ဘားကမ့်ရန်ကုန် ၂၀၁၅ နှင့် ပတ်သက်၍

640.jpg

မရတနာ

ဘားကမ့်ကို ၂၀၁၁ မှာ စပြီးပါခဲ့တယ်၊ အဲ့ဒီမှာ အတွေ့အကြုံတွေရော၊ သူများတွေလာမျှဝေတာ တွေရော သိရတဲ့အပြင် အသိအကျွမ်းတွေ မိတ်ဆွေတွေလည်း ရခဲ့တယ်၊ အဲ့ဒီမှာ စခင်ခဲ့တဲ့ သူတွေနဲ့ပဲ အခုချိန်ထိလည်း အလုပ်လုပ်တာတွေ၊ သိထားတာ သိချင်တာတွေ  မျှဝေတာတွေ ဆက်လုပ်ဖြစ်တယ် ၊ စိတ်တူ ကိုယ်တူ လူမျိုးတွေ တွေ့ဖြစ်ခဲ့ တယ် ပြောရမယ်၊ MIDO လည်း ၂၀၁၂ ဘားကမ့်မှာပဲ စတင် ခဲ့တာဆိုတော့ တက်ခြင်းအားဖြင့် ပညာပိုင်း ဗဟုသုတပိုင်းတိုးတဲ့အပြင် အရေးကြီးတဲ့ အခြား အပေါင်း အသင်းတွေ network တွေလည်း ရနိုင်တယ်။

ကိုယ်သိထားတာတွေလည်း သူများတွေနဲ့ မျှဝေနိုင်ပြီး နည်းပညာနဲ့ပတ်သတ်ပြီးတော့ အကြံဥာဏ်တောင်းတာတွေ အကူညီတောင်းတာတွေ လည်း လုပ်လို့ရတာပေါ့ ။

 

Yan Gonese

ဘားကမ့်ရန်ကုန်ကို မြန်မာ့ပထမဆုံး ဘားကမ့်အဖြစ် ၂၀၁၀ ခုနှစ် ကနေစပြီး နှစ်စဉ် ကျင်းပလာခဲ့တာ ခု ၂၀၁၅ ခုနှစ်မှာ ဆိုရင် ၆ နှစ် တိုင်ခဲ့ပါပြီ။ စကျင်းပတဲ့နှစ်မှာတင် ဝီကီပီးဒီးယားမှာ ကမ္ဘာ့အကြီးကျယ်ဆုံး ဘားကမ့် စာရင်းဝင်ခဲ့ပြီး ခုချိန်ထိလည်း ပြည်တွင်းဘားကမ့်တွေထဲမှာ ဦးဆောင်လမ်းပြ အနေနဲ့ ရပ်တည်နေတဲ့ ပွဲတစ်ခုပါ။ ဘားကမ့်ဆိုတာ ပုံမှန် ဟောပြောပွဲလိုမျိုး လာရောက် နားထောင်ရုံ သက်သက်မဟုတ်ဘဲ မိမိကိုယ်တိုင်ပါ ဝင်ရောက် ဦးဆောင် (ဒါမှမဟုတ်) အပြန်အလှန် ဆွေးနွေးနိုင်တဲ့ ပွဲမျိုးမို့ လူငယ်လူရွယ်တွေ အတွက် အခွင့်အလမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ပွဲတစ်ခုလို့ ဆိုချင်ပါတယ်။

အထူးသဖြင့် အိုင်တီနည်းပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေ မဖြစ်မနေ တက်ရောက်သင့်တဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီပွဲကို တက်ရောက်ခြင်းအားဖြင့် ကိုယ်နဲ့ ဝါသနာတူ လိုင်းတူ မိတ်ဆွေ၊ သူငယ်ချင်းတွေ အသိုင်းအဝိုင်းတွေ ရရှိလာနိုင်တယ်။ လူငယ်နည်းပညာသမားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ စီးပွားရေး လုပ်ငန်း အကြံဉာဏ်တွေ ရရှိလာနိုင်ပါတယ်။ အလားတူ အိုင်တီနည်းပညာကို စတင် လေ့လာနေသူတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ အတွက်လည်း သက်ဆိုင်ရာ ပညာရှင်တွေရဲ့ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေကို နားထောင်နိုင်တာမို့ ဗဟုသုတများစွာ ရရှိနိုင်ပါတယ်။