
အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် ဆန်ဂျို့မြို့ အခြေစိုက် Cisco ကုမ္ပဏီသည် လာမည့်လေးနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် စမတ်နာရီနှင့် fitness tracker များကဲ့သို့ ဝတ်ဆင်နိုင်သော နည်းပညာ ထုတ်ကုန် ဘီလီယံဝက်ခန့် အသုံးပြုလာမည်ဟု ခန့်မှန်းလိုက်သည်။
ထိုကြောင့် ကမ္ဘာတစ်ဝန်းတွင် ၂၀၁၉ ခုနှစ်၌ ဝတ်ဆင်နိုင်သော နည်းပညာ ထုတ်ကုန် ၁၀၉ သန်း အသုံးပြုလာဖွယ် ရှိသည်။ ဗြိတိန်တွင် ယမန်နှစ်က စမတ်နာရီ ၂.၈ သန်း အသုံးပြုနေရာမှ ၂၀၁၉ ခုနှစ်၌ ၁၆.၄ သန်းအထိ အသုံးပြုလာနိုင်ကြောင်း Cisco မှခန့်မှန်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး အဆိုပါ ဝတ်ဆင်နိုင်သော နည်းပညာ ထုတ်ကုန်တိုင်းသည် ၂၀၁၄ ခုနှစ်တွင် အချက်အလက် 119MB အသုံးပြုထားမှုအပေါ် အခြေခံ၍ ၂၀၁၉ ခုနှစ်တွင် တစ်လလျှင် အချက်အလက်ပေါင်း 569MB ဖန်တီးလာမည် ဖြစ်ကြောင်းသိရသည်။ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန် ၁.၁ သန်းခန့်တွင် မိုဘိုင်းချိတ်ဆက်မှုများ ပါဝင်လာမည်ဖြစ်ပြီး စမတ်နာရီ အများစုမှာ စမတ်ဖုန်းမှတစ်ဆင့် အချက်အလက်များကို ဝေမျှနိုင်မည်ဖြစ်ကြောင်း Cisco မှပြောဆိုခဲ့သည်။ ထို့အပြင် Cisco သည် ၂၀၁၄ မှ ၂၀၁၉ ခုနှစ်အတွင်း ဝတ်ဆင်နိုင်သော နည်းပညာ ထုတ်ကုန်မှ အင်တာနက်သုံးစွဲမှု ၁၈ ဆခန့် တိုးတက်လာမည် ဟုလည်းခန့်မှန်း ခဲ့သေးသည်။
မိုဘိုင်းဖြင့် အင်တာနက်သုံးစွဲမှုသည် ၂၀၁၄ ခုနှစ်တွင် 30 exabytes ရှိနေရာမှ၂၀၁၉ ခုနှစ်တွင် တစ်လလျှင် 634.4 exabytes အထိ ရောက်ရှိမည်ဖြစ်သည်။ ထိုပမာဏသည် စက္ကန့်တိုင်းတွင် အကြိမ်ရေ ၂၀၅ သန်း text message ပေးပို့မှုနှုန်း ဖြစ်သည်။ ကမ္ဘာတစ်ဝန်း မိုဘိုင်းဖြင့် အင်တာနက် သုံးစွဲမှုသည် ၂၀၁၄ ခုနှစ်တွင် 30 exabytes မှတစ်နှစ်လျှင် နှစ်စဉ်ပမာဏ 292 exabytes နှုန်းဖြင့် တိုးတက်လာမည် ဖြစ်ကြောင်းသိရသည်။
Ref: Telegraph