နာမည်ကျော် iOS app တစ်ခု ရေးဆွဲခဲ့သည့် ဆယ်ကျော်သက် developer တစ်ဦး Ferrari နှစ်စီး ဝယ်ယူရန် ရည်ရွယ်ထား

10424324_10152688934422825_1174048416503044465_n.jpg

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးဖြစ်သူ ဘန်ပါစတာညက်သည် Apple ၏ နာမည်ကျော် app တစ်ခုဖြစ်သော Impossible Rush ကို ရေးဆွဲခဲ့ပြီးနောက်တွင် စီမံကိန်း လုပ်ဆောင်ရာမှ ရရှိလာသော ဝင်ငွေများဖြင့် Ferrari နှစ်စီးကို ဝယ်ယူရန် စီစဉ်နေကြောင်း ပြောကြားလိုက်သည်။

နာမည်ကျော်ကြား လူသိများလာသည့် ဘန်ပါစတာညက်သည် ကျောင်းတက်နေစဉ် ငြီးငွေ့မှုပြေပျောက် စေရန်အတွက် Impossible Rush ကိုရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ဘန်သည် ၂၀၁၄ ခုနှစ်က ကျောင်းတွင် သိပ္ပံသင်ခန်းစာများကို လေ့လာနေသည့် ကျောင်းသားတစ်ဦး ဖြစ်သည်။

ယခုအခါတွင် ဘန်ပါစတာညက်သည် အမေရိကန်နိုင်ငံသို့ သွားရောက်ကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်နေပြီး Facbook နှင့် Google ကဲ့သို့ ကုမ္ပဏီများတွင်လည်း အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ရန် ကြိုးစားခဲ့သည်။ ထို့အပြင် ဘန်သည် ၎င်းတည်ထောင်မည့် စွန့်ဦးတီထွင်လုပ်ငန်းအတွက် ငွေကြေးထောက်ပံ့မှုရရှိရန် ရင်းနှီးမြှုပ်နှံသည့်သူများနှင့် ဆွေးနွေးနေကြောင်း Daily Mail Australia သို့ ပြောကြားခဲ့သည်။

“ကျွန်တော့်အနေနဲ့ ဝင်ငွေရနေမယ်ဆိုရင် Ferrari ကားသစ်နှစ်စီးလောက် ဝယ်နိုင်မှာပါ” ဟု ဘန်က ပြောဆိုခဲ့သည်။ ဆက်လက်ပြီး ဘန်က “လောလောဆယ်မှာ ကျွန်တော်ဟာ တစ်ကိုယ်ရေသုံး instant messaging တစ်ခုကို လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ အခုနှစ်မှာလည်း မနှစ်ကလိုမျိုး app တစ်ခုဖန်တီးနိုင်ဖို့ပါ” ဟုပြောဆိုခဲ့သည်။ ဘန်၏ ပထမဆုံးဖန်တီးခဲ့သည့် Impossible Rush app ကို download ပြုလုပ်သည့် အကြိမ်အရေအတွက် ၈၀၀,၀၀၀ ခန့်ရှိခဲ့သည်။

Facebook တွင်အ လုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်လိုခြင်းနှင့် ပတ်သက်၍ “ကျွန်တော် Facebook မှာ အလုပ်သင်အဖြစ် လုပ်ကိုင်ဖို့ စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ကုမ္ပဏီမှာလုပ်ဖို့ အစီအစဉ်တော့ မရှိပါဘူး။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုပဲ လုပ်ကိုင်သွားမှာပါ။ အဲဒါနဲ့ ပတ်သက်ပြီး ပြောစရာအများကြီး မရှိပေမယ့် ကိုယ်ပိုင်လုပ်ငန်း စတင်ဖို့ ကြံစည်နေပါတယ်”ဟူ၍ ပြောဆိုသွားခဲ့သည်။

ဘန်သည် ချီကာဂိုမြို့ရှိ ၎င်း၏ သူငယ်ချင်းဖြစ်သူ၏ အကူအညီကို ရယူဖန်တီးထားသော Impossible rush ကို ဖန်တီးခဲ့ပြီးနောက် မူပိုင်ခွင့်ကို ကန်ဒေါ်လာ ၂၀၀ ဖြင့် ရောင်းချခဲ့သည်။

Ref: DailyMail