ရုရှားဟက်ကာများ Kaspersky software အသုံးပြုကြောင်း ရှာဖွေတွေ့ရှိဟုဆို

အစ္စရေးအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးချက်အရ ရုရှားအစိုးရနဲ့ ချိတ်ဆက်ခဲ့တဲ့ ဟက်ကာတွေရဲ့ အနှစ်သက်ဆုံး tool တစ်ခုဟာ ကမ္ဘာတစ်ဝန်း လူသန်းပေါင်း ၄၀၀ ကျော် အသုံးပြုနေတဲ့ Kaspersky Lab ရဲ့ antivirus software ဖြစ်တာကို တွေ့ရှိခဲ့တယ်လို့ New York Times က ဖော်ပြလိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို စစ်ဆေးခဲ့တဲ့ အစ္စရေးအာဏာပိုင်တွေက ရုရှားဟက်ကာတွေဟာ အရေးကြီးအချက်အလက်တွေအတွက် Kaspersky software ကို Google search engine သဖွယ် အသုံးပြုခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် ထရမ့်အစိုးရက မော်စကိုအခြေစိုက် ဆိုက်ဘာလုံခြုံရေး ဆော့ဖ်ဝဲကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ကွန်ရက်တွေကနေ ဖယ်ရှားဖို့အတွက် ဖယ်ဒရယ်အေဂျင်စီတွေကို ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် အစ္စရေးထောက်လှမ်းရေးတွေဟာ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက ထွက်ပေါ်လာတယ်လို့ ယူဆရတဲ့ hacking tool တွေကို Kaspersky ကွန်ရက်တွေမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ စုံစမ်းစစ်ဆေးပြီးတဲ့နောက် အစ္စရေးက NSA ထံ အကြောင်းကြားခဲ့ပြီး အဲ့ဒီ tool တွေကို ရုရှားအစိုးရက ပိုင်ဆိုင်တာဖြစ်တယ်လို့ အေဂျင်စီက ဖွင့်ဟခဲ့ကြောင်း Washington Post က ဖော်ပြခဲ့ပါတယ်။

Kaspersky ကတော့ ဒီသတင်းဖော်ပြချက်တွေအပေါ် တုံ့ပြန်မှု မပြုလုပ်ထားပေမယ့် ရုရှားအစိုးရနဲ့ အချိတ်အဆက်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

“Kaspersky Lab အနေနဲ့ ရုရှားအပါအဝင် ဘယ်အစိုးရနဲ့မှ မသင့်လျော်တဲ့ ဆက်သွယ်မှုမျိုး မရှိပါဘူး။ သတင်းဖော်ပြချက်တွေကလည်း အမည်မဖော်ပြတဲ့ ရင်းမြစ်တွေရဲ့ ပြောကြားချက်တွေကိုပဲ ဖော်ပြထားတာပါ” လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

-နောင်နောင်
Ref: CNET