GPS Tracking စနစ်ပါရှိသည့် အငှားယာဉ်များကို တယ်လီဖုန်းဖြင့် ဆက်သွယ် ခေါ်ဆိုနိုင်

10974408_10204096832040925_3850114472404442434_o.jpg

GPS Tracking စနစ်ကို အသုံးပြုသည့် အငှားယာဉ်များကို မိုဘိုင်းဖုန်းဖြင့် လွယ်ကူစွာ ဆက်သွယ်ခေါ် ယူနိုင်မည်ဟု အဆိုပါ အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်နေသည့် Dagon Logistics ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက ပြောသည်။

ရန်ကုန်မြို့တွင်း၌ ရောင်နီဦးအမည်ဖြင့် ပြေးဆွဲနေသည့် အငှားယာဉ်များကို GPS စနစ် တပ်ဆင်ပေးပြီး On Call စနစ်ဖြင့် ဆက်သွယ်ခေါ်ဆိုနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ “1876 လိုမျိုး ဂဏန်းလေးလုံးနဲ့ Call Center သဘောမျိုးအတွက် လိုင်စင်လျှောက်ရတာ အရမ်းခက်နေတယ်။ ဒီတော့ ခေါ်ဆိုလို့လွယ်တဲ့ ရိုးရိုးတယ်လီ ဖုန်းနံပါတ်တွေနဲ့ လုပ်ကိုင်သွားပါမယ်” ဟု ဦးအောင်ဝင်းက ပြောသည်။

ရန်ကုန်မြို့အတွက် အငှားယာဉ် ၁ ထောင်ဝန်းကျင်ရှိမှသာ အဆိုပါ ဝန်ဆောင်မှုကို ကောင်းမွန်စွာ လည် ပတ်နိုင်မည် ဖြစ်သော်လည်း လက်ရှိအချိန်၌ ရောင်နီဦးအမည်ပါရှိသည့် အငှားယာဉ် ၁၂၀ ကျော်ကိုသာ အသုံးပြုရန် စီစဉ်ထားသည်ဟု သိရသည်။ “တကယ်တမ်း လည်ပတ်ရင် ကားက မလုံလောက်ဘူး။ ဒီတော့ အငှားကားပိုင်ရှင်တွေနဲ့ ဆက်သွယ်ပြီး လုပ်ကိုင်ရမှာပဲ”ဟု ၎င်းက ဆိုသည်။

လုပ်ငန်းလည်ပတ်မှုကို ဧပြီလအတွင်း စတင်နိုင်မည်ဟု ခန့်မှန်းထားပြီး လုပ်ငန်းလည်ပတ်နိုင်ရန် Dagon Logistics နှင့် အိန္ဒိယနိုင်ငံမှ Global Asia Partners တို့ ပူးပေါင်းထားကြောင်း သိရသည်။ အစီအစဉ်အရ အငှားယာဉ် လိုအပ်သူများသည် Call Center အဖြစ်ထားရှိသော ဆက်သွယ်ရေး နံပါတ်များကို ဆက်သွယ်ပေးရမည်ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် GPS စနစ်မှ မြင်တွေ့ရသည့် နီးစပ်ရာ အငှားယာဉ်များကို စေလွှတ်ပေးမည် ဖြစ်သည်။

“နောက်ပိုင်းဆိုရင် ရောင်နီဦးကို Hello Cabs ဆိုပြီး နာမည်ပြောင်းသွားဖို့လည်း ရှိတယ်။ ကားတွေ အကုန်လုံးကို မီတာစနစ် ငွေကောက်ခံဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ ငှားရမ်းသူက ရိုးရိုး သာမန်အတိုင်း ဈေးစစ်ပြီး စီးချင်တယ်ဆိုရင်လည်း ခွင့်ပြုထားတယ်။ ရေရှည်မှာတော့ မီတာစနစ်ကိုပဲ အသုံးပြုသွားဖို့ စဉ်းစားထားတယ်” ဟု ဦးအောင်ဝင်းက ဆိုသည်။

ရောင်နီးဦး အငှားယာဉ်လုပ်ငန်းသည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ခဲ့သည့် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်၌ ပထမဦးဆုံးသော GPS စနစ် အခြေခံသည့် အငှားယာဉ် ဝန်ဆောင် မှုလုပ်ငန်းကို လုပ်ကိုင်ရန် ပြင်ဆင်နေသည့် လုပ်ငန်းဖြစ်သည်။ အဆိုပါကဲ့သို့ GPS စနစ်ကို အခြေခံပြီး တယ်လီဖုန်းဖြင့် ဆက်သွယ်ခေါ်ဆိုနိုင်သည့် အငှားယာဉ် ဝန်ဆောင်မှုကို ရန်ကုန်မြို့အပြင် မန္တလေး၊ ပုဂံနှင့် နေပြည်တော်မြို့၌ ယခုနှစ်အတွင်း ဝန်ဆောင်မှု ပေးအပ်သွားမည်ဟု သိရသည်။