ARM ပရိုဆက်ဆာနဲ့ Intel x86 ပရိုဆက်ဆာ ဘာတွေကွာသလဲ

ARM-vs-X86-Key-differences-explained-.jpg

Android OS တွေဟာ CPU တွေရဲ့တည်ဆောက်မှု နည်းပညာ ၃ မျိုး ARM, Intel နဲ့ MIPS (MIPS Technologies Inc) ကို ထောက်ပံ့ လုပ်ဆောင်ပေးနိုင်ပါတယ်။ အဲဒီအထဲမှာ ARM ကရေပန်းအစားဆုံး ဆိုတာ ငြင်းစရာ မရှိပါဘူး။ Intel ဟာ စားပွဲတင် ကွန်ပျူတာတွေနဲ့ ဆာဗာလောကမှာ ဘုရင်ဖြစ်ခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါပေမဲ့ မိုဘိုင်းမှာတော့ ထင်တိုင်း မပေါက်ခဲ့ပါဘူး။ MIPS ကလည်း သူ့ရာဇဝင် နောက်ကြောင်း ကောင်းခဲ့ပြီး အောင်မြင်မှု အမြာက်အမြားရခဲ့ပြီး ဖြစ်ပါတယ်။ 32 bit ရော 64bit လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သူလည်းပဲ အခုအချိန်မှာတော့ မိုဘိုင်းလောကမှာ  နောက်ကျန်နေခဲ့ပါတယ်။ အဲဒီအတွက် မိုဘိုင်း လောကမှာတော့ လက်ရှိအချိန်မှာ ARM က လက်ရှိချန်ပီယံ၊ သူ့ရဲ့ပြိုင်ဘက်က အထင်ကရ ကုမ္ပဏီကြီး Intel ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ARM နဲ့ Intel ပရိုဆက်ဆာ တွေဟာ ဘာကွာခြား နေသလဲ၊  မိုဘိုင်းလောကမှာ ARM က ဘာဖြစ်လို့ အသာရနေသလဲ၊ သင့်ရဲ့ မိုဘိုင်းဖုန်းနဲ့ Tablet တွေမှာ ဘယ် CPU သုံးထားတဲ့ ပစ္စည်းက အဆင်ပြေ မလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။

Fab

ARM ပရိုဆက်ဆာတွေနဲ့ Intel ပရိုဆက်ဆာတွေရဲ့ အဓိကအကျဆုံး ကွာခြားမှုတွေထဲမှာ စစချင်းထုတ်လုပ်တဲ့ နည်းပညာ fab တွေက စပြီးကွာခြားမှု ရှိပါတယ်။ ARM ဟာ တောက်လျှောက် ပါဝါစားနှုန်း အနိမ့်ဆုံး ပရိုဆက်ဆာတွေကို ထုတ်လုပ်ခဲ့ပါတယ်။ Intel ကတော့ စားပွဲတင် ကွန်ပျူတာတွေနဲ့ ဆာဗာတွေအတွက် စွမ်းဆောင်ရည် မြင့်သထက် မြင့်အောင်၊ ပါဝါစားနှုန်း နိမ့်အောင် ရည်ရွယ်ထုတ်လုပ် ထားခဲ့ပါတယ်။

အဲဒီအတွက် စားပွဲတင် ကွန်ပျုတာတွေနဲ့ ဆာဗာတွေမှာ Intel CPU တွေသုံးခဲ့တာ လွန်ခဲ့တဲ့နှစ် ၄၀ လောက်ကတည်းက ဖြစ်ပါတယ်။  တစ်ခုသတိပြုရမှာက Intel ရဲ့ ထုတ်လုပ်ခဲ့ပြီးသမျှ ပရိုဆက်ဆာတွေ အားလုံးဟာ CISC (Complex Instruction Set  Computing)  ခိုင်းစေညွှန်ကြားချက် တည်ဆောက်မှု နည်းပညာ ISA (Instruction Set architecture) ကို ထုတ်လုပ်ခဲ့ပါတယ်။ Intel  ကနေအဲဒီ နည်းပညာသုံး CPU တွေကိုပဲ သုံးခဲ့ပြီး မိုဘိုင်းပစ္စည်းတွေနဲ့ ကိုက်ညီအောင် လုပ်ထားတာ ဖြစ်ပါတယ်။ အခုလက်ရှိ အချိန်မှာ Intel ရဲ့ CPU တွေက 22 nm,  14 nm,  ARM CPU တွေက 28nm, 22nm, 20nm နဲ့ထုတ်လုပ် ထားပါတယ်။

CISC နဲ့ RISC

နည်းပညာတွေ ဘယ်လောက် တိုးတက်လာလာ အခြေခံကျတဲ့ အချက်အလက်တွေက အပြောင်းအလဲ မရှိပါဘူး။ Intel CPU တွေက CISC (Complex Instruction Set Computing) ကို သုံးဖို့အတွက် ရည်ရွယ် ထုတ်လုပ်ထားပြီး ARM တွေကတော့ RISC (Reduced Instruction Set Computring) ကို သုံးဖို့အတွက် ရည်ရွယ် ထုတ်လုပ်ထားပါတယ်။ CPU တွေရဲ့ စွမ်းဆောင်ရည်ကို တိုးအောင် လုပ်ဆောင်ရင် ပါဝါစားနှုန်းက မြင့်သွားလေ့ရှိပါတယ်။ CISC နဲ့ RISC က အဲဒီအချက်မှာ ကွာခြားမှု ရှိနေပါတယ်။ ARM CPUတွေက RISC Instruction Set ကို သုံးထားပါတယ်။ RISC တွေက သူ့နာမည်အတိုင်း ခိုင်းစေညွှန်ကြား ချက်တွေကို လျှော့ထားပါတယ်။ ခိုင်းစေညွှန်ကြား ချက်တွေဟာ သေးငယ်ပါတယ်။ CISC တွေကတော့ ရှုပ်ထွေးပါတယ်။ ဥပမာ CISC ရဲ့ ခိုင်းစေ ညွှန်ကြားချက်တစ်ခု ပြီးမြောက်ဖို့အတွက် CPU ကနေ တွက်ချက် စစ်ဆေးမှု ၃၊၄ ကြိမ် ၃၊၄ ခု လုပ်ရပါတယ်။

လက်ရှိ သုံးနေကြတဲ့ ခေတ်ပေါ် CPU တွေဟာ microcode လို့ခေါ်တဲ့ CPU အတွင်းပိုင်းမှာ လုပ်ဆောင်တဲ့ Internal Instruction Set တွေဖြစ်ပါတယ်။ အဲဒီခိုင်းစေချက်တွေဟာ သင်ခိုင်းစေ ညွှန်ကြားချက်တွေနဲ့ မတူဘဲ CPU ကနေတိုက်ရိုက် လုပ်ဆောင်ပေးတဲ့ code တွေ ဖြစ်ပါတယ်။ အဲဒီခိုင်းစေ ညွှန်ကြားချက်တွေဟာ အသေးစား ခိုင်းစေညွှန်ကြားချက် တွေဖြစ်လို့ (Micro Instruction Set) တွေလို့ ခေါ်တာဖြစ်ပါတယ်။

သင်ခိုင်းစေ ညွှန်ကြားချက် တစ်ခုခု ကွန်ပျူတာကို ခိုင်းလိုက်ရင် အဲဒီ  CPU ကတွက်ချက် စစ်ဆေးလုပ်ဆောင် ပေးနိုင်တဲ့ micro instruction တွေအဖြစ် ပြောင်းလဲ (compile) လုပ်ပေးရပါတယ်။ အဲဒီလို လုပ်ဆောင်မှုကို decoder က တာဝန်ယူ လုပ်ပေးရပါတယ်။  RISC ပရိုဆက်ဆာ တွေကတော့ သူ့ရဲ့ခိုင်းစေ ညွှန်ကြားချက်တွေဟာ microcode လုပ်ဆောင်မှုတွေနဲ့ အများကြီးနီးစပ်လို့ decode စရာသိပ်မလိုပါဘူး။  အဲဒီ လုပ်ဆောင်ချက် လျော့သွားတာဟာ ဘာမှမပြော ပလောက်ဘူးလို့ ထင်ရပေမယ့် CISC တွေ ထက် RISC တွေက အများကြီး ဝန်ပေါ့စေပါတယ်။ အဲဒီနောက် ဆက်တွဲအနေနဲ့ကတော့ RISC  ARM CPU သုံးထားတဲ့ မိုဘိုင်းစမတ်ဖုန်း၊ Tablet တွေဟာ ဘက်ထရီ တစ်ခါအားသွင်းရင် အကြာကြီး သုံးနိုင်တာ၊ ဘက်ထရီ ပါဝါအများကြီး မလိုတာ၊ အပူစွန့် ထုတ်ဖို့ heatsink တွေ ပန်ကာတွေ မလိုတာစတဲ့ အကျိုးဆက်တွေ ဖြစ်လာပါတယ်။ Intel က သိပ်မကြာသေးခင်ကမှ ထုတ်ထားတဲ့ Atom CPU တွေနဲ့ Broadwell-Y CPU တွေပဲ ပါဝါစားနှုန်း နိမ့်အောင်လုပ်ထားပြီး ပန်ကာသုံးစရာမလိုတဲ့ CPU တွေ ဖြစ်လာပါတယ်။ Intelရဲ့CPU တွေနဲ့ ARM CPU တွေမတူညီရတဲ့ အဓိက အချက်ထဲမှာ CISC နဲ့ RISC ကွာခြားမှုကလည်း အဓိက အချက်တစ်ခု ဖြစ်နေပါတယ်။

64 bit

ARM နဲ့Intelရဲ့ ကွာခြားချက် တစ်ခုရှိနေတာက 64bit computing ဖြစ်ပါတယ်။ 64 bit computing အကြောင်းရေးရင်လည်း အစက ပြန်စရပါမယ်။ Intel CPU တွေမှာ သုံးထားတဲ့ x86 instruction set ရဲ့  64 bit ဗားရှင်းဟာ Intel က တီထွင်သုံးခဲ့တာ မဟုတ်ပါဘူး။ အဲဒီ  Instruction set x86-64 (အတိုကောက် x64 လို့ သုံးလေ့ရှိပါတယ်။)  ဟာ AMD (Advanced Micro Device) က ဒီဇိုင်း လုပ်ထားတာ ဖြစ်ပါတယ်။ ကွန်ပျူတာလောကမှာ x86 32bit  နဲ့တင် မလုံလောက်ဘူးဆိုတာ Intel က သိပါတယ်။ အဲဒီအတွက် သူ့ရဲ့ 64bit ပရိုဆက်ဆာ ပရောဂျက်ကို စတင်ခဲ့ပြီး IA-64 လို့ ခေါ်ခဲ့ပါတယ်။ တကယ်တမ်း အဲဒီ IA-64 ဟာ အီတာနီယမ် (Itanium) ပရိုဆက်ဆာတွေမှာ သုံးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက် AMD ကသူ့ရဲ့ ပရိုဆက်ဆာတွေမှာ Intel ရဲ့ IA-64 ကို သုံးလို့မဖြစ်နိုင်ဘူးဆိုတာသိပြီး 64 bit addressing နဲ့ 64bit registers တွေ သုံးထားတဲ့သူ့ရဲ့  x 64 ကို  ဒီဇိုင်းလုပ်ခဲ့ပါတယ်။ IA-64 ပရောဂျက်ဟာ အောင်မြင်မှု မရခဲ့ဘဲ ဒီနေ့သုံးစွဲနေတဲ့ 64bit instruction set တွေဟာ AMD ရဲ့ 64 bit ဒီဇိုင်းကို သုံးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ AMD ရဲ့ မူရင်းဒီဇိုင်းနဲ့ အသေးစား ကွာခြားမှု နည်းနည်း ရှိနေပါတယ်။ Intel က အဲဒီ 64bit လုပ်ဆောင်မှုတွေကို အခုမိုဘိုင်းမှာ သုံးဖို့လုပ်ထားတာ ဖြစ်ပါတယ်။

ARM တွေကတော့ သီးခြားပုံစံ တစ်မျိုး ဖြစ်ပါတယ်။ ARM ကလည်း မိုဘိုင်းလောကမှာ 64bit သုံးရမယ်၊ သုံးဖို့လိုတယ်ဆိုတာ သိပါတယ်။ အဲဒီအတွက် ၂၀၁၁ ခုနှစ်ထဲမှာသူ့ရဲ့ ARMv8 64-bit တည်ဆောက်မှု နည်းပညာကို ကြေညာခဲ့ပါတယ်။ အဲဒီလို နှစ်ပေါင်းများစွာ တီထွင်လုပ်ဆောင်မှုရဲ့ ရလဒ်အနေနဲ့ သူ့ရဲ့ မျိုးဆက်သစ် ARM, ISA အသစ်ကို ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလုပ်ဆောင်မှုက 64bit ကို အပြည့်အဝ လုပ်ဆောင်နိုင်ဖို့ပဲ ရည်ရွယ် လုပ်ဆောင်ထားတာ ဖြစ်ပေမယ့် လက်ရှိသုံးစွဲနေတဲ့ လုပ်ဆောင်မှု ပုံစံတွေနဲ့ Instruction set တွေက ရှိနေပါသေးတယ်။ အဲဒီအတွက် ARMv8 တည်ဆောက်မှု နည်းပညာကို တွက်ချက်စစ်ဆေးမှု အပိုင်းနှစ်ခု ခွဲထုတ်လိုက်ပါတယ်။ အဲဒါတွေက AArch32 နဲ့ AArch64 ဖြစ်ပါတယ်။ အဲဒီနာမည် ပေးထားတဲ့အတိုင်း တစ်ပိုင်းက 64 bit, တစ်ပိုင်း က 32 bit  code တွေကို တာဝန်ယူ လုပ်ပေးပါလိမ့်မယ်။ ARM ရဲ့ စိတ်ကူးကောင်းတဲ့ ဒီဇိုင်းကြောင့် ပုံမှန်တွက်ချက် စစ်ဆေးမှုတွေကို လုပ်ဆောင်ရင်း အပိုင်းတစ်ခုကနေ အပိုင်းတစ်ခု အဆင်ပြေပြေ ပြောင်းသုံးသွား နိုင်စေပါတယ်။  အဓိပ္ပာယ် ကတော့ 64bit instruction decoder တွေဟာ  ဒီဇိုင်းအသစ်လုပ်ပြီး 32bit  instruction တွေနဲ့ compatible ဖြစ်အောင် နောက်ကြောင်း ပြန်လှည့်ကြည့်နေစရာ မလိုတော့ပါဘူး။ 64bit ခိုင်းစေ ညွှန်ကြားချက်တွေကို 64bit အပိုင်းကလုပ်၊ 32bit ခိုင်းစေညွှန် ကြားချက်တွေကို 32 bit  အပိုင်းကလုပ်၊ ပရိုဆက်ဆာ တစ်ခုလုံး ကတော့ 32bit ရော၊ 64bit  ကိုပါ တာဝန်ယူ လုပ်ဆောင်ပေး နိုင်စေပါတယ်။ 64bit မှာတော့ Intel  က ဦးဆောင်ထားနိုင်ပြီး၊ ARM က လက်တလော ထုတ်ထားတဲ့ CPU တွေနဲ့ Andriod 5 OS တွေ တွဲသုံးထားမှသာ 64bit ကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ပါမယ်။ Nexus စီးရီးနဲ့ Nokia N1 တက်ဘလက် တွေလောက်ပဲ 64 bit လုပ်ဆောင် နိုင်ပါသေးတယ်။

Heterogeneous Computing

ARM ရဲ့ big.LITTLE တည်ဆောက်မှု နည်းပညာဟာ မတူညီတဲ့ နည်းပညာပစ္စည်း နှစ်ခုကို ပေါင်းစပ်သုံးစွဲတဲ့ တွက်ချက်စစ်ဆေး ဆောင်ရွက်မှု တစ်ခုဖြစ်ပြီး Intel ကနေ အဲဒီလုပ်ဆောင်မှုနဲ့ နီးစပ်တဲ့ လုပ်ဆောင်မှု တစ်ခုမှ လုပ်ထားတာ မရှိသေးပါဘူး။ big. LITTLECPU နှစ်လုံး တွဲသုံးတာဖြစ်ပြီး အမျိုးအစားတူစရာ မလိုပါဘူး။ များသောအားဖြင့် သမားရိုးကျ Dual Core ဒါမှမဟုတ် Quad Core  ပရိုဆက်ဆာတွေရဲ့ Core ၂ ခု ဒါမှမဟုတ် Core ၄ ခုက အမျိုးအစား တူနေပါတယ်။ ဥပမာပြောရရင် Dual Core Atom ပရိုဆက်ဆာဆိုရင် သူ့ရဲ့ Core နှစ်ခုဟာ ထပ်တူညီတူနေပြီး x86-64 လုပ်ဆောင်ပေးတဲ့  Core တွေဖြစ်နေပါတယ်။ အဲဒီ Core နှစ်ခုဟာ စွမ်းဆောင်ရည်၊ ပါဝါစားနှုန်းတွေကအစ တူနေပါတယ်။ ဒါပေမဲ့ ARM ရဲ့ big.LITTLE ကတော့ မိုဘိုင်း ပစ္စည်းတွေ အတွက် မတူညီတဲ့ နည်းပညာ ပစ္စည်းနှစ်ခုကို ပေါင်းစပ် လုပ်ဆောင်ပေးတဲ့ heterogeneous computing ကို မိတ်ဆက် ပေးခဲ့တာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ Core နှစ်ခုဟာ စွမ်းဆောင်ရည်နဲ့ ပါဝါတူစရာ မလိုပါဘူး။ တကယ်လို့ မိုဘိုင်းပစ္စည်းဟာ အလုပ်များမနေဘူး စွမ်းအင်နိမ့်တဲ့ Core ကိုသုံး အလုပ်လုပ် ပါလိမ့်မယ်။ တကယ်လို့ တွက်ချက်စစ်ဆေးမှု ရှုပ်ထွေးပြီး စွမ်းဆောင်ရည်မြင့်ဖို့ လိုအပ်တဲ့ ဂိမ်းတွေ၊ တခြားလုပ်ဆောင်မှုတွေအတွက် စွမ်းဆောင်ရည်မြင့်တဲ့ Core ကနေ တာဝန်ယူ လုပ်ပေးပါလိမ့်မယ်။

ARM Cortex-A53 က in-order-executions ကို သုံးထားပါတယ်။ ပါဝါစားနှုန်း နည်းအောင် ဖြစ်ပါတယ်။ ဒါပေမဲ့ Cortex-A57  က out-of- order- execution ကို သုံးထားပြီး မြန်တယ်၊ ပါဝါစားတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ big.LITTLE ပရိုဆက်ဆာထဲမှာ Cortex-A 53  နဲ့ Cortex-A57ရဲ့ Core တွေ သုံးထားနိုင်ပြီး၊ အဲဒီ Core တွေဟာ လုပ်ငန်း လိုအပ်ချက်အရ သုံးပါလိမ့်မယ်။ သင့်အနေနဲ့ အလွန်မြန်တဲ့ out-of-order execution တွေ အလုပ်လုပ်ဖို့ မလိုအပ်တဲ့ အခြေအနေတွေ ဥပမာ နောက်ကွယ်ကနေ သင့်ရဲ့အီးမေးလ်တွေကို sync လုပ်နေတာ မျိုးအတွက် မလိုအပ်ပါဘူး။ ဒါပေမဲ့ သင့်အနေနဲ့ ရှုပ်ထွေးတဲ့ ဂိမ်းတွေ ကစားမယ် ဆိုရင်တော့ အဲဒီဂိမ်းနဲ့ သင့်တော်တဲ့ Core ကို run ပါလိမ့်မယ်။

အဲဒီ အခြေခံ သဘောတရားက ရှုပ်ထွေးတဲ့ လော့ဂျစ်တွေကို စွမ်းဆောင်ရည် ထိရောက်တဲ့ ပရိုဆက်ဆာမှာ အလုပ်လုပ်ခိုင်းမှာ ဖြစ်ပါတယ်။ Instruction Pipeline တွေကို ဒီအတိုင်းပဲ သုံးတာ မဟုတ်ပါဘူး။ SIMD (Single Instruction Multiple Data) လုပ်ဆောင်မှုကိုတော့ Intel က SSE/ MMX တွေသုံး လုပ်ဆောင်မှာဖြစ်ပြီး ARM က NEON ကို သုံးပါလိမ့်မယ်။

Compatibility

ARM ဟာ လက်ရှိ မိုဘိုင်း ပရိုဆက်ဆာ တွေထဲမှာ ဦးဆောင်နေပါတယ်။ သူ့ရဲ့ဒီဇိုင်းကို အခြေခံထားတဲ့ ချစ်ပ် ၅၀ ဘီလီယံကို ARM  ရဲ့ ပါတနာတွေကနေ ဈေးကွက်တင်ထားပြီး ဖြစ်ပါတယ်။ အဲဒီချစ်ပ်တွေ အားလုံးဟာ မိုဘိုင်းနဲ့ Embedded ဈေးကွက်အတွက် ဖြစ်ပါတယ်။  Android လို့ပြောလိုက်ရင် ARM တွေက စက်မှု လုပ်ငန်းသုံးစံ de-facto standard ဖြစ်နေတာက Intel နဲ့ MIPS အတွက် ပြဿနာ ဖြစ်နေပါတယ်။ Android ဟာ သူ့ရဲ့အဓိက ပရိုဂရမ် ဘာသာစကားကို ဂျားဗား (Java) ကို သုံးထားပေမယ့် ပရိုဂရမ် ရေးသားသူတွေကနေ App တွေကို ဖန်တီးဖို့ C ဒါမှမဟုတ် C++ ကိုသုံးနိုင် စေပါတယ်။ အဲဒီ  “Native” app တွေဟာ အကြမ်းဖျင်းအနေနဲ့ ARM ပရိုဆက်ဆာတွေက complied လုပ်နိုင်ပေမယ့် Intel နဲ့ MIPS တွေကတော့ အမြဲမလုပ်နိုင်ပါဘူး။  Intel  နဲ့ MIPS တွေက အထူးစပါယ်ရှယ် ဘာသာပြန်ပေးတဲ့ ဆော့ဖ်ဝဲကို သုံးပြီး ARM instruction တွေကို သူတို့ ပရိုဆက်ဆာတွေရဲ့ code တွေအဖြစ် convert လုပ်ပြောင်း ရပါတယ်။ ဒါဟာ စွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။ အလုပ်ပို လုပ်ရစေပါတယ်။ လက်ရှိအချိန်မှာ play store က ရှိရှိသမျှ App တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက် compatible  ဖြစ်နေပြီလို့ Intelနဲ့ MIPS က ပြောထားပါတယ်။

Atom Bay Trail native suppport Android  x 86 instructionset သုံးထားတဲ့ Intel ရဲ့ Atom CPU တွေက ဘာကြောင့် Android OS တွေ run နိုင်သလဲဆိုတာ မေးစရာဖြစ်နေပါတယ်။ နောက်ပိုင်းထုတ်တဲ့ Bay Trail Atom CPU တွေထဲမှာ Android ရဲ့ခိုင်းစေ ညွှန်ကြားချက်တွေကို x64 CPU တွေက လုပ်ဆောင် ပေးနိုင်အောင် ဆော့ဖ်ဝဲသုံး ဘာသာပြန်ပေးတဲ့  (Software Translation Layer) တစ်ခု ထည့်ပေးထားလို့ ဖြစ်ပါတယ်။ အရင်က ထုတ်လုပ်ထားတဲ့ Atom CPU တွေကတော့ အဲဒီဘာသာပြန်တဲ့ လုပ်ဆောင်ချက်ဟာ CPU ရဲ့အပြင်မှာ ရှိနေတယ် လို့ယူဆရပါတယ်။

အဲဒီလိုလုပ် ဆောင်ပေးထားတဲ့အတွက် Intel ကနေ Android ရဲ့ ခိုင်းစေညွှန်ကြားချက်တွေကို native support လုပ်တယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ARM CPU ကနေ andriod code တွေကို တိုက်ရိုက် အလုပ်လုပ်တာ ထက်တော့ အလုပ်ပို၊ အချိန်ပို ကြာနေပါလိမ့်မယ်။

ARM ရဲ့ အားသာချက် တစ်ခုက CPU ရဲ့တည်ဆောက်မှု နည်းပညာကို လိုင်စင်ခံ ထုတ်လုပ်ခွင့်ရှိသလို သူ့မှာသုံးတဲ့ OS က လည်း Open source ဖြစ်နေတာကလည်း ARM ရဲ့ အားသာချက် ဖြစ်နေပါတယ်။ နောက်ဆုံး အနေနဲ့ကတော့ မိုဘိုင်းပစ္စည်းတွေ အထူးသဖြင့် စမတ်ဖုန်းတွေမှာတော့  ARM တွေကပဲ နေရာယူ ထားပါဦးမယ်။ Tablet တွေမှာတော့ Intel ရဲ့ AtomCPUတွေနဲ့ ARM ရဲ့ အဆင့်မြင့် CPU တွေအပြိုင် ဖြစ်နေပါလိမ့်မယ်။