Meizu စမတ်ဖုန်းကုမ္ပဏီတွင် ကန်ဒေါ်လာ သန်း ၅၉၀ ရင်းနှီးမြှုပ်နှံရန် Alibaba စီစဉ်နေ

10968506_10152711712727825_5916906514130686797_n.jpg

Allibaba Group Holding Ltd သည် တရုတ်နိုင်ငံ၏ ဟန်းဆက် သန်းပေါင်းများစွာတွင် အသုံးပြုနေသော မိုဘိုင်း operating system ကို တွန်းအားပေး မြှင့်တင်ရန်အတွက် ပြည်တွင်း စမတ်ဖုန်းကုမ္ပဏီဖြစ်သည့် Meizu Technology တွင် အမေရိကန်ဒေါ်လာ သန်း ၅၉၀ ရင်းနှီးမြှုပ်နှံရန် သဘောတူညီမှု ရရှိခဲ့သည်။

အာရှ၏ အကြီးဆုံး အင်တာနက် ကုမ္ပဏီကြီးသည် Meizu ၏ ရှယ်ယာအနည်းစုကို ရရှိမည် ဖြစ်ပြီး Meizu ဟန်းဆက်များတွင် Alibaba ၏ YunOS software ကို ပေါင်းစပ် အသုံးပြုမည် ဖြစ်သည်။ Alibaba ၏ ထုတ်ပြန်ကြေညာချက်တွင် ပြီးခဲ့သည့်နှစ်က Meizu မှ ဖြန့်ချိခဲ့သည့် MX4 နှင့် Meizu Blue Charm သည် စက်တင်ဘာ သုံးလပတ်တွင် တရုတ်နိုင်ငံ၏ ထိပ်တန်း စမတ်ဖုန်းထုတ်လုပ်သူ ငါးဦးစာရင်း၌ မပါဝင်ခဲ့ကြောင်း၊ Alibaba က YunOS ၏
အကူအညီဖြင့် ဖျော်ဖြေရေးနှင့် ကျန်းမာရေးကဏ္ဍများအတွက် ထုတ်ကုန်များ ရောင်းချခြင်းဖြင့် တရုတ်နိုင်ငံရှိ စမတ်ဖုန်းသုံးစွဲသူ ၅၅၇ သန်းထံမှ ရှယ်ယာများ ရယူနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၁ ဘီလီယံရှိသည့် Alibaba သည် မိုဘိုင်းထုတ်ကုန် ၁၀ ခုအနက် ၉ ခုတွင် Google ၏ Android software အသုံးပြုလျက်ရှိသော တရုတ်နိုင်ငံ၌ software ကဏ္ဍ ချဲ့ထွင်ရန် ရုန်းကန်ခဲ့ရသည်။

“Alibaba အနေနဲ့ ကုမ္ပဏီရဲ့ operating system ကို အထောက်အပံ့ပေးဖို့နဲ့ mobile access point တွေအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ်။ Meizu က တရုတ်နိုင်ငံရဲ့ အကောင်းဆုံး မိုဘိုင်းထုတ်ကုန်တွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုပါ။ ဒါကြောင့် Alibaba က Meizu နဲ့ လက်တွဲဖို့ ဆန္ဒရှိခဲ့တာ ဖြစ်ပါတယ်” ဟု ဟောင်ကောင်ရှိ RHB Research Institute မှ လေ့လာဆန်းစစ်သူ လီယူဂျီက ပြောကြားခဲ့သည်။

Alibaba ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဂျိုးဇက်ချိုင်က တရုတ်နိုင်ငံ ဟန်ကျိုးအခြေစိုက် ကုမ္ပဏီအနေဖြင့် YunOS ကို စမတ်ဖုန်း သန်းပေါင်းများစွာထံတွင် အထောက်အပံ့ပေးရန်အတွက် ရေရှည်စီမံကိန်းတစ်ရပ် ချမှတ်ထားကြောင်း နိုဝင်ဘာလက ပြောကြားခဲ့သည်။ အဆိုပါ ရည်မှန်းချက်သည် တရုတ်အစိုးရ၏ Android အပေါ် မှီခိုနေရမှုကို လျှော့ချမည့် အစီအစဉ်နှင့် ကိုက်ညီလျက်ရှိသည်။

-နောင်နောင်
Ref: Bloomberg