ရန်ကုန် ဘားကမ့် ၂၀၁၅ ဖြစ်မြောက်ရေး ကော်မတီ ၏ ပြောကြားချက်များ

640.jpg

ဦးမင်းဦး

မနှစ်ကတော့ ကျွန်တော်တို့ Barcamp Fellow ဆိုတဲ့ အစီအစဉ်တစ်ခု စခဲ့တာရှိတယ်။ အဲဒီအစီအစဉ်ကိုလည်း ဒီနှစ်မှာ ဆက်လက်ပြီးပြုလုပ်မယ်။ အဲဒါနဲ့ ပတ်သက်တဲ့ မူတွေကတော့ ဘားကမ့် ရန်ကုန်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ၊ ဝက်ဘ်ဆိုက် စာမျက်နှာတွေမှာ ဖော်ပြထားပါမယ်။ မနှစ်က လုပ်ပေးတာက ရန်ကုန်တိုင်းထဲမှာ မနေတဲ့ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေကနေပြီးတော့ လာတဲ့သူတွေ အတွက်ကို လူရွေးချယ်ပါတယ်။ သူတို့တွေ နေဖို့အတွက်ကို စီစဉ်ပေးတယ်။ လာတဲ့ ခရီးစားရိတ် ထောက်ပံ့ပေးတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ပွဲလုပ်နေတဲ့ ကာလအတွင်းမှာ ကျွန်တော်တို့ Organizer Team အတူပူးပေါင်း ဆောင်ရွက်ခွင့်ရမယ်။

အစီအစဉ်တွေ ဘယ်လိုလုပ်သွားတယ်။ ဘယ်လိုအကြောင်းအရာတွေ ပြောသွားတယ် ဆိုတာတွေ သိနိုင်မယ်။ အတွေ့အကြုံ ရနိုင်မယ်။ ဒါတွေကို သူတို့ရဲ့ဒေသတွေမှာ ဘားကမ့်တွေ ဆောင် ရွက်နိုင်အောင် အထောက်အကူပြုမယ်ဆိုပြီး ဒီအစီအစဉ်ကိုဆောင်ရွက်တာပါ။ ဒါက ဒုတိယအကြိမ်ပါ။

ကိုဇော်ဇော်မျိုးလွင်

ဇန်နဝါရီလ (၃၁) ရက်နဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ စုစုပေါင်းနှစ်ရက် ကျင်းပသွားမှာ ဖြစ်ပါတယ်။ MICT ပင်မဆောင်နဲ့ အနီးတစ်ဝိုက် ခန်းမများမှာ ကျင်းပမှာဖြစ်တယ်။ ဘားကမ့်မှာပုံမှန် Conference တွေလိုမျိုး Agenda တွေ ဆွဲထားတယ်၊ ဘယ်သူက ဘယ်အချိန်မှာ ဘယ်အကြောင်းအရာကို ပြောပါမယ် ဆိုပြီးတော့ ပြုလုပ်ထားခြင်း မရှိပါဘူး။ ဘားကမ့်ကို တကယ် တက်ရောက်တဲ့ သူကပဲ ဘားကမ့်ပါဖြစ်ပြီး သူတို့ကပဲ Speaker ဖြစ်လာမှာပါ။ ဘယ်သူ Speaker ဖြစ်မယ်ဆိုတာကို ကျွန်တော်တို့ပြောလို့ မရပါဘူး။ ရောက်လာတဲ့သူတွေအနေနဲ့ သူတို့ပြောချင် ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပေးထားတဲ့ Topic Board ရှိပါတယ်။ သူတို့ပေးထားတဲ့ အခန်းမှာ အချိန်တွေ၊ အခန်းတွေကို ဇယားကွက်နဲ့ ပေးထားတယ်။ ဒီအခန်း၊ ဒီအချိန်မှာ ဘယ်ခေါင်းစဉ်နဲ့ ပြောချင်တယ်ဆိုတာကို လာပြီးတော့ Topic မှာ Register လုပ်ထားရပါတယ်။

အဲလို လုပ်တဲ့အခါ ကျွန်တော်တို့က ဘယ်သူ့ကို ဘယ်အခန်းယူပါလို့ မပြောပါဘူး။ ဒီအခန်းတွေကို ဘားကမ့် တက်ရောက်လာတဲ့သူ အားလုံး ပိုင်ဆိုင်ပါတယ်။ နားထောင်မယ် မထောင်ဘူး ဆိုတာကလည်း ကျွန်တော်တို့က ညွှန်ကြားလို့ မရဘူး။ သူတို့ကြိုက်တဲ့ဟာကို သူတို့ နားထောင်ကြမယ်။ တစ်ကြိမ်တည်း တစ်ပြိုင်တည်းမှာ အခန်းပေါင်းများစွာ ကပြောကြမယ်။ ကိုယ်ပြော မယ့် ခေါင်းစဉ်ကို ဆွဲဆောင်အားကောင်းဖို့လည်း လိုတယ်။ ဆွေးနွေးတဲ့ အခါမှာလည်း နားထောင်တဲ့ သူတွေကလည်း အပြန်အလှန် ဆွေးနွေးနိုင်မယ်။ ဒီအတွက်အချိန် (၄၅) မိနစ် သတ်မှတ်ထားတယ်။  မလောက်ဘူးဆိုရင် ဆက်ပြီးတော့ နားထောင်တွေကို အပြင်ကို ခေါ်ပြီးတော့ ဆက်ဆွေးနွေးလို့ ရတယ်။ လူငယ်တွေ အနေနဲ့ ဘာရလဲဆိုတော့ လုပ်ငန်းရှင်တွေ အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ သူတွေမျှဝေ ကြတာရှိတယ်။ ဒီခေါင်းစဉ် ဆွေးနွေးတဲ့အခါမှာ အသိပညာတစ်ခု၊ ဒီပွဲ လာရောက်တဲ့ အခါ ကိုယ်မသိတာ နားလည်သွားတယ်၊ နောက်ဒီပွဲကို လာတဲ့သူတွေနဲ့ အဆက်အသွယ် ရသွားကြတယ်။ နောက်ပိုင်းကျတော့ အလုပ်တွေ ဆက်လုပ်နိုင်တယ်။ ဒါမှမဟုတ် အလုပ်အကိုင် အခွင့်အလမ်းတွေ ရသွားတာတွေ ရှိတယ်။ ကောင်းကျိုးအများကြီး ပေးနိုင်တယ်။ ရန်ကုန်မှာ လုပ်သွားပြီးတဲ့နောက်မှာ မန္တလေးတို့ လားရှိုးတို့ အခုဆိုရင် မြန်မာနိုင်ငံ မြို့ကြီးတော်တော် များများမှာ ဘားကမ့်တွေ ကျင်းပလာကြတယ်။ ဒါ့အပြင် ကျောင်းတွေမှာလည်း ကျင်းပလာကြတယ်။ ဒါသည် ဘာလဲဆိုတော့ ဘားကမ့်အပေါ်မှာ လူတွေ စိတ်ဝင်စားမှု များပြားလာတယ်ဆိုတဲ့ အကြောင်းအရာပေါ့။ ဘားကမ့်ဟာ နည်းပညာ တစ်ခုတည်းကိုပဲ ဦးစားပေးထားတာ မဟုတ်ပါဘူး။ ရန်ကုန်မှာလည်း ဖြစ်တယ်။ နည်းပညာ သမားတွေက အများစု စလုပ်တယ် ဆိုတာကြောင့်လည်း နည်းပညာ အကြောင်းတွေ များပေမယ့် အခြားသော အကြောင်းအရာတွေ ဆွေးနွေးကြတာ ရှိပါတယ်။ တစ်ချို့ဆိုရင် ဒီမှာမဟုတ်ဘဲ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ Camp သီးသန့်လုပ်တာ ရှိတယ်။ အင်ဂျင်နီယာ တွေချည်းပဲ သီးသန့် Camp လုပ်တာရှိတယ်။ အဲပုံစံမျိုးနဲ့လည်း ခွဲထွက်ပြီးတာ့ လုပ်လာကြတာ ရှိတယ်။ ဒါသည် ကျွန်တော်တို့ ဘားကမ့်ရန်ကုန် ကျင်းပပြီးတဲ့ နောက်မှာ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာ ဖြစ်တယ်။