Myanmar Mobile Money စနစ်ကို အွန်လိုင်းငွေပေးချေ စနစ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေ

1896746_419302624881693_999536138_n.jpg

မိုဘိုင်းဖုန်း ငွေကြေးဝန်ဆောင်မှု စနစ်ဖြစ်သည့် Myanmar Mobile Money စနစ်အား အွန်လိုင်း ငွေပေးချေ စနစ်များနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း Myanmar Mobile Money မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“Myanmar Mobile Money အနေနဲ့ အွန်လိုင်း Payment စနစ်တွေနဲ့ ချိတ်ဆက်နေပါတယ်၊ ဘဏ်အချို့နဲ့လည်း ချိတ်ဆက်ဆောင်ရွက် ထားပြီးဖြစ်တယ် ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ အွန်လိုင်း Payment စနစ် များဖြင့် ချိတ်ဆက်ခြင်းအားဖြင့် မိုဘိုင်းဖုန်း အသုံးပြုကာ အွန်လိုင်းမှ ဈေးဝယ်နိုင်ခြင်း၊ ငွေပေးချေနိုင်ခြင်း အစရှိသည်တို့အား ဆောင်ရွက်နိုင်မည် ဖြစ်သည်။ Myanmar Mobile Money ဖြင့် သုံးစွဲနိုင်မည့် ဝန်ဆောင်မှုများမှာ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ တစ်ဦးနှင့် တစ်ဦးငွေလွှဲခြင်း၊ လစာပေးခြင်း၊ ဈေးဝယ်ခြင်း၊ ဖုန်းပြောခ ကိုယ်တိုင်ဖြည့်သွင်းခြင်း၊ အခြားသူမှ ဖုန်းပြောခ ဖြည့်ပေးခြင်း၊ အသေးစား ချေးငွေလုပ်ငန်းများအတွက် အထောက်အကူ ပြုခြင်းတို့ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းငွေကြေး လုပ်ငန်းအနေဖြင့် ကိုယ်စားလှယ် ထားရှိခြင်း (Agent Network) ကလည်း အရေးအကြီးဆုံး အစိတ်အပိုင်းတစ် ခုဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။ မိုဘိုင်းငွေကြေး လုပ်ငန်းများ အောင်မြင်ရန် အသုံးပြုမည့် သူများ၏ နည်းပညာအပေါ် ရင်းနှီးကျွမ်းဝင်မှု၊ ငွေကြေးလုပ်ငန်းဆိုင်ရာ သတ်မှတ်ချက်များ၊ ဆက်သွယ်ချိတ်ဆက်မှု၊ လုံခြုံစိတ်ချရမှု စသည်တို့ အရေးကြီးကြောင်း ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်များတွင် Park Royal ဟိုတယ်တွင် ကျင်းပခဲ့သည့် The 6th Asia/Myanmar Mobile Money + E-Commerce Summit 2015 အခမ်းအနားမှ သိရသည်။

မိုဘိုင်းငွေကြေး လုပ်ငန်းများ အောင်မြင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်လုပ်သားများ၊ ကိုယ်စားလှယ်ကောင်းများ၊ ပူးပေါင်းဆောင်ရွက်မည့် ဘဏ်များလည်း အရေးကြီးကြောင်း အဆိုပါ အခမ်းအနားတွင် ပညာရှင်များက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအတွက် မိုဘိုင်းငွေကြေး လုပ်ငန်းအောင် မြင်ရန်မှာ ရာနှုန်းပြည့် မိုဘိုင်းဖုန်းသုံးစွဲမှု၊ ကောင်းမွန်သက်သာသော ဝန်ဆောင်မှု၊ ဘဏ္ဍာရေးဆိုင်ရာ မြင့်မားမှု၊ Mobile Money Eco System အစရှိသည်တို့လည်း လိုအပ်မည်ဖြစ်ကြောင်း ယင်းအခမ်းအနားမှ သိရသည်။