နေပြည်တော်ဒေသတွင် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်း၌ ဟန်းဆက်များ ရောင်းအားကျဆင်း

 နေပြည်တော်ဒေသတွင် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းကာလ ဖြစ်သည့် ဒီဇင်ဘာလ၌ ဟန်းဆက် ရောင်းအားမှာ ပုံမှန်ထက်သိသိသာသာ ကျဆင်းသွားကြောင်းဒေသခံ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များမှ တစ်ဆင့်သိရသည်။

“ ရောင်းအားက သိသိသာသာကို ကျဆင်းသွားတာ။ ပုံမှန်  ရောင်းနေရတာထက်ကို ကျသွားတာလေ။ အခုချိန်မှာက ဟန်းဆက်ထက် အခြားဆက်စပ် ပစ္စည်း နဲ့ ငွေဖြည့်ကတ်တွေလောက်ပဲ ရောင်းနေရတယ်” ဟု နေပြည်တော်သပြေကုန်းဈေးရှိ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင်မှ ဆိုင်ရှင်တစ်ဦးက ဆိုသည်။

နေပြည်တော်ဒေသတွင် ယခင်လများက MEC, MPT ဆင်းမ်ကတ်များထွက်သော လကုန်ရက်နှင့် လဆန်းရက်များတွင် အလယ်အလတ် ဟန်းဆက်များ အရောင်း သွက်ခဲ့သော်လည်း ဒီဇင်ဘာလတစ်လလုံး လဆန်းရက်မှ လကုန်ရက်အထိ သိသိသာသာ အရောင်းကျဆင်းမှုကို ကြုံခဲ့ကြောင်း၊ ဆိုင်သေးများ သာမက နာမည်ကြီး အရောင်းဆိုင်များပါ အရောင်းကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း အရောင်းဆိုင်များမှ ဆိုသည်။

“ ဒီလိုရက်တွေမှာက ခရစ္စမတ် အရောင်းမြှင့်တင်ရေးပွဲနဲ့ Year End အရောင်းမြှင့်တင်ရေးပွဲတွေ လုပ်ထားတာတောင်မှ ရောင်းအားက ပြန်မတက်လာဘူး။ ပြီးတော့ အဲ့ဒီရက်တွေမှာက ဒေသတွင်းမှာ Telenor, MPT နဲ့ MEC ဆင်းမ်ကတ်တွေ အသစ်မထွက်တာက ရောင်းအားကျဆင်းစေမယ့် အဓိက အကြောင်းအရင်းတွေလို့ ထင် တယ်”ဟု ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်း လက်ကားဖြန့်ချိရေး အရောင်းဆိုင်တစ်ခုမှ ဆိုင်ရှင်ဖြစ်သူက ပြောသည်။