Telenor ဆင်းမ်ကတ်များ မှောင်ခိုဈေးကွက် စတင် ပျောက်ကွယ်လာသည် ဟုဆို

IMG_7350.jpg

မြန်မာ့ဆက်သွယ်ရေး၏ ဆင်းမ်ကတ်များနည်းတူ မှောင်ခိုအနေဖြင့် ဈေးနှုန်းမြင့်မားခဲ့သည့် Telenor ဆင်းမ်ကတ်များသည် ယခုလမှစတင်၍ ဈေးနှုန်းကျဆင်းလာခဲ့ကြောင်း ဟန်းဆက် အရောင်းဆိုင်များထံမှ သိရသည်။

ငွေကျပ် ၅ ထောင်နှင့်အထက် ပေါက်ဈေးရှိနေခဲ့သည့် Telenor ၏ ဆင်းမ်ကတ်များသည် ယခုလအတွင်း ဈေးနှုန်း ၂ ထောင်ကျပ်အဖြစ်သို့ ကျဆင်းလာခဲ့ကြောင်း Today ဟန်းဆက် အရောင်းဆိုင်မှ ကိုနေလင်းထွန်းက ပြောသည်။

“ကတ်တွေက မထွက်တာတော့ မဟုတ်ဘူး။ အရေအတွက် အကန့်အသတ်နဲ့ အပတ်စဉ်တော့ လာပေးတယ်။ အရင်လောက်တော့ မခက်တော့ဘူး။ ဒါပေမဲ့ ကိုယ့်အနေနဲ့ မလောက်တဲ့အခါ အပြင်ကဝယ်ရတော့ ၂ ထောင်ကျပ် ဖြစ်သွားတယ်။ ပေါပေါသီသီကြီးရယ်လို့တော့ မဟုတ်သေးဘူး” ဟု ကိုနေလင်းထွန်းက ဆိုသည်။

Telenor သည် ၎င်း၏ ဆင်းမ်ကတ်များကို ဇန်နဝါရီလမှစတင်၍ တစ်လလျှင် အရေအတွက် ၁.၅ သန်း ဖြန့်ချိသွားမည်ဟု တရားဝင် ကြေညာခဲ့ပြီး ဈေးကွက်၌ ဖြစ်ပေါ်နေသည့် မှောင်ခိုရောင်း ဝယ်မှုကို ပျောက်ကွယ်သွားအောင် ပြုလုပ်မည်ဟု ပြောဆိုခဲ့သည်။ ထို့အပြင် အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ ဆင်းမ်ကတ်ကို ၁,၅၀၀ ကျပ်ထက် ပိုသောဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုခြင်းမပြုရန် တရားဝင်ပြောဆိုခဲ့သည်။

“ဆင်းမ်ကတ်က ၁,၅၀၀ ကျပ်ပဲ တန်ပါတယ်။ ၁,၅၀၀ ကျပ်ထက် ပိုပေးပြီး မဝယ်သင့်ပါဘူး။ အသုံးပြု သူတွေအနေနဲ့ တစ်ဆိုင်မှာမရှိရင် တစ်ဆိုင်မှာသွားပြီး ဝယ်သင့်ပါတယ်။ ကတ်တွေက Telenor ရဲ့ အရောင်းဆိုင်တွေမှာလည်း ရှိနေပါတယ်” ဟု Telenor Myanmar မှ CEO ဖြစ်သူ Mr. Petter Furberg ကပြောသည်။

Telenor ၏ ဆင်းမ်ကတ်ကို ဖြန့်ချိရာ၌ ဝယ်လိုအားရှိသည့် အရေအတွက်အတိုင်း အရောင်းဆိုင်များထံ ဖြန့်ချိနေခြင်းဖြစ်ကြောင်း ဖြန့်ချိရေးကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“အခု လိုသလောက် ပေးပါတယ်။ ဆိုင်အနေနဲ့ ကတ် ၁၀၀ ကုန်တယ်ဆိုရင် ကျွန်တော်တို့က ကတ် ၁၀၀ ဖြန့်ပေးပါတယ်။ သူတို့အနေနဲ့ ကတ် ၁၀၀ အသုံးပြုသူရဲ့ ကိုယ်ရေး အချက်အလက် ကို ပြန်ပေးနိုင်ဖို့ပဲ လိုတယ်” ဟု ပဲခူးမြို့၏ Telenor ဖြန့်ချိရေးကိုယ်စားလှယ် ကိုထွန်းဝင်းအောင်က ပြောသည်။

လက်ရှိအချိန်၌ ဈေးကွက်အတွင်း ဈေးနှုန်းအသက်သာဆုံး ဆင်းမ်ကတ်မှာ Ooredoo ဆင်းမ်ကတ်ဖြစ်ပြီး ဟန်းဆက် အရောင်းဆိုင်များအနေဖြင့် Ooredoo ဆင်းမ်ကတ်ကို လက်ဆောင် အနေဖြင့် ပေးဝေနေသည့် အပြင် ရောင်းချသည့် ဈေးနှုန်းကိုလည်း အချို့သော အရောင်းဆိုင်များက ၈၀၀ ကျပ်အဖြစ် သတ်မှတ်ခဲ့သည်ဟု သိရသည်။

ဆင်းမ်ကတ်ဈေးကွက်၌ မှောင်ခိုဈေးနှုန်းအနေဖြင့် အမြင့်ဆုံး တည်ရှိနေသည်မှာ မြန်မာ့ဆက်သွယ်ရေး၏ ဆင်းမ်ကတ်များဖြစ်ပြီး ပေါက်ဈေးနှုန်းမှာ ငွေကျပ် ၅ ထောင် ဝန်းကျင်ခန့် ရှိသည်ဟု သိရသည်။