အာရှတွင် စိတ်ဝင်တစားစောင့်ကြည့်ရမည့် ဂိမ်း ၁၂ ခုအနက် မြန်မာမှရေးဆွဲသော ဂိမ်းတစ်ခုပါဝင်

Update News_5.jpg

၂၀၁၅ ခုနှစ်အတွက် စိတ်ဝင်တစားစောင့်ကြည့်ရမည့် ဂိမ်း ၁၂ ခုကို Tech in Asia မှ ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံမှ ရေးဆွဲထားသည့် Age of Bayintnaung ဟူသော ဂိမ်းတစ်ခု ပါဝင်လာကြောင်း သိရသည်။

အာရှအတွက် စိတ်ဝင်တစားစောင့်ကြည့်ရမည့် ဂိမ်းစာရင်း၌ မြန်မာမှထုတ်လုပ်သော ဂိမ်းအနေဖြင့် ပထမဦးဆုံး ပါဝင်လာခြင်းဖြစ်ပြီး အဆိုပါဂိမ်းကို Totalgameplay Studio မှ ထုတ်လုပ်ထားသည်ဟု သိရသည်။

“ဂိမ်းက တောင်ငူခေတ်ကို အခြေခံပြီး မှီငြမ်းရေးဆွဲထားတာပါ။ သမိုင်းအတိအကျရယ်တော့ မဟုတ်ဘူး။ သမိုင်းမှာပါတဲ့ စစ်သေနာပတိတွေ၊ ဘုရင်တွေကို ယူပြီးတော့ ဖန်တီးထားတာပါ။ တောင်ငူအင်ပါယာကို ပေါ်တူဂီတွေ လာတိုက်တာကို ခုခံရတဲ့ဂိမ်းပေါ့”ဟု Totalgameplay Studio မှ CTO ဖြစ်သူ ကိုမြင့်ကျော်သူက ပြောသည်။

ဂိမ်းကို Android ၊ PC ၊ Web အပါအဝင် iOS အနေဖြင့်ပါ ကစားနိုင်ရန် ထုတ်လုပ်သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်း၌ စတင်ဖြန့်ချိသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံအတွက် ဂိမ်းကို Playstore မှ ဖြန့်ချိသွားမည် ဖြစ်ပြီး နိုင်ငံတကာအတွက် ထုတ်လုပ်ဖြန့်ချိသူများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဟု သိရသည်။

ဂိမ်းကို အခမဲ့ရယူ ကစားနိုင်သော်လည်း ဂိမ်းကစားစဉ် လိုအပ်သည့် ပိုက်ဆံများအတွက် ငွေကြေးဖြင့် ပြန်လည်ရောင်းချသွားမည်ဟု ကိုမြင့်ကျော်သူက ပြောသည်။ အချိန်သုံးနှစ်ခန့်ကို အသုံးပြု၍ ရေးဆွဲထားသော အဆိုပါဂိမ်းကို မြန်မာမှုအနုပညာ ပုံရိပ်များအဖြစ် ဖန်တီးထားကြောင်း ၎င်းက ဆိုသည်။

စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ထုတ်လုပ်ထားသည့် ဂိမ်းများနှင့် တန်းတူ ၂၀၁၅ ခုနှစ်အတွက် စောင့်ကြည့်ရမည့် ဂိမ်းများစာရင်း၌ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ဂိမ်းတစ်ခုပါဝင် လာခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၁၆ ခုနှစ်အတွက်လည်း Rage of Rama အမည်ရှိ ဂိမ်းတစ်ခုကို မြန်မာနိုင်ငံမှ ဖြန့်ချိသွားရန်ရှိသည်ဟု သိရသည်။