ယာဉ်မောင်းသူများ အတွက် နည်းပညာတီထွင်မှုများ ပြုလုပ်မည်ဟု Huawei ပြော

Update-News_5.jpg

ဟန်းဆက်ထုတ်လုပ်သူအနေဖြင့် လူသိများသော Huawei ကုမ္ပဏီသည် ယာဉ်မောင်းများအတွက် ဘေးကင်းစွာဖြင့် စမတ်ကျသော အတွေ့အကြုံသစ်ကို ခံစားနိုင်ရန် တီထွင် ဖန်တီးမှုများ ပြုလုပ် သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

”အဖက်ဖက်က စမတ်ကျတဲ့ အတွေ့အကြုံသစ်တွေ (ယာဉ်မောင်းအစီအစဉ် driving plan တွေ၊ ယာဉ်မောင်း ဦးစားပေးမှု Driving Preferences တွေ၊ ဘေးကင်းမှုစိစစ်ချက် Safety analysis တွေ အစရှိတဲ့ လုပ်ဆောင်မှုတွေ) ကို ကွန်ပျူတာအချက်အလက်များ (data) များ အပါအဝင် Cloud services တွေနဲ့ ပူးပေါင်းခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ တီထွင်မှုတွေလုပ်ဆောင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု Huawei Consumer BG ရဲ့ CEO ဖြစ်သူ Mr. Richard Yu က ပြောသည်။

Huawei သည် အမေရိကန်နိုင်ငံ၊ လပ်စ်ဗီးဂတ်စ်မြို့တွင် ကျင်းပသည့် CES 2015 ပြပွဲ၌ နောက်ဆုံးပေါ်Huawei စမတ်ဖုန်းများ၊ ဝတ်ဆင်၍ရသော ကိရိယာများ၊ တက်ဘလက်များ၊ မိုဘိုင်းဖုန်း တွဲဖက်ပစ္စည်းများ၊ အိမ်တွင်းသုံး အဆင့်မြင့်ကိရိယာများ၊ OTT နှင့် မော်တော်ယာဉ်သုံး တွဲဖက်ကိရိယာများ အစရှိသည့် ထုတ်ကုန်အမျိုးပေါင်း တစ်ရာကျော်ကို ခင်ကျင်းပြသခဲ့သည်ဟု သိရသည်။

Huawei ၏ ထုတ်ပြန်ချက်အရ ၄င်းတို့၏ P7 မော်ဒယ်စမတ်ဖုန်းသည် ၆ လအတွင်း ဖုန်းအလုံးရေ ၄ သန်း တင်ပို့ခဲ့ရပြီး G7 အမျိုးအစားသည် မိတ်ဆက်ပြီး ၂ လအတွင်း ဖုန်းအလုံးရေ ၁ သန်းကျော် တင်ပို့နိုင်ခဲ့သည်ဟု သိရသည်။