Xbox One ဂိမ်းများကို Windows 10 တွင် ကစားနိုင်မည်

windows10xboxone.jpg

ယခုနှစ်ကုန် ပိုင်းအတွင်း Windows 10 တွင် Xbox One ဂိမ်းများ ကစားနိုင်ရန် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း Microsoft ၏ Xbox ဌာန အကြီးအကဲဖြစ်သူ ဖီးလ်စပန်ဆာက Windows 10 မိတ်ဆက်ပွဲ၌ ပြောကြားသွားခဲ့သည်။

Windows 10 သည် ၎င်း OS အသုံးပြုထားသော PC နှင့် tablet များတွင် ဂိမ်းများ stream ပြုလုပ်၍ ကစားနိုင်ရန် ပြုလုပ်ပေးသွားမည် ဖြစ်သည်။ လက်ရှိအချိန်တွင် Windows Phone များတွင် stream ပြုလုပ်၍ ကစားနိုင်ရန်အတွက် လုပ်ဆောင်ချက်များ မပြည့်စုံသောကြောင့် ၎င်း feature ထွက်ရှိချိန် နောက်ကျမည် ဖြစ်သည်။ အဆိုပါ feature လုပ်ဆောင်ပုံမှာ Xbox One ကို Surface Pro 3 ကဲ့သို့ အခြား ထုတ်ကုန်များဖြင့် ချိတ်ဆက်လိုက်ပါက Forza Horizon 2 ဂိမ်းကိုပင် stream ပြုလုပ်၍ ကစားနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ကုမ္ပဏီ အနေဖြင့် ဂိမ်းကစားသူများကို အတွေ့အကြုံများစွာ ပေးလိုကြောင်း စပန်ဆာက ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် မတ်လတွင် ကျင်းပမည့် Game Developers Conference တွင် Xbox One မှ PC သို့ game streaming လုပ်ခြင်း ဝန်ဆောင်မှုကိုလည်း ထပ်မံရှင်းလင်း ပြောကြားသွားမည်ဟု ပြောဆိုခဲ့သည်။

Ref: GameSpot