Tablet တင်ပို့ရောင်းချမှု ပထမဆုံးအကြိမ် ကျဆင်း

Coby_Tablets_Android4.jpg

ကမ္ဘာတစ်ဝန်း tablet နှင့် 2-in-1 ထုတ်ကုန်များ (laptop နှင့် tablet ပေါင်းစပ်ထားသော hybrid ထုတ်ကုန်) တင်ပို့ရောင်းချမှုသည် ၂၀၁၄ ခုနှစ် စတုတ္ထသုံးလပတ်တွင် အလုံးရေ ၇၆.၁ သန်း တင်ပို့ရောင်းချခဲ့ပြီး ယမန်နှစ် တင်ပို့ရောင်းချမှုထက် ၃.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် စတုတ္ထ သုံးလပတ်တွင် tablet အလုံးရေ ၇၈.၆ သန်း ရောင်းချခဲ့ရကြောင်း IDC မှထုတ်ပြန် သွားခဲ့သည်။ ယခုကဲ့သို့ tablet တင်ပို့ရောင်းချမှု ကျဆင်းခြင်းသည် ၂၀၁၀ ခုနှစ်တွင် Apple ၏ iPad ရောင်းအား မြင့်တက်ခဲ့ပြီးနောက်ပိုင်း  ပထမဆုံးအကြိမ် ဈေးကွက်ရောင်းအား ကျဆင်းမှု ဖြစ်လာကြောင်း IDC မှပြောဆိုခဲ့သည်။ ထို့ကြောင့် tablet တင်ပို့ရောင်းချသည့်ကုမ္ပဏီများအတွက် ၂၀၁၄ ခုနှစ် စတုတ္ထသုံးလပတ်သည်  စိတ်ပျက်စရာ အတိဖြစ်ခဲ့သည်။ iPad သည် tablet ဈေးကွက်ဦးဆောင်သူအဖြစ် စတုတ္ထသုံးလပတ်အတွင်း အလုံးရေ ၂၁.၄ သန်း ရောင်းခဲ့ရသော်လည်း အစောပိုင်း ရလဒ်များဖြင့် နှိုင်းယှဉ်ပါက ရောင်းအား ၁၇.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဒုတိယဈေးကွက် ဦးဆောင်သူ Samsung သည် Galaxy Tab ထုတ်ကုန်များအပြင် အခြားထုတ်ကုန်များ တင်ပို့ရောင်းချမှုတွင် အလုံးရေ ၁၁ သန်းသာ တင်ပို့ရောင်းချခဲ့ရပြီး ရောင်းအား ၁၈.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ Amazon အနေဖြင့် Kindle Fire အလုံးရေ ၁.၇ သန်းတင်ပို့ခဲ့ကာ ယမန်နှစ်ထက် ရောင်းအား ၇၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

Lenovo သည် စတုတ္ထ သုံးလပတ်အတွင်း ရောင်းအား အခြေအနေ ကောင်းမွန်သည့် ထိပ်ဆုံးကုမ္ပဏီ ငါးခုအနက် တစ်ခုအဖြစ် ရပ်တည်နေပြီး ထုတ်ကုန်အလုံးရေ ၃.၇ သန်း ရောင်းချခဲ့ရကာ ယမန်နှစ်ထက် တင်ပို့ရောင်းချမှု ၉.၁ ရာခိုင်နှုန်း မြင့်တက်လာသည်။ အဆိုပါ ထိပ်တန်း ကုမ္ပဏီငါးခုတွင် Asus ပါဝင်လာပြီး tablet တင်ပို့ရောင်းချမှု ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

ပြီးခဲ့သည့်နှစ်နှစ်အတွင်း Tablet ဈေးကွက်သည် အပြိုင်အဆိုင် ကုမ္ပဏီများ ကျယ်ပြန့်စွာ ထွက်ပေါ်လာသလို သုံးစွဲသူများ အနေဖြင့်လည်း စမတ်ဖုန်းကဲ့သို့ tablet များကို မကြာခဏလဲလှယ် အသုံးပြုလေ့ မရှိကြပေ။ သုံးစွဲသူများသည် tablet အသစ်များကို ဝယ်ယူအသုံးပြု ကြသည့်အခါတွင် ယခင် tablet များကို မိတ်ဆွေ သို့မဟုတ် ဆွေမျိုးများကို ပေးခဲ့သောကြောင့် ထုတ်ကုန်ရောင်းအား ကျဆင်းခြင်းဖြစ်ကြောင်း  စစ်တမ်းများက ဖော်ပြခဲ့သည်။

Ref : CNET