စိတ်ကူးယဉ်ဆန်ဆန် ဒီဇိုင်းနဲ့ Porsche 911 Coupe 2015

porsche-911-turbo.jpg

Sport ကားတစ်စီးကို သင့်စိတ်နဲ့ ဒီဇိုင်းရေးဆွဲစဉ်းစားကြည့်ဖူးပါသလား။ ဒါမှမဟုတ် စိတ်ကူးနဲ့ မြန်နှုန်းမြင့်မြင့် ကားတစ်စီးကို လေထဲတိုက်အိမ်ဆောက်ပြီး ပျံဝဲကြည့်ဖူးပါသလား။ အဲဒီလိုစိတ်ကူးမျိုး ရှိဖူးတယ် ဆိုရင် အခုကျွန်တော်မိတ်ဆက်ပေးမယ့် 911 ကို ဆုံးအောင် ဖတ်ကြည့်လိုက်ပါဦး။ သူက ဒီဇိုင်းလည်း လန်းရမယ်။ မြန်နှုန်းလည်း မြင့်ရမယ်။ နောက်ပြီး လူငယ်တွေ စိတ်ကြိုက်ဖြစ်မယ့် Coupe တန်းဝင်၊ သူ့အကြောင်း ပြည့်စုံအောင် သင်သိပြီဆိုရင် Porsche 911 ကို သင့်ရှေ့ က လမ်းမပေါ် အခုပဲ ဆွဲတင်လိုက်ဖို့ သင်တွေးမိလာပါလိမ့်မယ်။ ကောင်းပါပြီ။ ကျွန်တော် ဆက်မညွှန်းချင်တော့ပါဘူး။ သူ့အကြောင်းပဲ ဆက်ပြောပါတော့မယ်။

အားသာချက်
အရွယ်အစားနဲ့ သတ်မှတ်ခွဲခြားမယ်ဆိုရင် အငယ်စား Sport ကားတစ်စီးဖြစ်တာကြောင့် မြို့ တွင်းလို ယာဉ်ကြောရှုပ်ထွေးတဲ့ လမ်းတွေမှာတောင် မြန်နှုန်းမြင့်မြင့်နဲ့ စီးနင်းနိုင်မှာဖြစ်သလို ကိုယ်ထည်ရဲ့
အလျားပိုင်း ကလည်း အကွေ့ အကောက်များတဲ့ လမ်းတွေကိုတောင် မှုစရာမလိုပါဘူး။ နောက်တစ်ချက်ရှိတာက ရုပ်ထွက်ဒီဇိုင်း ဖြစ်ပြီးတော့ မျက်မြင်နဲ့တင် စီးချင်၊ ဝယ်ချင်စိတ်ပေါက်လောက်အောင် ဆွဲဆောင်မှု ကောင်းလွန်းလှပါတယ်။ နောက်ဆုံးအားသာချက် တစ်ခုကတော့ အရောင်ပိုင်းရွေးချယ်နိုင်မှုဖြစ်ပြီးတော့ စုစုပေါင်းအရောင် ၁၅ မျိုးထိအောင် ထုတ်လုပ်ရောင်းချတာ ဖြစ်ပါတယ်။

အားနည်းချက်
ပြိုက်ဘက်ကုမ္ပဏီတွေက သူတို့ရဲ့  Coupe တန်းဝင် Sport တွေကို စင်ယော်တောင်ပံတံခါးတွေ တပ်ဆင်ထုတ်လုပ်ကြပေမယ့် Porshe ကတော့ ရိုးရိုးတံခါးပုံစံနဲ့သာ ထုတ်လုပ်တာကြောင့် တချို့ကတော့ အားနည်းချက်အဖြစ် ဆိုပါတယ်။ နောက်တစ်ခုကတော့ နောက်ဘက်ဝန်တင်ခန်း အနည်းငယ်ကျဉ်းမြောင်းတာ ဖြစ်ပြီးတော့ ဒါကလည်း Audio ပိုင်း တပ်ဆင်မှုတွေကို ဝန်လျှော့ရင်တော့ နေရာလွတ် ကျယ်လာနိုင်ပါတယ်။

အရောင်နဲ့ အတွင်းပိုင်း
Porsche 911 က ကျွန်တော် ပြောခဲ့သလိုမျိုး စိတ်ကူးယဉ်ဆန်ဆန် ကားအမျိုးအစားဖြစ်တာကြောင့် သင့်စိတ်ကူးထဲက အရောင်တွေကို ပုံဖော်ပေးနိုင်လောက်အောင် အရောင်အသွေး စုံစုံလင်လင် ထုတ်လုပ်ရောင်းချတာ တွေ့ ရပါတယ်။ အလွယ်ပြောရရင် ခဲရောင်၊ အညိုရောင်၊ အပြာရောင်၊ မိုးပြာရောင်၊ အနက်စိုရောင်၊ အနက်ရောင်၊ ကာကီရောင်၊ နက်ပြာရောင်၊ အဝါရောင်နဲ့ ငွေရောင် အပါအဝင် အခြားသောအရောင် ၅ မျိုးထိ ရအောင်ထုတ်လုပ်ထားပါတယ်။ အတွင်းဘက်ပိုင်းကလည်း အခြေခံ အနက်၊ ဝါညိုရောင်၊ သားရေနဲ့ ရွှေရောင်တွေ အပါအဝင် အခြားသော တွဲဖက်အရောင်တွဲ ၁၀ မျိုးကျော်ထိအောင် ရွေးချယ်နိုင်အောင် ထုတ်လုပ်ထားပါသေးတယ်။ နောက်ပြီး ကားကို အကြမ်းခံနိုင်ရည်မြင့်မားအောင် ရည်ရွယ်ပြီးတော့ အခြားကားတွေလိုမျိုး ပလတ်စတစ် ဦးစားပေးထက် အလူမီနီယမ် ဦးစားပေးတည်ဆောက်ထားတာလည်း တွေ့ နိုင်ပါတယ်။

ကိုယ်ထည်ပိုင်း
ကားရဲ့ ကိုယ်ထည်ကတော့ သံမဏိကို ဦးစားပေး တည်ဆောက်ထားပြီး ရှေ့ ဘက်နဲ့နောက်ဘက် ဘန်ပါတွေက သင့်စိတ်ကြိုက် ရွေးချယ် တပ်ဆင်နိုင်အောင် ဒီဇိုင်း တော်တော်များများနဲ့ ထုတ်လုပ် ထားပါတယ်။
ကားရဲ့ အလျားက ၁၄ ပေနဲ့ ၉ လက်မနီးပါးရှိမှာဖြစ်ပြီးတော့ မျက်နှာစာအကျယ်က ၅ ပေနဲ့ ၁၁ လက်မကျော်ကျော် ရှိမှာ ဖြစ်ပါတယ်။ ကားရဲ့ အမြင့်ကတော့ Sport တစ်စီးဖြစ်တဲ့အတွက် ၄ ပေနဲ့ ၃ လက်မ သာသာလောက်သာ ရှိမှာဖြစ်ပြီးတော့ မြေပြင်နဲ့ ကင်းလွတ်ပမာဏကလည်း ၄ လက်မကျော်လောက်သာရှိမှာ ဖြစ်တာကြောင့် ကျေးလက်လမ်းနဲ့တော့ အဆင်မပြေနိုင်တဲ့ ကားတစ်စီးပါ။

ဆီအပိုင်း
အသုံးပြုမောင်းနှင်ရမယ့် ဆီအမျိုးအစားက Gas နဲ့ ဓာတ်ဆီတွေဖြစ်ပြီးတော့ ဒီဇယ်ဆီသုံးစနစ်တော့ ဈေးကွက်ဝင်တာ မတွေ့ ရပါဘူး။ ဆီတိုင်ကီရဲ့ ဆံ့ဝင်ပမာဏက ၁၆.၉ ဂါလံဖြစ်တာကြောင့် ခရီးဝေး သွားလာမှုတွေအတွက်တော့ သင့်တော်ပါလိမ့်မယ်။ နောက်ပြီး ဆီစားနှုန်းကလည်း ဆီတစ်ဂါလံကို မြို့ တွင်းပျမ်းမျှ ၁၉ မိုင်နဲ့ အဝေးပြေးလမ်းမတွေပေါ်မှာ ၂၇ မိုင်ထိအောင် ဖြစ်တာကြောင့် ဆီစားနှုန်း သက်သာကောင်းမွန်တဲ့  Coupe တစ်စီးလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

အင်ဂျင်
တပ်ဆင်ထားတဲ့အင်ဂျင်က ၃.၄ လီတာသုံး ခြောက်လုံးထိုး အင်ဂျင်ဖြစ်ပြီးတော့ သူ့ရဲ့ ရုန်းအားက ၂၈၇ ပေ-ပေါင်ဖြစ်ပြီး စွမ်းအင် ထုတ်လုပ်နိုင်မှု အပိုင်းမှာတော့ မြင်းကောင်ရေ ၃၅၀ ကောင်အားထိအောင် ဖြစ်
တာကြောင့် အင်ဂျင်ရဲ့ စွမ်းဆောင်ရည်က မထင်မှတ်ရလောက်အောင် ကောင်းမွန်တယ်လို့ ဆိုနိုင်မှာပါ။ နောက်ပြီး သူ့ရဲ့ လည်ပတ်အားက တစ်မိနစ်ကို အပတ်ရေ  ၇၄၀၀ ထိအောင် ဖြစ်ပေမယ့် ဆီစားနှုန်းက ပျမ်းမျှ မိုင် ၂၀ ကျော်စီးနင်းနိုင်မှာ ဖြစ်တာကြောင့် ဆီစားနှုန်း သက်သာကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။

စွမ်းဆောင်ရည်
အမြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်မှုကလည်း တစ်နာရီမိုင် ၆၀ နှုန်းကို အချိန် ၄.၅ စက္ကန့်နဲ့ပဲ ရောက်ရှိအောင် မောင်းနှင်နိုင်မှာ ဖြစ်တာကြောင့် Coupe တွေအတွက် သင့်တင့်တယ်ဆိုတာ ထက်တောင်မှ ကောင်းမွန်
တာဖြစ်ပြီးတော့ အမြန်ဆုံး မောင်းနှင်နိုင်မယ့် နှုန်းကလည်း တစ်နာရီ မိုင် ၁၄၃ ထိအောင် ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် ဂီယာချက်က ၇ ချက်ဖြစ်ပြီးတော့ Manual စနစ်နဲ့ သွားတဲ့ အနေအထားကြောင့်လည်း အမြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်မှု အားကောင်းတာ ဖြစ်ပါတယ်။

လုံခြုံစိတ်ချရမှု
တပ်ဆင်ထားတဲ့ ဘရိတ်စနစ်က လေးဘီးချုပ် ABS ဘရိတ်စနစ် ဖြစ်ပြီးတော့ Stability Control, Traction Control တွေကို အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။  Coupe ဆိုပေမယ့် ထိုင်ခုံနေရာကို လေးနေရာ
ထိအောင် တပ်ဆင်ထားတာ တွေ့ ရပြီးတော့ အသက်ကယ် လေအိတ်စနစ်ကိုလည်း လေးယောက်စာ တပ်ဆင်ထားပါတယ်။ ဒါပေမဲ့ နောက်ဘက်ထိုင်ခုံတွေ အတွက်ကတော့ စုပေါင်း အသက်ကယ်လေအိတ် စနစ်ကိုပဲ ထည့်သွင်းထားတာ တွေ့ ရပါတယ်။ ဟော..ဒီလောက်ဆိုလည်း 911 က ဘယ်ဆိုးလို့လဲလို့ တွေးမိကြမှာပေါ့နော်။ ဒါပေမဲ့ အခုလောက်နဲ့တော့ 911 က ကောင်းလှချေလားလို့ မထင်လိုက်ပါနဲ့ဦး။ 911 ကို သင်ကိုယ်တိုင်မောင်းကြည့်ပါဦး။ သင့်စိတ်ကြိုက် ဖြစ်ပါလိမ့်မယ်။