Colors Mobile အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ပြည်တွင်းသို့ ဝင်ရောက်မည်

IMG_7844.jpg

Colors Mobile အမှတ်တံဆိပ် မိုဘိုင်းဖုန်းများကို မကြာမီ ပြည်တွင်း၌ ဝယ်ယူနိုင်မည်ဖြစ်ပြီး အဆိုပါ Colors Mobile တံဆိပ် မိုဘိုင်းဖုန်းများသည် နီပေါ နိုင်ငံ Tele Talk Pvt. Ltd. မှ ထုတ်လုပ်သည့် မိုဘိုင်းဖုန်းများ ဖြစ်ကြောင်းသိရသည်။

“Colors Mobile က နီပေါနိုင်ငံ TeleTalk Pvt. Ltd. ကနေ ထုတ်လုပ်တဲ့ မိုဘိုင်းဖုန်း အမှတ်တံဆိပ်ပါ။ ကျွန်တော်တို့ အနေနဲ့ မိုဘိုင်းဖုန်း မော်ဒယ် ၁၅ မျိုးကို အရင်ဦးဆုံး မြန်မာပြည်တွင်းကို တင်သွင်းရောင်းချ သွားဖို့ရှိပါတယ်။ ဒီဖုန်းတွေက Upper Middle Class အတွက် အဓိကထားပြီး ထုတ်လုပ်ထားတဲ့ ဖုန်းတွေ ဖြစ်တဲ့အတွက် အရည်အသွေး မြင့်မားမှုရှိသလို  တန်ဖိုးအားဖြင့်လည်း  လူတိုင်း လက်လှမ်းမီနိုင်မဲ့ တန်ဖိုးနဲ့ ဖြန့်ဖြူး ရောင်းချပေးသွာမှာ ဖြစ်ပါတယ်” ဟု Colors Mobile မြန်မာ၏ ဌာနေကိုယ်စားလှယ် Mr Elpidio Z. Ultado, Jr. က ပြောသည်။

အဆိုပါ မိုဘိုင်းဖုန်းများကို မြန်မာပြည် တစ်ဦးတည်း ဖြန့်ချိခွင့် ကိုယ်စားလှယ်အဖြစ် UMT Distribution Group မှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ကုမ္ပဏီနှစ်ခု၏ သဘောတူ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၌ နီပေါနိုင်ငံ TeleTalk Pvt. Ltd. ရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အထက်ပါ ဖုန်းမော်ဒယ် ၁၅ မျိုးအတွက် မှတ်ပုံတင်ခြင်းကို ပြုလုပ်လျက်ရှိပြီး တင်သွင်းခွင့်ရရှိသည်နှင့် တစ်ပြိုင်နက် မြန်မာပြည် အလယ်ပိုင်း၊ အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့ ဖြန့်ချိ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့နဲ့ နီပေါမှာ ပြည်တွင်းတစ်ဦးတည်း ဖြန့်ချိခွင့် ကိုယ်စားလှယ် အနေနဲ့ ဖြန့်ချိဖို့အတွက် စာချုပ်ချုပ်ပြီးပါပြီ အခုက ဒီဘက်ကို တင်သွင်းဖို့အတွက်  ဖုန်းတစ်ခု ချင်းစီအတွက် register လုပ်နေပါတယ်။ ဒီဘက်က တင်သွင်းခွင့် ကျပြီဆိုတာနဲ့ ကျွန်တော်တို့အနေနဲ့  မြန်မာပြည် တစ်ပြည်လုံး ဖြန့်ချိရောင်းချ သွားမှာပါ။ ပထမဆုံး အနေနဲ့တော့ မန္တလေးနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ အရင်ဆုံးဖြန့်ဖြူး ရောင်းချမယ်။ အဲလိုရောင်းချပြီး နောက်တစ်လကြာရင် ရန်ကုန်နဲ့အခြား အထက်ပိုင်း ဈေးကွက်တွေထိ ဖြန့်ချိသွားဖို့ရှိပါတယ်” ဟု Colors Mobile ၏ မြန်မာပြည် တစ်ဦးတည်း ဖြန့်ချိခွင့် ကိုယ်စားလှယ်ဖြစ်သည့် UMT Distribution Group ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးမျိုးမင်းသူက ပြောသည်။

ပြည်တွင်းသို့ တင်သွင်းဖြန့်ချိမည့် Colors Mobile မိုဘိုင်းဖုန်းများကို Multimedia Bar ဖုန်း၊ Features Pack စမတ်ဖုန်းနှင့် Cutting-EDGE စမတ်ဖုန်းဟူ၍ အတန်းအစားသုံးမျိုး ခွဲခြားထားကြောင်း သိရသည်။  အဆိုပါ မိုဘိုင်းဖုန်းများသည် GSM 2G နှင့် 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည့် ဖုန်းများဖြစ်ပြီး GSM ဆင်းမ်ကတ် နှစ်ခု ထည့်သွင်းအသုံးပြု နိုင်မည်ဖြစ်သည်။ Colors Mobile တံဆိပ် စမတ်ဖုန်းများသည့် Andorid OS အမျိုးအစားသုံး စမတ်ဖုန်းများဖြစ်ပြီး မြန်မာစာစနစ်နှင့် ကီးဘုတ်များ Built-in အနေဖြင့် ပါဝင်မည်ဖြစ်သည်။ Multimedia Bar ဖုန်းများသည် Keypad ဖုန်းများဖြစ်ကာ အဆိုပါဖုန်းတွင် FM ရေဒီယိုကို နားကြပ်တပ်စရာ မလိုဘဲ နားထောင်နိုင်မည့် Wireless FM Radio နည်းပညာသစ် ထောက်ပံ့ ပါဝင်ကြောင်း သိရသည်။ ထို့ပြင့် လေးရက်ခန့် အားသွင်းစရာမလိုဘဲ အသုံးပြုနိုင်မည့်  ဘက်ထရီကြီးမားသည့် မိုဘိုင်းဖုန်းများ၊ အသံထွက်ပိုင်း ကောင်းမွန်အောင် အဓိက ထုတ်လုပ်ထားသည့် စပီကာကြီးမားသည့် မိုဘိုင်းဖုန်းများ၊ Touch-screen မြင်ကွင်းကို တို့ထိစရာမလိုဘဲ  ဖုန်းကာဗာတွင် ပါဝင်သော Back sensor မှတဆင့် ဖုန်းကိုထိန်းချုပ် အသုံးပြုနိုင်သည့် မိုဘိုင်းဖုန်း မော်ဒယ်များနှင့် အရည်အသွေး ပိုင်းမြင့်မားကောင်းမွန်ပြီး တန်ဖိုးသင့်တင့်သည့် စမတ်ဖုန်း မော်ဒယ်များ ပါဝင်ကြောင်း သိရသည်။

“ကျွန်တော်အနေနဲ့ သုံးစွဲသူတွေ လက်လှမ်းမီနိုင်တဲ့ တန်ဖိုးနဲ့ဖြန့်ချိ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒီဖုန်းတွေမှာ သာမန် Features ဖုန်းကနေပြီးတော့ အရည်အသွေးမြင့် စမတ်ဖုန်းတွေထိ မော်ဒယ်တွေကို ခွဲခြားထုတ်လုပ် ထားပါတယ်။ ဒီဖုန်းတွေက သုံးစွဲသူတွေရဲ့ မိမိတို့ ဝယ်ယူသုံးစွဲလိုတဲ့ ပမာဏနဲ့ ကိုက်ညီမှုရှိတဲ့ အမျိုးအစားကို ဝယ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖုန်းတွေရဲ့ တန်ဖိုးက အနိမ့်ဆုံး သောင်းဂဏန်းကနေ အမြင့်ဆုံး ကျပ်တစ်သိန်းခွဲ ဝန်းကျင်သာသာ တန်ဖိုးရှိတဲ့ အရည်အသွေး မြင့်မားကောင်းမွန်တဲ့ ဖုန်းတွေဖြစ်ပါတယ်” ဟု Mr Elpidio Z. Ultado, Jr. က ရှင်းပြသည်။

Colors Mobile ဖုန်းများသည် နီပေါနိုင်ငံ၏ အရောင်းရဆုံးဖုန်း အမျိုးအစား တစ်ခုဖြစ်ပြီး ပြည်တွင်း၌ တရားဝင်အာမခံ ၁ နှစ်၊ မိုဘိုင်းဖုန်း အစိတ်အပိုင်း ၆ လ အာမခံဖြင့် ရောင်းချပေးသွားမည့် အပြင် Colors Mobile ၏ တရားဝင် ဆားဗစ်စင်တာ ၁၀ ခု ခန့်ကို ဖွင့်လှစ်၍ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။