Luxury SUV ထဲကမှ Sport အပြင်အဆင်နဲ့ Land Rover Range Rover Sport 2014

Land-Rover-Range-Rover-Sport.jpg

မော်တော်ကား ထုတ်လုပ်ရောင်းချတဲ့ နိုင်ငံအများစုမှာ ပြိုင်ဘက်ကုမ္ပဏီတွေ ပေါ်ပေါက်အောင်မြင်နေတာ တွေ့ နိုင်သလို အဲဒီလို ကားထုတ်လုပ်ရောင်းချတဲ့ နိုင်ငံတစ်နိုင်ငံမှာ ကြီးသုံးကြီးလို့ ဆိုနိုင်မယ့် ကားကုမ္ပဏီ အကြီးစားသုံးခုစီလည်း ရှိတတ်စမြဲပါ။ ဒါက မော်တော်ကား ထုတ်လုပ်ရောင်းချမှုများတဲ့ နိုင်ငံတွေကို ဆိုလိုတာလည်း ဖြစ်ပါတယ်။ ဥပမာဆိုရင် ဂျာမနီမှာ Audi, BMW နဲ့ Mercedes၊ ဂျပန်မှာဆိုရင် Toyota, Nissan နဲ့ Mazda၊ ပြင်သစ်မှာဆိုရင် Renault, Peugeot နဲ့ Citroen တို့လိုပေါ့၊ ဒီထဲမှာ အခုပြောမယ့် Land Rover ကတော့ အင်္ဂလန်ထဲမှာ ပါနေတာဖြစ်ပြီး သူ့မှာလည်း Land Rover, Jaguar နဲ့ Vauxhall တွေက အင်္ဂလန်ရဲ့ ကြီးသုံးကြီး စာရင်းဝင်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ထူးခြားတာ တစ်ချက်က တခြားနိုင်ငံတွေက ကုမ္ပဏီတွေက မော်တော်ကားအမျိုးအစား စုံစုံလင်လင် ထုတ်လုပ်ရောင်း ချပြီး ဈေးကွက်မှာ ပြိုင်ဆိုင်နေတာ တွေ့ ရပေမယ့် အင်္ဂလန်ကတော့ သူတို့နဲ့ မတူပါဘူး။ ဘယ်လိုမျိုးလဲဆိုရင် Land Roverက SUV တွေပဲ အဓိက အားထားထုတ်လုပ်ပြီး ဈေးကွက်မှာ အောင်မြင်မှုရှိသလို Jaguar ဆိုရင် Sport တွေပဲ ထုတ်လုပ်တာများတာ တွေ့ ရပြီး Vauxhall ဆိုရင် အိမ်သုံးကားတွေပဲ အထုတ်များပါတယ်။ ဒီနေရာမှာ အခုကျွန်တော်ပြောမယ့် Range Rover Sport ကတော့ တည်ကြည်တဲ့ ရုပ်ထွက်၊ ခန့်ညားတဲ့ဒီဇိုင်းနဲ့ Luxury တန်းဝင်မော်ဒယ်ဖြစ်တာမို့ စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ Range Rover Sport အကြောင်းကို ဆက်ကြည့်ရအောင်ပါ။

အားသာချက်

မော်ဒယ်က Luxury တန်းဝင်ပါ၊ ဇိမ်ခံကားတစ်စီးကို ဘယ်သူကများ Off-Road အတွက် သုံးမှာလဲ။ ဒါပေမဲ့ ရပါတယ်၊ Range Rover Sport ကတော့ Off-Road အတွက်လည်း စိတ်ကြိုက်မောင်းနှင်နိုင်မှာ ဖြစ်သလို ခရီးဝေးသွားလာမှုတွေအတွက်လည်း အားမနာတမ်း စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အင်ဂျင်ပိုင်း၊ စွမ်းအင်ထုတ်လုပ်မှု အထူးကောင်းမွန်တာ တွေ့ ရပြီး Land Rover ရဲ့ မော်ဒယ် အများစုက ရုန်းအားကောင်းတာများပေမယ့် အမြန်နှုန်းမြှင့်တင်မောင်း နှင်နိုင်မှုတော့ အားနည်းတတ်တာပါ။ ဒါပေမဲ့ အခု Range Rover Sport မှာတော့ အမြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်မှုပါ အားကောင်းတာ တွေ့ ရ
ပါတယ်။ နောက်တစ်ချက်ကတော့ ထိုင်ခုံ အရေအတွက်ဖြစ်ပြီး မိသားစုဦးရေ များများနဲ့ အပျော်ခရီးထွက်ချင်သူတွေ အတွက်ပါ အဆင်ပြေနိုင်မှာဖြစ်ပြီး ခရီးသည် ၇ ယောက်အတွက်ပါ ထိုင်ခုံတွေ တပ်ဆင် ထားတာ တွေ့ ရပါတယ်။

အားနည်းချက်

အားသာချက်နဲ့ အားနည်းချက် ဒွန်တွဲနေတယ်ဆိုတာကို လက်ခံမယ်လို့တော့ ထင်ပါတယ်နော်။ အခုလည်း တတိယမြောက်ထိုင်ခုံတန်းကို ထည့်သွင်း တည်ဆောက်ထားတာကြောင့် ခရီးသည် ၇ ယောက်ထိအောင် လိုက်ပါစီးနင်းနိုင်မှာ မှန်ပေမယ့် တစ်ဖက်ကတော့ နောက်ဘက်ဝန်တင်ခန်းအတွက် နေရာကျဉ်းသွားပါတယ်။ နောက်ပြီးတော့ တတိယထိုင်ခုံတန်းက အရွယ်ရောက်ပြီးသူတွေအတွက် အခက်အခဲ ရှိမှာဖြစ်ပြီးတော့ ကလေးငယ်တွေ ထိုင်ဖို့အတွက်လောက်ပဲ အဆင်ပြေမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဆီစားနှုန်း နည်းနည်းများတာဖြစ်ပြီး Luxury တန်းဝင်မော်ဒယ်ကို စီးနင်းမယ့်သူတွေအတွက်တော့ ထည့်သွင်း စဉ်းစားစရာ မလိုမယ့် အချက်ပါပဲ။

အင်ဂျင်ပိုင်း

တပ်ဆင်ထားတဲ့ အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင် ၃.၀ လီတာသုံး V6 အင်ဂျင်ကို တပ်ဆင်ထားတာတွေ့ ရပြီး ဒီအင်ဂျင်စနစ်က အင်ဂျင်သံလည်း တည်ငြိမ် ကောင်းမွန်တာတွေ့ ရသလို အလတ်တန်းစား SUV တစ်စီးအတွက်လည်း အနေတော်လောက်ပါပဲ။ အင်ဂျင်ရဲ့ လည်ပတ်အား တစ်မိနစ်ကို အပတ်ရေ ၃၅၀၀ မှာ ရုန်းအားက ၃၃၂ ပေ-ပေါင်ရှိပေမယ့် ထွက်ရှိမယ့် စွမ်းအင်ပမာဏကတော့ မြင်းကောင်ရေ ၃၄၀ အား ထိအောင်ရှိမှာ ဖြစ်ပါတယ်။ အင်ဂျင်ရဲ့ အမြန်ဆုံး လည်ပတ်မယ့်နှုန်းကတော့ တစ်မိနစ်ကို အပတ်ရေ ၆၅၀၀ ထိအောင်ရှိနေတာမို့ ဆီစားများသွားတာ ဖြစ်နိုင်ပါတယ်။ Cam Type ကတော့ ပုံမှန်အတိုင်း DOHC ပဲဖြစ်ပြီး အဆို့ရှင် ၂၄ လေးလုံးနဲ့ တည်ဆောက်ထားတဲ့ အင်ဂျင်စနစ်လည်း ဖြစ်ပါတယ်။

မောင်းနှင်နိုင်မှု

လေးဘီးယက်စနစ်နဲ့ ဖန်တီးထားတဲ့ မော်ဒယ်ဖြစ်ပြီးတော့ Transmission အပိုင်းမှာ Auto စနစ်နဲ့ မောင်းနှင်နိုင်မှာဖြစ်ပေမယ့် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု ကောင်းမွန်တာလည်း တွေ့ ရပါတယ်။
အသုံးပြုမောင်းနှင်နိုင်မယ့် ဂီယာချက်စုစုပေါင်းက ၈ ချက်ထိအောင်ဖြစ်ပြီး ဒါက ခရီးဝေးမောင်းနှင်မှုတွေအတွက် အကောင်းဆုံးဖြစ်စေမှာလည်း ဖြစ်သလို အမျိုးသမီးတွေ မောင်းနှင်ဖို့အတွက်ပါ ကောင်းမွန်စေမှာပါ။ Supercharged စနစ်ပါဝင်တဲ့ အင်ဂျင်စနစ်နဲ့လည်း ရရှိနိုင်မှာဖြစ်ပြီး အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုက တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၄.၆ စက္ကန့်ပဲ ကြာမှာဖြစ်ပြီး အခု ကျွန်တော်ပြောနေတဲ့ V6 အင်ဂျင် တပ်မော်ဒယ်ကတော့ တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၆.၉ စက္ကန့်လောက်ထိအောင်ပဲ ယူမှာ ဖြစ်ပါတယ်။

ဆီစားနှုန်း

ဒီအပိုင်းမှာတော့ အင်ဂျင်က အရွယ်ဒီလောက်ကြီးမကြီးပေမယ့် လေးဘီးယက်စနစ်နဲ့လည်း ဖန်တီးထားသလို တစ်ဖက်ကလည်း အင်ဂျင်ရဲ့ လည်ပတ်အား များနေတာလည်း တွေ့ နိုင်ပြီး Transmission အပိုင်းမှာလည်း Auto စနစ်နဲ့ဖြစ်နေတာကြောင့် ဆီစားနှုန်း များတာတွေ့ ရပါတယ်။ Range Rover Sport ရဲ့ ပျမ်းမျှဆီစားနှုန်းကတော့ ဆီတစ်ဂါလံကို ၁၉ မိုင်ထိအောင်ပဲ စီးနင်းနိုင်မှာဖြစ်ပြီးတော့ မြို့တွင်း လမ်းကြောင်းတွေ အတွက်ဆိုရင် ၁၇ မိုင်နဲ့ အဝေးပြေးလမ်းကြောင်းတွေမှာ ဆိုရင်တော့  ၂၃ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာလည်း ဖြစ်ပါတယ်။ Range Rover Sport မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုကတော့ ၂၇.၇ ဂါလံထိအောင်ဖြစ်တာမို့ ဆီစားနှုန်းနဲ့စာရင် သင့်တော်တာ ဖြစ်ပေမယ့် တိုင်ကီရဲ့ နေရာယူမှုကြောင့် အတွင်းခန်းတော့ နည်းနည်း ကျဉ်းသွားစေပါတယ်။

ကိုယ်ထည်

အလတ်တန်းစား တံခါးလေးပေါက်စနစ် SUV မော်ဒယ်ဖြစ်ပြီးတော့ သူက အလျား ၁၅ ပေနဲ့ ၁၁ လက်မ ရှိမှာဖြစ်ကာ မျက်နှာစာအကျယ် ၆ ပေနဲ့ ၆ လက်မကို တစ်စိတ် စွန်းပါတယ်။ ကားရဲ့ အမြင့်က ၅ ပေနဲ့ ၁၀.၁
လက်မရှိမှာဖြစ်ပြီး ကိုယ်ထည်နဲ့ မြေပြင်ရဲ့ ကင်းလွတ်နိုင်မှုကတော့ ၈ လက်မ နီးပါးထိအောင် ရှိမှာဖြစ်ကာ ကားတစ်စီးလုံးရဲ့ အလေးချိန်က ပေါင်၄၇၂၇ ပေါင်ရှိမှာပါ။ အရောင်အပိုင်းမှာ Range Rover Sport က စုစုပေါင်းအရောင် ၁၉ ရောင်ထိအောင် ထုတ်လုပ်ထားတာ တွေ့ ရပြီး   အတွင်းဘက် အပြင်အဆင်အပိုင်းမှာလည်း သားရေဦးစားပေးပုံစံနဲ့ ၁၇ မျိုးလောက် ထိအောင် ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ထူးခြားတာ တစ်ချက်လည်းတွေ့ရပြီး ကိုယ်ထည်အရောင်အပြင် အမိုးရဲ့ အရောင်ကိုပါ ၃ မျိုးထိအောင် ရွေးချယ်နိုင်ဦးမှာပါ။ ကဲ..ဒါဆိုရင် Luxury တန်းဝင် Range Rover Sport ကတော့ တကယ်လည်း ရွေးချယ်နိုင်မှုများစွာနဲ့ သင့်ကို စိတ်ကြိုက်ဖြစ်စေမယ့် မော်ဒယ်တစ်ခုဆိုတာ သေချာနေပါပြီ။