၇ ရက်သားသမီးတို့ရဲ့ အလှူ

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးစနစ်တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ မိုဘိုင်းဖုန်းတွေ သုံးလာကြတယ်။ အော်ပရေတာကလည်း MPT, Ooredoo, Telenor, Mytel ဆိုပြီး ၄ ခုတောင်ရှိ။ SIM Card တွေကလည်း မြန်မာငွေ ၁၅၀၀ ကျပ်လောက်ပဲဆိုတော့ သူသူကိုယ်ကိုယ် ဖုန်းတွေ ဝယ်ကိုင်ကြတော့တာပေါ့။ အော်ပရေတာတွေ၊ တစ်ဆင့်ခံ ရောင်းချသူတွေကလည်း SIM Card လာဝယ်တဲ့သူတွေကို ကိုယ်ရေးအချက်အလက် ယူတာတွေ၊ Registration တွေ လုပ်ခိုင်းမနေတော့ဘူး၊ အလွယ်တကူပဲ ရောင်းချပေးလိုက်တယ်။ ဆိုင်ရာက မှတ်ပုံတင်နဲ့ရောင်းရမယ် ဆိုတော့လည်းရှိတဲ့ မှတ်ပုံတင်တစ်ခုနဲ့ အလွယ်တကူ မှတ်ပုံတင်ပေးလိုက်တယ်။ ဒါကြောင့် ဆိုင်ရာက ပြန်လည်စိစစ်တဲ့အခါ မှတ်ပုံတင်အမှတ်တစ်ခုတည်းနဲ့ ရောင်းထားတဲ့ SIM Card တွေဟာ အရေအတွက် ရာနဲ့ချီပြီး ရှိတာကို စစ်ဆေးတွေ့ရှိရတယ်။

ပြည်သူတစ်ဦးချင်းကိုင်တဲ့ ဖုန်း SIM Card တွေကို သေသေချာချာ Registration လုပ်မထားတဲ့အခါ အလွယ်တကူ ဝယ်ယူလို့ရတဲ့ SIM Card တွေနဲ့ ပြစ်မှုကျူးလွန်တာတွေ၊ လိမ်လည်တာတွေ ဖြစ်လာတယ်။ ပြည်သူတွေနဲ့ နိုင်ငံတော်အတွက် လုံခြုံရေးကိုပါ ထိခိုက်လာနိုင်တဲ့ အန္တရာယ်တွေရှိလာတယ်။ နောက်တစ်ချက်က လူတစ်ဦးကို SIM Card တွေ အများကြီး လွတ်လွတ်လပ်လပ် အထိန်းအကွပ်မရှိ ဝယ်ယူသုံးစွဲခွင့်ပြုထားတာ မှန်ရဲ့လားလို့ စဉ်းစားစရာ ဖြစ်လာတယ်။ နိုင်ငံတကာကို ကြည့်တော့လည်း SIM Card အရေအတွက်ကို လုံးဝမကန့်သတ်တဲ့ နိုင်ငံတွေ ရှိသလို လူတစ်ဦးကို SIM Card ဘယ်နှစ်ခုပဲ ကိုင်ရမယ်၊ ဒါမှမဟုတ် လူတစ်ဦးကို အော်ပရေတာတစ်ခုဆီက SIM Card ဘယ်နှစ်ခုပဲ ဝယ်ရမယ်လို့ ကန့်သတ်ထားတဲ့ နိုင်ငံတွေရှိတယ်ဆိုတာ တွေ့ရတယ်။

ယေဘုယျအားဖြင့် လူတစ်ဦးမှာ ဖုန်းတစ်လုံး၊ SIM Card တစ်ခုဆို လုံလောက်တာပဲ။ စီးပွားရေးသမားတွေ၊ အလုပ်ကြီးအကိုင်ကြီး လုပ်သူတွေဆို လိုလှ နှစ်လုံး သုံးလုံးပေါ့။ ဒါ ဌာန်ကုန်ပဲ။ ဒီတော့ တစ်ယောက်ကို ဖုန်း SIM Card ၂ ကတ် ဒါမှမဟုတ် ၃ ကတ်ပဲ ကိုင်ရမယ်လို့ ကန့်သတ်မလား။ ဒီနေရာမှာ စဉ်းစားစရာရှိတာက SIM Card ကို ဖုန်းထဲမှာတင် မဟုတ်ဘဲ အင်တာနက်သုံးဖို့ iPad တွေ၊ Tablet တွေထဲမှာ ထည့်သုံးတာလည်း ရှိတယ်။ WiFi ထပ်ဆင့်လွှင့်လို့ရတဲ့စက် (Router) ထဲမှာ ထည့်သုံးကြတာတွေလည်း ရှိတယ်။ ဒါ့ကြောင့် ၂ ကတ်၊ ၃ ကတ်ထက် ပိုလိုတာတွေလည်း ရှိနိုင်တယ်။ တစ်ဖက်ကလည်း အော်ပရေတာတွေဘက်ကို ကြည့်ရမယ်။ သူတို့ကတော့ ဝယ်သူရှိသလောက် ရောင်းချင်မှာပဲ။ ဈေးကွက်ဝယ်လိုအား ရှိသလောက် ရောင်းချင်မှာပဲ။ ဒါက သူတို့ စီးပွားရေးလေ၊ သူတို့ကလည်း နိုင်ငံတော်ကို အခွန်ငွေဆောင်ပြီး တရားဝင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြသူတွေပဲ။ သူတို့ရဲ့ စီးပွားရေးအခွင့်အလမ်းကို အရမ်းကာရော ပိတ်ပင်တားဆီးရာ မကျအောင်လည်း ဆောင်ရွက်ဖို့ လိုသေးတယ်။

နောက်ဆုံးတော့ အကျေအလည် အပြန်အလှန် ညှိနိုင်းကြပြီး လူတစ်ဦးလျှင် အော်ပရေတာ တစ်ဦးဆီက SIM Card ၂ ခု အထိ ဝယ်ခွင့်ပြုကြောင်း၊ ထိုသို့ ဝယ်ယူရာမှာ SIM Card တစ်ခုချင်းစီအတွက် သေသေချာချာ Registration လုပ်ပြီးမှ ရောင်းချပေးဖို့ အော်ပရေတာတွေကို စည်းကမ်းထုတ်လိုက်တယ်။ အရင်က ကိုယ့်မှတ်ပုံတင် မဟုတ်ဘဲ ကိုင်နေတဲ့ SIM Card တွေနဲ့ အော်ပရေတာတစ်ခုကို ၂ ကတ်ထက် ပိုကိုင်နေတဲ့ SIM Card တွေကို ပိတ်သိမ်းမှာ ဖြစ်ကြောင်း ကြေညာလိုက်တယ်။ ဒါ့ကြောင့် ဒီကြေညာချက်အရ အော်ပရေတာတစ်ခုဆီက SIM Card ၂ ခုထက် ပိုဝယ်ထားမိတဲ့သူတွေအနေနဲ့ အမည်ပြောင်းပြီး မှတ်ပုံတင်တာလုပ်ဖို့၊ မိမိအမည်နဲ့ မဟုတ်ရင် မိမိအမည်နဲ့ ပြန်လည် မှတ်ပုံတင်ဖို့ ဆီလျော်မျှတတဲ့ အချိန်ကာလတစ်ခု သတ်မှတ်ပေးခဲ့တယ်။ မပျက်မကွက် မှတ်ပုံတင်ကြဖို့လည်း သတင်းမီဒီယာပေါင်းစုံကနေ မကြာခဏ သတိပေးခဲ့တယ်။ ဒီကာလအတွင်းမှာ ပြည်သူတွေဟာ ကိုယ်တိုင်သော်လည်းကောင်း၊ Online က တစ်ဆင့်သော်လည်းကောင်း သူတို့ သုံးနေတဲ့ SIM Card တွေကို ပြန်လည် မှတ်ပုံတင်ခဲ့ကြတယ်။ သတ်မှတ်ကာလ ပြည့်တဲ့အခါ စည်းကမ်းနဲ့ မကိုက်ညီတဲ့ SIM Card တွေအားလုံးကို ဖျက်သိမ်းခဲ့တယ်။ ဖျက်သိမ်းလိုက်တဲ့ SIM Card အရေအတွက်ဟာ ၃၄,၄၉၀,၀၀၀ ကျော် ရှိတာကို တွေ့ရပါတယ်။ လက်ရှိမှာ စနစ်တကျ မှတ်ပုံတင်ပြီး သုံးစွဲနေတဲ့ SIM Card အရေအတွက်ကတော့ ၇၈ သန်းကျော် ရှိပါတယ်။ တိုင်းပြည်လူဦးရေထက်တောင် များနေပါသေးတယ်။

ဖျက်သိမ်းလိုက်တဲ့ SIM Card ၃၄ သန်းကျော်ထဲမှာ ထည့်ထားတဲ့ ပိုက်ဆံတွေ ကျန်ခဲ့ပါတယ်။ တချို့လည်း ၅၀၊ ၁၀၀ တချို့လည်း ၁၀၀၀၊ ၂၀၀၀ ကျန်သွားနိုင်တာပေါ့၊ တချို့လည်း SIM Card ကို တစ်ခါ နှစ်ခါ သုံးပြီး ပစ်ထားလိုက်တော့ ကတ်ထဲမှာ ဘယ်လောက် ကျန်ဦးမယ်ဆိုတာ ကာယံကရှင်ကိုယ်တိုင်ကတောင် မှတ်မိချင်မှ မှတ်မိပါတော့မယ်။ ဒါပေမဲ့ အဆင့်မြင့်လာတဲ့ နည်းပညာတွေကြောင့် အော်ပရေတာတွေဆီမှာတော့ SIM Card တစ်ခုချင်းစီမှာ ငွေဘယ်လောက်ကျန်ခဲ့တယ် ဆိုတာ စာရင်းဇယားနဲ့ ရှိနေပါတယ်။ ဒါ့ကြောင့် ဖျက်သိမ်းလိုက်တဲ့ SIM Card ၃၄ သန်းကျော်ထဲမှာ ကျန်ရှိခဲ့တဲ့ ငွေပေါင်းက မြန်မာငွေကျပ် သန်းပေါင်း ၁၇၂၂ သန်းကျော်၊ အတိအကျဆိုရရင် ၁,၇၇၂,၇၅၅,၅၁၂ ကျပ် ဖြစ်ကြောင်း သိရပါတယ်။ ၁.၇ ဘီလျံပါ။ နည်းတဲ့ငွေတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ပျမ်းမျှတွက်ကြည့်ရင် SIM Card တစ်ကတ်ကို မြန်မာငွေ ၅၀ ကျပ်လောက်ပဲ ကျန်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီ ၅၀ ကျပ်ရဲ့ ပိုင်ရှင်ဟာ မည်သူမည်ဝါဆိုတာ မသိနိုင်ပေမယ့် ဒီပိုင်ရှင် အမည်မသိတွေရဲ့ ပိုင်ဆိုင်တဲ့ငွေတွေကို စုပေါင်းလိုက်တဲ့အခါ အဲသလောက်ကို များပြားတဲ့ ပမာဏ ဖြစ်လာတာပါ။ ပိုင်ရှင်အမည်မသိလို့ ဆိုပေမယ့် ဒီငွေတွေရဲ့ပိုင်ရှင်တွေဟာ မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူတွေ၊ လူမျိုးစုံ ဘာသာစုံ အရွယ်စုံဖြစ်နိုင်ပါတယ်။ နိုင်ငံခြားသားတွေလည်း ပါနိုင်ပါတယ်။ ဒီငွေတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်ကတော့ အရမ်းကို ရိုးရှင်းပါတယ်။ ဒီတိုင်းပြည်၊ ဒီ ပြည်သူတွေနဲ့ ဒီအစိုးရ လတ်တလောရင်ဆိုင်နေရတဲ့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တိုက်ဖျက်ရေးမှာ ကာလဒါနအဖြစ် ပါဝင်လှူဒါန်းလိုက်ဖို့ ဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံ ဦးဆောင်တဲ့ ဗဟိုကော်မတီကို တင်ပြတဲ့အခါ ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဥစ္စာဓန၊ အရင်းအမြစ်တွေ နည်းပါးလှတဲ့ မြန်မာနိုင်ငံလို နိုင်ငံသေးကလေးက အခြားနိုင်ငံများနည်းတူ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကို ကြံ့ကြံ့ခံ တွန်းလှန်တိုက်ခိုက်နေရတာဟာ လွယ်လှတာတော့ မဟုတ်ပါဘူး။ ကိုဗစ် ပထမလှိုင်းမှာ ကြံ့ကြ့ခံနိုင်ခဲ့ပေမယ့် ဒုတိယလှိုင်းအကြော့မှာ ကူးစက်နှုန်း၊ သေဆုံးနှုန်းတွေ မြင့်တက်လာနေပြီး မနေ့ကအထိ အတည်ပြုလူနာ ၃၇,၀၀၀ ကျော်၊ သေဆုံးသူ ၉၀၀ ကျော် ရှိနေပါပြီ။ ရောဂါပျောက်ကင်းပြီး ဆေးရုံက ဆင်းသွားသူက ၁၇,၀၀၀ ကျော်ဆိုတော့ လက်ရှိ ပြုစုကုသပေးနေရသူ အရေအတွက် က ၂၀,၀၀၀ ကျော်လောက်ရှိနေတဲ့ သဘော ပါ။ သူတို့အတွက် ဆေးရုံ၊ ကုသရေးဌာနတွေ၊ ဆေးဝါးပစ္စည်းတွေ၊ အစားအသောက်တွေ လိုပါတယ်။ သူတို့ကို ပြုစုကုသပေးနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ ပရဟိတသမားတွေ အတွက် လိုအပ်တာတွေ ထောက်ပံ့ကူညီဖို့ ငွေလိုပါတယ်။ နိုင်ငံတော်ကလည်း ဘတ်ဂျက်ကနေ သုံး၊ နိုင်ငံတကာအကူအညီတွေ လက်ခံ သုံး၊ ပုဂ္ဂလိကအလှူရှင်တွေကလည်း ဝိုင်းကြဝန်းကြ၊ လှူကြကူကြ လုပ်နေကြပေမယ့် လိုအပ်ချက်တွေကတော့ ရှိနေသေးတာပါပဲ။

ဒီလို အခြေအနေမျိုးမှာ အများပြည်သူနဲ့ဆိုင်တဲ့ ငွေတွေကို အဟောသိကံ မဖြစ်စေဘဲ တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့နေရာမှာ အချိန်ကိုက် လှူဒါန်းနိုင်ခြင်းဟာ မင်္ဂလာပါပဲ။ လူသာဓုခေါ် နတ်သာဓုခေါ် ဖြစ်စေတဲ့ အလှူပါပဲ။ ဒါ့ကြောင့် အလွန် ရိုးရှင်းလှတဲ့ ဒီ ၇ ရက်သားသမီးတွေရဲ့ အလှူရဲ့ အာနုဘော်တော်ကြောင့် မြန်မာ ပြည်သူတွေ တွေ့ကြုံရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးကို အမြန် ထိန်းချုပ်နိုင်ပါစေ၊ လျော့ကျအောင်ဆောင်ရွက်နိုင်ပါစေ၊ နောက်ဆုံး အမြစ်ပြတ်အောင် တိုက်ထုတ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရကြောင်းပါ ခင်ဗျား။

-ကိုနေမျိုး

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««