ဆိုင်ကယ်တစ်စီးကို ဝယ်တော့မယ်ဆိုရင် … အပိုင်း (၃)

1-.jpg

(၅) အင်ဂျင်သံ နားထောင်ပါ – ဒီတစ်ချက်ကတော့ ဆိုင်ကယ်နဲ့ ရင်းနှီးကျွမ်းဝင်မှု များတဲ့သူဆိုမှ အဆင်ပြေမယ့်အပိုင်းဖြစ်ပြီး စက်ပြင်ဆရာဆိုရင်တော့ အကောင်းဆုံးပါပဲ။ မော်တော်ဆိုင်ကယ်ကိုစက်နှိုးထားပြီးတော့ ဆိုင်ကယ်ရဲ့ အင်ဂျင်ဘေးတစ်ဖက် တစ်ချက်စီကနေ အင်ဂျင်သံကို နားထောင်ရတာဖြစ်ပြီး ဒီအပိုင်းမှာတော့ ယေဘုယျအနေနဲ့ဆိုရင် ပုံမှန်မဟုတ်တဲ့ အင်ဂျင်သံမျိုး ထွက်နေတာတွေက ပြစ်ချက်တွေပါပဲ။ အသေး စိတ်ပြောဖို့အတွက်တော့ နေရာအခက်အခဲကြောင့် ပုံမှန်ပေါက်ကွဲသံ တစ်မျိုးကလွဲပြီး အခြားသော ဆူညံသံထွက်နေမယ်ဆိုရင် ပြစ်ချက်ဖြစ်နေပြီဆိုတာ သိထားမယ်ဆိုရင်ပဲ ရပါပြီ။

(၆) ဖင်ထိုင်ခုံကို စစ်ဆေးပါ – နောက်တစ်ချက်ကတော့ ဖင်ထိုင်ခုံကို ဖွင့်လိုက်ပါ။ ဆိုင်ကယ်ထိုင်ခုံတစ်ခုရဲ့ တန်ကြေးကလည်း သောင်းကျော်တာကြောင့် ဖင်ထိုင်ခုံ ပျက်စီးနေမယ်ဆိုရင်လည်း လက်ထဲရောက် မှ ပြင်လို့ မကောင်းတာကြောင့် သတိထားပြီး စစ်ဆေးပါ။ အဓိကအနေနဲ့တော့ ဖင်ထိုင်ခုံဘောင်အနားသတ်နေရာတွေ ပဲ့နေတာမျိုးတွေ၊ ကွဲအက်နေတာမျိုးတွေကို ကြည့်ပါ။ နောက်တစ်ချက်ကတော့ ဖင်ထိုင်ခုံရဲ့ Lock ကို ချိတ်ဆက်တဲ့ နေရာဖြစ်တဲ့ ကွင်းနေရာပျက်နေတာ၊ ပြုတ်နေတာမျိုးတွေ ရှိနေတတ်ပြီးတော့ အဆိုပါ နေရာတွေ ပြုတ်ထွက်နေမယ်ဆိုရင် ထိုင်ခုံက Lock ချရမှာမဟုတ်တဲ့အတွက် ထိုင်ခုံအသစ် တန်ကြေးလောက်ထိအောင် ဈေးလျှော့ချခိုင်းသင့်ပါတယ်။

(၇) ဘက်ထရီကို စစ်ပါ – ဒီတစ်ချက်ကတော့ ဘက်ထရီ ကောင်းမကောင်းကို အလွယ်တကူ စစ်ဆေးဖို့မလွယ်တဲ့ အချက်ဖြစ်ပေမယ့် Start ကို နှိပ်ပြီး စက်နှိုးကြည့်တာမျိုးတွေ၊ ရှေ့မီးကြီးတွေ အချိန်အတန် ကြာလောက် ဖွင့်ထားပြီး စစ်ဆေးတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ဘက်ထရီက Cathode နဲ့ Anode တွေကို ဆားပေါက်နေတာမျိုးတွေ ရှိနေလား၊ မရှိဘူးလား ဆိုပြီး စစ်ဆေးကြည့်နိုင် ပါတယ်။ ပုံမှန်ဆိုရင်တော့ အခြေအနေမဆိုးသေးတဲ့  ဘက်ထရီတစ်လုံးက ဆားမပေါက်၊ အက်ဆစ်အပြည့် အနေအထားနဲ့ Start ကို ဆယ်ကြိမ်ထက်မနည်း အသုံးပြုစေနိုင်သလို ရှေ့မီးကြီးတွေကိုလည်း မီးရောင်မကျဘဲ အချိန် ၁၀ မိနစ်ခန့်အထိ အနည်းဆုံး ထွန်းထားနိုင်မယ်လို့ ဆိုနိုင်ပါတယ်။ ဒါက ဘက်ထရီ အသစ်အနေအထားကို ပြောတာမဟုတ်ဘဲ၊ အခြေအနေ ကောင်းနေသေးတဲ့ ဘက်ထရီ တစ်လုံးရဲ့ စွမ်းဆောင်ရည်ကို ပြောတာ ဖြစ်ပါတယ်နော်။

(၈) အပွန်းအပဲ့များ စစ်ဆေးပါ – နောက်ဆုံး တစ်ချက်ကတော့ ဆိုင်ကယ်ရဲ့ ပြင်ပတိုက်ခိုက်မိထားတဲ့ ဒဏ်ရာတွေကို စစ်ဆေးရမယ့်အချက် ဖြစ်ပါတယ်။ အထူးသဖြင့် စစ်ဆေးရမယ့် နေရာတွေကိုပဲ ကျွန်တော်က ထောက်ပြလိုက်ပါမယ်။ အရင်ဆုံး ရှေ့ဘက် ဒူးကာနှစ်ဖက်၊ ခြင်းထောက်၊ ရှေ့ဘီးကာ၊ ၀မ်းဗိုက်ခြမ်း ဖင်ထိုင်ခုံအောက်ဘက်က Cover များ၊ ဆိုင်ကယ်ကို ခွထောက်ထောက်ထားပြီး အင်ဂျင်ရဲ့ အောက်ဘက်ဆုံး ဝမ်းဗိုက်ပိုင်းတွေကို တိုက်ခိုက်မိထားတာမျိုး ရှိနေသလား စစ်ဆေးဖို့နဲ့ Exhaust ပိုင်းတွေကိုလည်း ပိန်နေတာ၊ ချိုင့်နေတာမျိုး ရှိ၊ မရှိစစ်ဆေးမယ်ဆိုရင် ရလောက်ပါတယ်။ ကဲ… ဒီလောက်ဆိုရင် ဆိုင်ကယ်တစ်စီးဝယ်ဖို့ ပြင်နေတဲ့သူ တစ်ယောက်အတွက် ဘယ်အပိုင်းတွေကို အလေးထား စစ်ဆေးရမယ်ဆိုတာ သိလောက်ပြီလို့ ယူဆမိပါရဲ့။