Hush လူမှုကွန်ရက် App ကို တက္ကသိုလ်ကျောင်းသားများကြားတွင် အသုံးပြုမှု တွင်ကျယ်လာစေရန် ဦးတည်သွားမá

10426543_10152669995377825_6967674936478670467_n.jpg

ပြည်တွင်းအခြေစိုက် NEX Mobile Studio က မိုဘိုင်းဖုန်းများပေါ်မှတစ်ဆင့် သုံးစွဲသူ၏ စိတ်ခံစားချက်များကို လွတ်လပ်စွာ ရေးသားထုတ်ဖော်နိုင်သော Hush အမည်ရှိ လူမှုကွန်ရက် Mobile App ကို တက္ကသိုလ်ကျောင်းသားများကြားတွင် အသုံးပြုမှု တွင်ကျယ်လာစေရန်အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက Google Play Store ပေါ်တွင် စတင်ဖြန့်ချိခဲ့သော အဆိုပါ လူမှုကွန်ရက် တစ်ခုဖြစ်သည့် mobile app ကို တက္ကသိုလ်ကျောင်း သားနှင့် လူငယ်များအကြားတွင် တွင်ကျယ်စွာ အသုံးပြုလာစေရန်အတွက် လိုအပ်သည့် feature အသစ်များကို ထည့်သွင်းပေးရန် စီစဉ်နေကြောင်း အထက်ပါ ကုမ္ပဏီမှ သိရသည်။

“အစီအစဉ်အသစ်အနေနဲ့ တက္ကသိုလ်က ကျောင်းသားတွေကို ဦးတည်ထားပါတယ်။ လူငယ်တွေကြားမှာ ပျော်ပျော်ရွှင်ရွှင်၊ ပေါ့ပေါ့ပါးပါး အသုံးပြုလို့ရတဲ့ App တစ်ခုဖြစ်စေချင်ပြီး လိုအပ်ရင် လိုအပ်သလို တကယ်ထိရောက်မယ့် ဝေဖန်ချက်၊ ထင်မြင်ချက်တွေ ဝိုင်းဝန်းပေးမယ့် နေရာတစ်ခုလည်း ဖြစ်စေချင်ပါတယ်”ဟု NEX Mobile Studio မှ အမှုဆောင်အရာရှိချုပ် ကိုရဲမြတ်မင်းက ပြောကြားသည်။

Android OS မိုဘိုင်းထုတ်ကုန်များပေါ်၌ အသုံးပြုနိုင်မည့် အဆိုပါ Hush App သည် အမည်မသိ လူမှုကွန်ရက်တစ်ခု ဖြစ်သည်။ အဆိုပါ mobile app ကို အသုံးပြု၍ မိမိ၏ စိတ်ခံစားချက်များကို လွတ်လပ်ပွင့်လင်းစွာ ထုတ်ဖော်ရေးသားနိုင်ခြင်း ၊ အခြားသူများ၏ Post များကို comment များပေးနိုင်ခြင်း၊ sticker များကို အသုံးပြုနိုင်ခြင်း အစရှိသည့် feature များကို သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီလူမှုကွန်ရက်ရဲ့ အားသာချက်က ကိုယ့်ကို တခြားသူက ဘယ်လိုထင်သွားမလဲဆိုတာကို စိုးရိမ်စရာမလိုဘဲ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ထင်မြင်ချက်တွေကို ပွင့်ပွင့် လင်းလင်းပြောလို့ရတာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။

Hush App ကို သုံးစွဲသူများအနေဖြင့် မိမိမည်သူဆိုသည်ကို အခြားသူများ မသိရှိစေနိုင်သောကြောင့် လွတ်လပ်ပွင့်လင်းစွာ ထင်မြင်ချက်များကို တင်နိုင်သော်လည်း သန့်ရှင်းသော လူမှုကွန်ရက်တစ်ခု ဖြစ်စေရန်အတွက် report function များဖြင့် Hush ကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

NEX Mobile Studio အနေဖြင့် Hush App ကို အသုံးပြုသူများ၏ တောင်းဆိုချက်များကိုလည်း ထပ်မံဖြည့်စွက်ပေးသွားမည်ဖြစ်ပြီး iOS အသုံးပြုသူများအတွက် beta version ကိုသာ ဖြန့်ချိရသေးပြီး ထပ်မံ၍ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။