Dacia ရဲ့ ရောင်းအား အကောင်းဆုံး မော်ဒယ်ဖြစ်တဲ့ Dacia Duster 2015

dacia-duster-2014.jpg

သူကတော့ လက်ရှိပြည်တွင်းမှာပါ အနည်းငယ်စိမ်းမယ့် Brand တစ်ခုဖြစ်ပေမယ့် အခုနောက်ပိုင်း ကားလောကမှာတော့ ပြင်သစ်ရဲ့  နာမည်ကြီး Renault နဲ့ ပူးပေါင်းကာ တန်ဖိုးနည်း SUV မော်ဒယ်တွေ ထုတ်လုပ်တာကြောင့်ရယ်၊ နောက်ပြီး Concept ကားတွေ ထုတ်လုပ်မိတ်ဆက်နေတာကြောင့်ရယ် လူသိများလာတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ အခုကျွန်တော် မိတ်ဆက်ပေးမယ့် Duster မော်ဒယ်ဆိုရင် တကယ်တမ်းက Renault ရဲ့ မော်ဒယ်ဖြစ်ပြီးတော့ ကုမ္ပဏီနှစ်ခုပူးပေါင်းလုပ်ဆောင်မှုအရ Renault ရဲ့ မော်ဒယ်ကို Dacia ကပါ လိုက်ထုတ်တာဖြစ်ပေမယ့် တကယ်တမ်းဈေးကွက်မှာတော့ Dacia ရဲ့ Duster က ဈေးကွက် အောင်မြင်မှု အများအပြား ရနေတာတွေ့ ရပြီး Renault ရဲ့ Duster မော်ဒယ်ကို နောက်ကောက်ချနိုင်ခဲ့တာ တွေ့ ရပါတယ်။ ဒီတော့ သေချာတာတစ်ခုက Dacia ရဲ့  Duster  မှာ အားသာချက် ကောင်းကောင်းရှိနေလို့သာ နာမည်ကျော် Renault ကိုတောင် ကျော်တက်နိုင်တာဆိုတော့ ဘယ်လိုအားသာချက်တွေရှိနေလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။ ကောင်းပါပြီ၊ ကျွန်တော်တို့ Dacia ရဲ့ Duster ကို ဆက်လေ့လာကြည့်ရအောင်။

Pros and Cons
ပထမတစ်ချက်အနေနဲ့ ပြောရမယ့် အားသာချက်ကတော့ တန်ကြေးနည်းနည်းနဲ့ ရနိုင်မယ်ဆိုတဲ့ အချက်ဖြစ်ပြီးတော့ တန်ကြေးထက်ပိုတဲ့ စွမ်းဆောင်ရည်လည်း တွေ့ ရပါတယ်။ နောက်တစ်ချက်ကတော့ အတွင်းပိုင်းမှာ အသုံးပြုနိုင်မယ့် Feature တွေ များပြားတာ ဖြစ်ပြီးတော့ စီးနင်းရမှုအပိုင်းမှာလည်း သက်သောင့်သက်သာ ရှိတာဖြစ်ပါတယ်။ အားနည်းချက်အပိုင်းကို ဆက်ပြီးတော့ကြည့်မယ်ဆိုရင် Base ဆိုတဲ့ Grade နဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ်ကတော့ တကယ်ကိုဖြစ်ရုံလောက် တည်ဆောက်ထားတဲ့မော်ဒယ်ဖြစ်ပြီးတော့ ဝယ်ပြီးရင်လည်း နောက်ထပ် အဆင့်မြှင့်ရမယ့်အပိုင်းတွေ အများကြီးရှိသေးတာ တွေ့ ရသလို ဒီဇယ်အင်ဂျင်နဲ့လည်း ဝယ်ယူရရှိနိုင်တာက အားသာချက်ဖြစ်ပေမယ့် အသံတော့ဆူညံစေတာ တွေ့  ရပါတယ်။ နောက်ပြီး Stability Control စနစ်က စံချိန်မီအဆင့်တစ်ခုမဟုတ်တာကြောင့် အသုံးဝင်မှု အားနည်းပါသေးတယ်။

Dacia Duster ဆိုတာ
Duster  ကတော့ လက်ရှိဥရောပဈေးကွက်မှာ မျက်နှာပန်းလှနေတာ တွေ့ ရပြီးတော့ သူက Nissan ရဲ့ ရောင်းအားကောင်းမော်ဒယ် Qashqai နဲ့ ဈေးကွက်ပြိုင်ဘက်ဖြစ်ပေမယ့် အဆိုပါ မော်ဒယ်ထက် ဈေးချို
တာကြောင့် လူကြိုက်များသလို Fiat 500 နဲ့လည်း ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့နှစ်က CarBuyer ကနေ Car of the year ဆုကို ပေးထားတာတွေ့ ရတဲ့ Duster ကတော့ အခုနှစ်မှာလည်း အသေးစား SUV တန်းဝင် မော်ဒယ်တွေထဲမှာ Car of the Year ကို ထပ်ပြီး မျှော်မှန်းထားသေးတာ တွေ့ ရပါတယ်။ ထူးခြားတာ တစ်ချက်က Duster က SUV တန်းဝင်ဖြစ်နေပေမယ့် ဝယ်ယူသူတွေ ကရော နောက်ပြီး ဈေးကွက်ကပါ သူ့ကို City ကားသဘောမျိုးထားပြီး နှစ်ခြိုက်ကြတာ တွေ့ ရပါတယ်။

ဆီစားနှုန်းနဲ့ ဓါတ်ငွေ့ထုတ်လွှတ်မှု
ကျွန်တော်တို့ဆီမှာတော့ ဆီစားသက်သာတဲ့ မော်ဒယ်က ရောင်းအားကောင်းသလို လူကြိုက်လည်း များတာတွေ့ ရပေမယ့် ဥရောပလိုနေရာမှာတော့ ဆီစားနှုန်းသက်သာနေရုံနဲ့ လူကြိုက်မများပါဘူး။ အကြောင်းကတော့ သူတို့ဆီမှာ ဓာတ်ငွေ့ ထုတ်လွှတ်မှုနဲ့ သက်ဆိုင်တဲ့အခွန်တွေရှိနေသေးတာကြောင့် ဆီစားနှုန်းပါသက်သာပြီး ဓာတ်ငွေ့ ထုတ်လွှတ်မှုနှုန်းပါလျော့နည်းတဲ့ မော်ဒယ်တွေပဲ အဝယ်လိုက်ကြတာ တွေ့ ရပါတယ်။ Duster မှာတော့ ဆီစားနှုန်းက ဆီတစ်ဂါလံကို ၅၅ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာဖြစ်တာကြောင့် အရွယ်အသေး စား SUV တွေထဲမှာတော့ အကောင်းဆုံးဆီစားနှုန်းဖြစ်ပြီးတော့ Hybrid တွေရဲ့ ဆီစားနှုန်းလောက်ကိုပဲ သက်သာတာ တွေ့ ရပါတယ်။ ဒါပေမဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုအပိုင်းမှာတော့ အနည်းငယ်များတာတွေ့ နိုင်ပြီး တစ်ကီလိုမီတာအတွက် ပျမ်းမျှကာဗွန်ဒိုင်အောက်ဆိုဒ် ၁၃၀ ဂရမ်လောက် ထွက်ရှိမှာဖြစ်ပါတယ်။

ယုံကြည်စိတ်ချရမှု
ဒီနေရာမှာတော့ နည်းပညာပိုင်းအဆင့်မြင့်မှုနည်းပါးတာကြောင့် တစ်စီးလုံးကို ခြုံ ပြီးပြောပါဆိုရင် ယုံကြည်စိတ်ချရမှု အားနည်းပါတယ်။ ဥရောပရဲ့နာမည်ကြီး ကားဆိုင်ရာ အကြမ်းခံရည်စစ်ဆေးမှုအဖွဲ့ NCAP ရဲ့ စစ်ဆေးချက်အရတော့ Duster က ကြယ်ငါးပွင့်မှာ လေးပွင့်နီးပါးထိအောင်ပဲ ရရှိထားပြီးတော့ ပြိုင်ဘက်မော်ဒယ်တွေထက်ပါ အားနည်းတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ဘက် Qashqai ကတောင်မှ Crash Test အပိုင်းမှာ Duster ကို ကျော်တက်ပြီး ရလဒ်ကောင်းတာ တွေ့ ရပေမယ့် အင်္ဂလန်မှာတော့ Duster က လူကြိုက်များသလို ဈေးကွက်မှာ Vauxhall နဲ့ Ford ရဲ့ မော်ဒယ်တွေကိုတောင် ယှဉ်နိုင်တာ တွေ့ ရပါတယ်။ Crash Test  ပိုင်းအားနည်းပေမယ့် အာမခံအပိုင်းမှာတော့ သုံးနှစ်၊ မိုင် ၆၀၀၀၀ ထိအောင် ပေးထားတာတွေ့ ရပြီး  တကယ်လို့ အဆင့်မြှင့်ပြီး မော်ဒယ်တွေကို ဝယ်ယူတာဆိုရင်  အာမခံသက်တမ်းကို ငါးနှစ်ထိအောင် ပေးတာလည်း တွေ့ ရပါတယ်။

အင်ဂျင်နဲ့ စွမ်းဆောင်ရည်
တကယ်တမ်းက Duster ကို မောင်းနှင်ရတာ အသေးစား City တစ်စီးကို မောင်းနှင်ရတယ်ထင်ရလောက်အောင် ပေါ့ပါးတာတွေ့ ရပြီး အင်ဂျင်အပိုင်းမှာ အရွယ်အစားနဲ့ ဆီစနစ်နှစ်မျိုးကို ထုတ်လုပ် ထားတာ တွေ့ ရပါတယ်။ ပထမတစ်မျိုးကတော့ ၁.၆ လီတာသုံး ဓာတ်ဆီစနစ်သုံးအင်ဂျင်ဖြစ်ပြီးတော့ နောက်တစ်မျိုးကတော့ ၁.၅ လီတာသုံး ဒီဇယ်ဆီစနစ်သုံး အင်ဂျင်ဖြစ်ပါတယ်။ အင်ဂျင်တွေရဲ့ စွမ်းဆောင်ရည်အပိုင်းမှာ ဒီဇယ် အင်ဂျင်က အရွယ်နည်းနည်းသေးပေမယ့် စွမ်းဆောင်ရည် ပိုကောင်းတာတွေ့ ရပြီး မြင်းကောင်ရေ ၁၀၇ ကောင်အားထိအောင် အသုံးပြုမောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။ အမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်မှု
အပိုင်းမှာတော့ တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၈ စက္ကန့်ဝန်းကျင်ထိအောင်ပဲ ယူမှာဖြစ်လို့ အသေးစား အင်ဂျင်တပ် SUV တစ်စီးအတွက်တော့ မြန်တယ်လို့ ဆိုရမှာပါ။

သုံးသပ်ချက်
ဒီအပိုင်းမှာတော့ ကျွန်တော် က Duster အပေါ် ကျွန်တော် အပါအဝင် သုံးသပ်သူလေးဦးရဲ့ သုံးသပ်ချက်ကို ပြောချင်ပါတယ်။ Auto Express ကတော့ Renault အင်ဂျင်စနစ်နဲ့ ကိုယ်ထည် သေးသေးမော်ဒယ်
တစ်စီးကို ဈေးနည်းနည်းနဲ့ရနိုင်မယ်၊ လေးဘီးယက်စနစ်ကတော့ ရွေးချယ်မှုအမှန်ကန်ဆုံးဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ What Car? ကတော့ Supermini တွေနဲ့စာရင် အတွင်းခန်းပိုကျယ်တဲ့ မော်ဒယ်တစ်ခုဖြစ်
တယ်၊ ၁.၆ လီတာသုံး ဓာတ်ဆီစနစ်အင်ဂျင်က ပိုကောင်းမယ်ထင်တယ်လို့ ဆိုပါတယ်။ Telegraph ကတော့ စမ်းသပ်မောင်းနှင်မှုအပိုင်းမှာတော့ ကောင်းပါတယ်၊ လမ်းကြမ်းလည်း စီးနိုင်မယ်၊ Land Rover Free-lander ထက်စာရင် ဈေးလည်း နည်းတယ်ဆိုတော့ကောင်းပါတယ်လို့ ဆိုကြပါတယ်။ ကျွန်တော်ကတော့ အင်ဂျင်အပိုင်းမှာ ဓာတ်ဆီစနစ်သုံးအင်ဂျင်နဲ့ ရှေ့ဘီးယက်စနစ်ကို ပိုကြိုက်ပါတယ်။ ပြီးတော့ တန်ကြေး နည်းနည်းပဲ သုံးပြီး ဝယ်နိုင်မှာဖြစ်သလို လက်ရှိပြည်တွင်းလို အနေအထားမှာတော့ Toyota RAV-4 နဲ့ Honda CR-V တွေလောက် ငွေသုံးစရာမလိုတာကြောင့် နှစ်ခြိုက်မိတာအမှန်ပါ။