ bluetooth 4.0 ကြိုးမဲ့စနစ်တို့ကို လုပ်ကိုင်ဆောင်ရွက် နိုင်တယ်။ USB Port တို့ micro USB Port တို့နဲ့ micro SD Card reader တို့ ပါဝင်တဲ့အပြင် HDMI connection ကိုလည်း အသုံးချနိုင်မှာ ဖြစ်တယ်။ Micro SD slot အနေနဲ့ 64 GB Storage အထိ လက်ခံဆောင် ရွက်ပေးနိုင်တယ်။

Intel Atom Z3735F Pro-cessor အနေနဲ့ 646MHz အထိ clock speed ရရှိနိုင်တဲ့ Intel HD graphic ပါဝင်ပြီး ဖြစ်တဲ့အတွက် Multimedia နဲ့ casual gaming ကိစ္စများကို လုပ်ကိုင်ပေးနိုင်တဲ့ အရည်အချင်းရှိတယ်။ ၁၀၀ မီလီ ×  ၃၈ မီလီ × ၉.၈ မီလီ အရွယ်အစားနဲ့ ၃၈ ဂရမ်သာလေးတဲ့ microPC လေး ဖြစ်တယ်။ HDMI  display နဲ့ ဆက်သွယ်ပြီး Windows 8.1 လည်ပတ်စနစ်နဲ့ လုပ်ကိုင်ပေးနိုင်တယ်။ ၂၅၇ ဒေါ်လာနဲ့ ရောင်းချပါလိမ့်မယ်။ ဒါပေမဲ့ Windows 8.1 လိုင်စင်ဗားရှင်းကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်တယ်။

ဒီလို Micro PCs ပုံစံတွေ နှစ်ဦးပိုင်းမှာ မိတ်ဆက်လာခဲ့ပြီးတဲ့နောက် မကြာသေးခင်က Mouse လေးတစ်ခုအတွင်း ကွန်ပျူတာစနစ်ကြီး တစ်ခုလုံး ထည့်သွင်းပြီး ရောင်းချတော့မယ့် Mouse-Box ဆိုတဲ့ ပီစီအသေးစားလေး ထွက်ပေါ်လာ ပြန်ပါတယ်။ ပိုလန်နိုင်ငံသား အင်ဂျင်နီယာတွေက တီထွင်ထုတ်လုပ်ခဲ့တာလို့ သိရတယ်။ Mouse ကိရိယာလေးအတွင်း ကွန်ပျူတာတစ်လုံးရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ထည့်ပေးလိုက်တာလို့ ဆိုရပါလိမ့်မယ်။ 1.4GHz Dual Core ARM CPU နဲ့ 128 GB Flash storage တို့ပါရှိတယ်။ USB 3.0 Port (၂) ခု ပါရှိပြီး micro-HDMI output နဲ့ WiFi Connectivity တို့ ကိုလည်း အသုံးပြုခွင့် ရနိုင်တယ်။ မော်နီတာ ဒါမှမဟုတ် တီဗွီတစ်ခုရှိမယ်။ ကီးဘုတ်တစ်ခု ရှိမယ်ဆိုရင်ပင် ပေါပေါ့ပါးပါး ရှိလှတဲ့ လည်ပတ်စနစ် တစ်ခုခုနဲ့ ကွန်ပျူတာ တစ်လုံးကို အသုံးပြုခွင့်ရသလို ခံစားခွင့်ရမှာ ဖြစ်တယ်။ Chrome OS ဒါမှမဟုတ် Linux စနစ်နဲ့ အံဝင်ခွင်ကျ အသုံးချနိုင် ပါလိမ့်မယ်။

ကိုယ်နဲ့မကွာ သယ်ဆောင်သွားနိုင်တဲ့ Phablet နဲ့ Tablet တို့ရဲ့ဈေးကွက်က ပေါ်ပြူလာ ဖြစ်လာပေမယ့်၊ ပီစီဈေးကွက်အတွက် ထိန်းချုပ်ထားနိုင်စေဖို့ ပေါ့ပေါ့ပါးပါး သွယ်သွားလို့ရတဲ့ Ultrabook တွေ၊ minibook တွေ အပြင် Mini PCs တွေနဲ့ Micro PCs တွေနဲ့ ကျားကန်ထားတဲ့ အတွက် ၂၀၁၅ ခုနှစ်အတွင်းမှာ ကွန်ပျူတာ စနစ်အမျိုးမျိုးရဲ့ ဈေးကွက် နေရာလုပွဲက ပို၍ကြည့်လို့ ကောင်းလာကြောင်း တင်ပြလိုက်ရပါတယ်။