iPhoto နေရာတွင် အစားထိုးမည့် Photos for OS X ကို မကြာမီ ဖြန့်ချိမည်

10968297_10152705167487825_9184985392461261603_n.jpg

ယခင် iPhoto app ကို ရပ်ဆိုင်းပြီး ၎င်း၏နေရာတွင် အစားထိုးမည့် Photos for OS X ၏ developer beta ဗားရှင်းကို Apple က ဖြန့်ချိပေးခဲ့သည်။

အဆိုပါ Photos for OS X beta ကို ဖေဖော်ဝါရီလ ၅ ရက်က ဖြန့်ချိပေးခဲ့သောကြောင့် မကြာမီတွင် public beta ကို အသုံးပြုနိုင်ဖွယ်ရှိသည်။ အပြီးသတ်ပြုလုပ်ထားသည့် ဗားရှင်းကိုမူ မတ်လတွင် ဖြန့်ချိဖွယ်ရှိသည်။

Photos for OS X ကို သပ်ရပ်ကျော့ရှင်းသည့် ဒီဇိုင်းဖြင့် ပြုလုပ်ထားဖွယ်ရှိပြီး ပိုမိုကောင်းမွန်သည့် file management စနစ်နှင့် cloud ချိတ်ဆက်မှုတို့ ပါဝင်လာဖွယ်ရှိသည်။ iPhone နှင့် iPad ပေါ်တွင် Photos app ကို အသုံးပြုသည့် အတိုင်းပင် Photos for OS X ကို အလားတူ ဒီဇိုင်းအသွင်အပြင်နှင့် အသုံးပြုနိုင်ဖွယ်ရှိသည်။

Photos for OS X တွင် အဓိက tab လေးမျိုး ပါဝင်လာမည်ဟု The Verge မှ ဖော်ပြခဲ့သည်။ အဆိုပါ tab လေးမျိုးမှာ ဓာတ်ပုံများကို နှစ်အလိုက်စီစဉ်ထားပေးသော Photos tab, ဝေမျှထားသည့် photo stream များမှ ဓာတ်ပုံများကို ရှာဖွေနိုင်မည့် Shared tab, ကိုယ်တိုင်ဖန်တီးထားသည့် ဓာတ်ပုံများကို စုဆောင်းထားသည့် Albums နှင့် slideshow များကို သိမ်းဆည်းပေးထားမည့် Projects section တို့ဖြစ်သည်။

Apple သည် iPhoto app နှင့် Aperture image processing app တို့၏ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်မှုများအား ရပ်ဆိုင်းဖွယ်ရှိကြောင်း ပြီးခဲ့သည့် ဇွန်လက ပြောကြားခဲ့သည်။

Photos for OS X ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ကျင်းပခဲ့သော ကုမ္ပဏီ၏ WWDC developer conference တွင် ကြေညာခဲ့သည်။

ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာများအကြား ရေပန်းစားသည့် Aperture ၏နေရာတွင် အလားတူ feature များပါဝင်သော Adobe မှ ဖန်တီးထားသည့် Lightroom ကို ပြောင်းလဲအသုံးပြုနိုင်ရန်အတွက် Adobe နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း Apple မှ ပြောကြားခဲ့သည်။

Ref: VentureBeat