Saints Row – Gat out of Hell

2-.jpg

Saints Row ဂိမ်းတွေဟာ ထူးခြားကောင်းမွန်တဲ့ gameplay အပြင်၊ ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ ရယ်စရာကောင်းတဲ့ ဇာတ်လမ်းတွေ ရောစပ်ထားပြီး အခြားနာမည်ကျော် ဂိမ်းတွေကိုပါ သရော်ထားတဲ့ gameplay features တွေ ပါဝင်လို့ Gamer တွေကြားထဲမှာ ရေပန်းစားခဲ့ပါတယ်။ ၂၀၁၃ မှာ ထွက်ရှိခဲ့တဲ့ Saints Row IV ဂိမ်းမှာဆိုရင်လည်း ဂြိုဟ်သားတွေ ဖန်တီးထားတဲ့ The Matrix လိုမျိုး စိတ်ကူးယဉ်ခေတ်လွန် Science Fiction Virtual World ထဲမှာ ဝင်ရောက်ကစားခဲ့ရလို့ Open World နှင့် Action ဂိမ်းပရိသတ်တွေ သဘောကျခဲ့သလို download-able content (DLC) ၂၀ ကျော် ထွက်ရှိပြီးနောက်မှာ သူ့ရဲ့ ဇာတ်လမ်းအဆက်ဖြစ်တဲ့ Saints Row – Gat out of Hell မှာ Johnny Gat နှင့် Kinzie Kensington နေရာက ဝင်ရောက် ကစားရမယ်ဆိုပြီး ကြော်ငြာခဲ့ကတည်းက စိတ်ဝင်စားမှုရရှိခဲ့တဲ့ ဂိမ်းသစ် ဖြစ်ပါတယ်။ Saints Row – Gat out of Hell ကိုတော့ PC, PS3, PS4, Xbox360 နှင့် Xbox One တို့မှာ ဝယ်ယူကစားနိုင်မှာဖြစ်ပြီး မူရင်း Saints Row IV ကို graphics ပိုင်း အဆင့်မြှင့်တင်ထားတဲ့ Saints Row IV – Re Elected Edition ကိုလည်း PS4 နှင့် Xbox One တို့မှာ ပြန်လည်ဖြန့်ချိထားတာ တွေ့ ရမှာပါ။

Saints Row IV ဂိမ်းရဲ့ အစမှာတုန်းက ကစားသူအနေနဲ့ကတော့ The Saints ခေါင်းဆောင် တစ်ဖြစ်လည်း US President  ရာထူးရရှိထားပြီဖြစ်တဲ့ The Boss နေရာကနေ VR World အတွင်း ပိတ်မိနေတဲ့ မိမိအဖွဲ့သားတွေကို ကယ်တင်ရမှာဖြစ်သလို Zinyak ရဲ့ ဂြိုဟ်သားတပ်ဖွဲ့ နဲ့လည်း  ပြင်ပလောကမှာရော၊ Virtual Reality World အတွင်းမှာပါ တိုက်ပွဲအောင်မြင်ခဲ့ပုံနဲ့ ဇာတ်လမ်းဆင်ထားပါတယ်။ Saints Row – Gat out of Hell မှာတော့ Kinzie Kensington ရဲ့ မွေးနေ့ပွဲ ကျင်းပနေချိန်မှာ ငရဲပြည်ရဲ့ အရှင်သခင် Satan က The Boss ကို ပြန်ပေးဆွဲသွားတဲ့အတွက် Johnny Gat နှင့် Kinzie Kensington တို့က သူတို့ရဲ့ Boss ကို ပြန်လည်ကယ်တင်ရန် ကြိုးပမ်းရပုံ Story Missions တွေကနေ ဝင်ရောက် ကစားရမှာ ဖြစ်ပါတယ်။ Ouija spirit board ရဲ့ အစွမ်းကို အသုံးပြုပြီး Johnny Gat နှင့် Kinzie Kensington တို့ ငရဲပြည်ကို ရောက်ရှိသွားပြီးချိန်မှာတော့ The Boss ကို Satan က ပြန်ပေးဆွဲသွားတဲ့ အကြောင်းက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးနှင့် ဖျက်ဆီးမှုတွေ အများဆုံး ဆောင်ရွက်နိုင်သူမို့လို့ သူ့ရဲ့ သမီး Jezebel နှင့် ပေးစားဖို့အတွက် ခေါ်သွားမှန်း သိရှိလိုက်ရပါတယ်။ ဒါ့ကြောင့်ပဲ Gat နှင့် Kinzie တို့ဟာ အရင်တုန်းက သေဆုံးပြီး The Saints တို့ရဲ့ ရန်သူဟောင်းတွေနဲ့ Saints အဖွဲ့ ဝင်ဟောင်းတွေရဲ့ အကူအညီဖြင့် The Boss ကို ပြန်လည် ကယ်တင်ရပုံ  ဇာတ်လမ်းဆင်ထားပါတယ်။

Saints Row – Gat out of Hell မှာ story missions အနေနဲ့ သီးသန့်မရှိဘဲ activities မျိုးစုံနှင့် ဇာတ်ကောင်တစ်ယောက်ချင်းစီ၊ နယ်မြေတစ်မျိုးစီရဲ့ missions တွေကို ဝင်ရောက် ကစားရမှာပါ။ Missions တွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဖျက်ဆီးမှုများများ လုပ်နိုင်လေ Satan က သတိထားမိပြီး Gat တို့ကို လာတိုက်ခိုက်ဖို့ ရာခိုင်နှုန်းများလေ ဖြစ်တဲ့အတွက်ကြောင့် destruction mission တွေကို အဓိကကစားရမယ့် ပုံစံလုပ်ထားတာ တွေ့ ရပါတယ်။ အချို့ missions  တွေမှာ နယ်မြေအလိုက် ခေါင်းဆောင်တွေ စိတ်ကြိုက်ဆောင်ရွက်ပေးရမယ့် quests တွေ ပါဝင်ထားပြီး အများစုကတော့ ငရဲသားတွေ  ငရဲပြည်က အဆောက်အဦတွေ  အားလုံးကို ဖျက်ဆီးရမှာဆိုတော့ အရင်ကတည်းက Open World ဂိမ်းတွေဖြစ်တဲ့ The Incredible Hulk, Prototype နှင့် GTA လို ဂိမ်းတွေမှာ story missions အတွက် မဟုတ် ရင်တောင် မြင်မြင်ရာ ဖျက်ဆီးရတာ ဝါသနာပါသူတွေ အနေနဲ့ကတော့ Gat out of Hell ရဲ့ mission structure တွေကို အထူးသဘောကျမှာ သေချာပါတယ်။

Open World မြေပုံသစ် New Hades နယ်မြေမှာ ကစားရမှာဖြစ်ပြီး Shantytown, Barrens, Downtown, Forg နှင့် Den အမည်ရ ကျွန်းငါးခု ပါဝင်ထားပါတယ်။ မကောင်းဆိုးဝါးတွေနဲ့ တိုက်ခိုက်ရမယ့် ဂိမ်းသစ်ဖြစ်သလို သဘာဝလွန် စွမ်းအင်တွေသုံးထားတဲ့ Greed, Lust, Envy လို Sins ခုနှစ်မျိုးကို မှီငြမ်းထားတဲ့ Seven Deadly Sins လက်နက်ဆန်းတွေ အသုံးပြုနိုင်သလို တောင်ပံတွေ သုံးပြီးတော့လည်း လေပေါ်ပျံနိုင်တဲ့ gameplay သစ်တွေ ပါဝင်ထားပါတယ်။ Sins လက်နက်တွေထဲမှာ ရယ်စရာအကောင်းဆုံးက Sloth ကို မှီငြမ်းထားတဲ့ ပျင်းလွန်းလို့ ဆိုဖာပေါ်ထိုင်ပြီး လက်နက်မျိုးစုံ အသုံးပြုနိုင်တဲ့ Weapon ဖြစ်သလို အခြား monsters တွေ ခေါ်လို့ရတဲ့ အစွမ်းတွေ၊ စိတ်ညှို့လို့ရတဲ့ အစွမ်းတွေလည်း ပါဝင်ထားပါတယ်။

Saints Row – Gat out of Hell ဂိမ်းဟာ quality ကောင်းမွန်တဲ့ gameplay, weapons နှင့် missions များစွာ ပါဝင်ထားလို့ ၂၀၁၅ အစောပိုင်းမှာ ထွက်ထားတဲ့ ဂိမ်းသစ်တွေထဲက ကစားသင့်တဲ့ Open World Action ဂိမ်းတစ်ခု ဖြစ်ပါတယ်။