Lego ဖြင့် ဖန်တီးထားသည့် မျက်မမြင်စာ ပုံနှိပ်စက်ကို ဆယ်ကျော်သက်တစ်ဦး တီထွင်

10940525_10152669978177825_8244998705183039580_n.jpg

အသက် ၁၃ နှစ်အရွယ်ရှိ ရှပ်ဟန်ဘာနာဂျီဆိုသည့် ဆယ်ကျော်သက် လူငယ်တစ်ဦးသည် ကျောင်း၏ သိပ္ပံစီမံကိန်းတစ်ခု အတွက် Lego အတုံးလေးများဖြင့် ဖန်တီးထားသော မျက်မမြင်စာ ပုံနှိပ်စက် (printer) ကို ၎င်း၏ မိသားစုအကူအညီဖြင့် တီထွင်ဖန်တီးခဲ့ကြောင်း သိရသည်။

၎င်းဖန်တီးလိုက်သည့် မျက်မမြင်စာ ပုံနှိပ်စက်ကြောင့် Braigo Labs ကုမ္ပဏီသစ် (start-up) တစ်ခုဖြစ်လာရန်အတွက် နည်းပညာကုမ္ပဏီ Intel မှ ဘဏ္ဍာရေး အထောက်အပံ့ ပြုလုပ်ခဲ့သည်။ ရှပ်ဟန်သည် အွန်လိုင်းတွင် မျက်မမြင်စာများ သုတေသနပြုလုပ်ပြီးနောက် မျက်မမြင်များအတွက် ပုံနှိပ်စက်များဝယ်ယူရာတွင် ကန်ဒေါ်လာ ၂,၀၀ ၀နှင့် အထက် ကျသင့်မည်ကို သတိပြုမိခဲ့သည်။ ထို့ကြောင့် ရှပ်ဟန်အနေဖြင့် လူအများစု ဝယ်ယူနိုင်မည့် ဈေးနှုန်းသက်သာသော မျက်မမြင် ပုံနှိပ်စက်ကို ဖန်တီးရန် ဆန္ဒရှိခဲ့သည်။ ထို့နောက် ရှပ်ဟန်သည် ၎င်း၏ဖခင်အား ကန်ဒေါ်လာ ၃၅၀ ကျသင့်မည့် Lego robotics kit ကို ဝယ်ယူပေးရန် တောင်းဆိုခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် အစောပိုင်းတွင် ကျင်းပမည့် သိပ္ပံပြပွဲ၌ ပါဝင်နိုင်ရန်အတွက် မျက်မမြင် ပုံနှိပ်စက်ကို တည်ဆောက်ခဲ့ကြောင်း ရှပ်ဟန်၏ ဖခင်ဖြစ်သူ နေးလ်ဘာနာဂျီက USA TODAY ထံပြောကြားခဲ့သည်။ ထို့အပြင် ရှပ်ဟန်သည် မည်သူမဆို တည်ဆောက်နိုင်မည့် open source ပုံစံတစ်ခုဖြစ်သည့် အွန်လိုင်းအစီအစဉ်ကိုလည်း ဝေမျှပေးခဲ့သည်။

“ရှပ်ဟန်ဟာ အလွန်ဈေးသက်သာပြီး ကိုယ်တိုင်ဖန်တီးနိုင်တဲ့ (DIY) အရာတစ်ခုကို ဖန်တီးနေချင်ခဲ့တာပါ” ဟု နေးလ်ဘာနာဂျီက ပြောကြားသွားခဲ့သည်။ ရှပ်ဟန်သည် ၎င်းကိုယ်တိုင် ဖန်တီးထားသော မျက်မမြင် ပုံနှိပ်စက်ဖြင့် ဒေသဆိုင်ရာ သိပ္ပံပြပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင် ပထမဆုရရှိခဲ့သည်။

ထို့နောက်တွင် မျက်မမြင်ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများသည် ရှပ်ဟန်ကို ဆက်သွယ်၍ ပုံနှိပ်စက်ကို ထုတ်လုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ရှပ်ဟန်သည် desktop printer မှအစိတ်အပိုင်းများအပြင် WiFi နှင့် Bluetooth တို့ဖြင့် ချိတ်ဆက်နိုင်သော Intel ချစ်ပ်တစ်ခုကို အသုံးပြုထားသော ရှေ့ပြေးပုံစံငယ်တစ်ခုကို Intel သို့ပြသခဲ့သည်။

ထို့အပြင် ရှပ်ဟန်သည် Braille (မျက်မမြင်စာ) နှင့် Lego ဟူသော စကားလုံးနှစ်ရပ် ပေါင်းစပ်ထားသည့် Braigo Labs ကို တည်ထောင်ခဲ့သည်။ လအနည်းငယ် အကြာတွင် ရှပ်ဟန်၏ ကုမ္ပဏီကို ငွေကြေးထောက်ပံ့မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း Intel က ထုတ်ဖော်ကြေညာခဲ့သည်။

ယခုအခါတွင် Braigo Labs သည် အဆိုပါ စီမံကိန်းကို ပြုလုပ်ရန် ပညာရှင်ပေါင်းများစွာကို ခန့်အပ်ခဲ့ပြီး မျက်မမြင် ပုံနှိပ်စက်ကို ထုတ်လုပ်ရန်အတွက် စက်မှုဆိုင်ရာ ဒီဇိုင်းကုမ္ပဏီတစ်ခုအဖြစ် အားပေးမှုများစွာ ရရှိထားပြီ ဖြစ်သည်။

Ref: USAToday