Horizon International Schools မှပေးအပ်မည့် ပညာသင်ဆုကို အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်

scholarship-flyer.jpg

ပညာရေးတွင် အလားအလာကောင်းပြီး  ပါရမီရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် အခွင့်အလမ်းကောင်းများ ရရှိနိုင်စေရန်  ရည်ရွယ်၍ Horizon International Schools မှ ပညာသင် ဆုများ ပေးအပ်သွားမည်ဖြစ်ပြီး အခြေခံပညာ စတုတ္ထတန်း၊ ပဉ္စမတန်းနှင့် ဆဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

ပညာသင်ဆုစာမေးပွဲအ တွက် သတ်မှတ်ထားသော ပညာသင်ဆုပေးမည့် အတန်းအသီးသီးတွင် တက်ရောက် ပညာသင်ကြားနေသည့်  အရည်အချင်း ပြည့်မီသော ကျောင်းသား၊ ကျောင်းသူ များလျှောက်ထားနိုင်ပြီး ဝင်ခွင့်စာမေးပွဲကို ဖေဖော်ဝါရီလ ၂၈ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ၀င်ခွင့် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများကို Horizon ကျောင်း ၏ နွေရာသီ အင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်ခွင့်ပေးမည်ဖြစ်ပြီး နွေရာသီအင်္ဂလိပ်စာ သင်တန်း တက်ရောက်နေစဉ် ကာလတွင်လည်း လူတွေ့စစ်ဆေးခြင်းနှင့် အခြားသော စစ်ဆေးမှု များစွာကို ပြုလုပ်ကာ နောက်ဆုံး ရွေးချယ်ခြင်းခံရသော ကျောင်းသား၊ ကျောင်းသူများ စာရင်းကို ၂၀၁၅ ခုနှစ် မေလလယ်တွင် ကြေညာပေး မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသားဦးရေနှင့် အရည်အချင်းပေါ်မူတည်ကာ အတန်းတစ်ခုချင်းစီအတွက် ကျောင်းသား ၂ ဦးစီကို ရွေးချယ်ပြီး ပညာသင်ဆု ပေးအပ်မည်ဖြစ်ကြောင်း သိရ သည်။ ရွေးချယ် ခံရသော ကျောင်း သား၊ ကျောင်းသူများသည် အထက်တန်းပြီးဆုံးသည် အထိ နိုင်ငံတကာသင်ရိုးဖြင့် သင်ယူနိုင်ပြီး အခြားအခွင့်အလမ်းများအဖြစ် နိုင်ငံတကာတွင် ပြုလုပ်သော ပြိုင်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်နိုင်ကာ မိမိကိုယ်ကိုယုံကြည်မှုလည်း ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျောင်း၏ စီမံအုပ်ချုပ်ရေးပိုင်းမှ လူကြီးများကလည်း သင်္ချာ၊သိပ္ပံ၊ စက်မှုလက်မှုနှင့် အင်ဂျင်နီယာ နယ်ပယ်များတွင် ထူးချွန်သောကျောင်းသား၊ ကျောင်းသူများအတွက် အထူးအခွင့်အလမ်း တစ်ခု ဖြစ်ကြောင်း၊ အဆိုပါ ထူးချွန်ကျောင်းသားများအနေဖြင့် Horizon  တွင် စာပေသင်ကြားနေစဉ် အချိန်ကာလများတွင်လည်း မိမိတို့စိတ်ဝင်စားသော နယ်ပယ်များတွင် မိမိတို့၏ ကျွမ်းကျင်မှုနှင့် ဗဟုသုတများကို ပိုမိုရရှိပိုင်ဆိုင်လာမည်ဖြစ်ကြောင်း ဆိုသည်။

Horizon International Schools အနေဖြင့် ကျောင်း၏ရည်ရွယ်ချက်အတိုင်း ယခုပညာသင်ဆုကဲ့သို့အမျိုးမျိုးသော အစီအစဉ်များပြုလုပ်ခြင်းဖြင့် လူသားများကို များစွာ အကျိုးပြုသင့်သည်ဟု ယူ ဆကြောင်း၊ ထို့အတွက် ကျောင်းစတင်တည်ထောင်ခဲ့ သည့် ၂၀၀၀ ပြည့်နှစ်မှစ၍ ကျောင်းသား၊ ကျောင်းသူများစွာကို ပညာသင်ဆု အမြောက်အမြား (full or partial scholarship) ကို ပေးအပ်ခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

စိတ်ပါဝင်စားသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်မတိုင်မီ ၀င်ခွင့်ပုံစံများကို ဖိုးစိန်ကျောင်း – အမှတ် (၂၅)၊ ဖိုးစိန်လမ်း ၊ ဗဟန်းမြို့နယ်၊ ဖုန်း – ၅၄၃၉၂၆၊ ၅၄၁၀၈၅၊ ၅၅၁၇၉၅၊ ၅၅၁၇၉၆ နှင့် ရှုခင်းသာကျောင်း – အမှတ် (၂၃၅)၊ ရှုခင်းသာမြို့ပတ်လမ်း၊ သာကေတမြို့နယ်၊ ဖုန်း – ၄၅၀၃၉၆၊ ၄၅၀၃၉၇ သို့ လာရောက်လျှောက်ထားနိုင်သည်။